သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ကုလဆက်စောင့်ကြည့်ဖို့ လှုပ်ရှားသူတွေ တိုက်တွန်း


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏနဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၃၁ ရက် ၂၀၁၅ ခုနှစ်က ကုလအရာရှိတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo: Global Justice Center)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏနဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၃၁ ရက် ၂၀၁၅ ခုနှစ်က ကုလအရာရှိတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးနေစဉ်။ (Photo: Global Justice Center)

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေကို ဆက်ပြီးချမှတ်ဖို့နဲ့ မြန်မာအစိုးရကို ဖိအားပေးဖို့ ကုလသမဂ္ဂကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ က တိုက်တွန်းလိုက်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲရာမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏနဲ့ လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်သိန်းတို့ဟာ နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၃၁ ရက်နေ့က ကုလအရာရှိတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းလဲတိုးတက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုထားတယ်ဆိုပေမဲ့ လက်တွေ့မှာ မြန်မာပြည်သူတွေဟာ အာဏာပိုင်တွေရဲ့ဖိနှိပ်မှုကို ခံနေရဆဲဖြစ်တယ်ဆိုတာတွေကို မနေ့က ကုလသမဂ္ဂဌာနချုပ်ကို ရောက်ရှိလာတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက တင်ပြခဲ့ကြပါတယ်။

အထူးသဖြင့် လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ဖို့ ကုလသမဂ္ဂရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေဟာ ဆက်ပြီး ထားရှိဖို့ လိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး နမ်ဗီးယား အပါအဝင် နိုင်ငံတကာသံတမန်တွေနဲ့ တွေ့ဆုံခဲ့တဲ့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်သိန်း က အခုလို ပြောပါတယ်။

“အဲဒီ UN Resolution တွေကတော့ ကျနော်တို့နိုင်ငံအတွက်တော့ မရပ်သင့်သေးဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်စဉ်တွေက ဆက်လက်ပြီးတော့ ဖြစ်နေဆဲပဲဆိုတာ နောက်ဆုံးအဆင့် ဒီရက်ပိုင်းလောက်က ဖြစ်သွားတဲ့ ကျနော်တို့ ဒီပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားတွေက ဆန္ဒထုတ်ဖော်တဲ့ကိစ္စတွေကို ဒီလို ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ ရဲတပ်ဖွဲ့ကနေပြီးတော့ အဖမ်းခံပါမယ်ဆိုတဲ့ ကျောင်းသားတွေကိုတောင် ရိုက်နှက်ဖမ်းဆီးပြီးတော့ တရားစွဲဆိုတဲ့ အဆင့်မျိုးတွေ သူတို့လုပ်နေတယ်။ အဲတော့ သူတို့က ဒီလိုအကြမ်းဖက်တဲ့လုပ်ရပ်ကို ဒီနေ့အထိ သူတို့စွဲကိုင်ပြီးတော့ ဆောင်ရွက်နေဆဲဆိုတာ ပေါ်ပေါက်နေတဲ့အတွက် UN ရဲ့ Resolution တွေဟာ မရပ်ဆိုင်းသင့်တဲ့ အနေအထားပါပဲ။”

မေး။ ။ အဲတော့ ရှေ့နေကြီး ဦးအောင်သိန်းတို့ဘက်ကရော ကုလသမဂ္ဂကို အဓိက ဘာတွေတင်ပြခဲ့သလဲရှင့်။

ဖြေ။ ။ “ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ တခုပါတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီ Rule of Law ဆိုတာ ချို့တဲ့နေတယ်ဆိုတဲ့ ကိစ္စတွေပါတယ်။ နောက်တခုက ကျနော်တို့အခု လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်မှာ ရဟန်းသံဃာတွေကို phosphorus ပါတဲ့ မီးလောင်ဗုံးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ကိစ္စ၊ လွန်ခဲ့တဲ့ ဒီဇင်ဘာလောက်က ဒေါ်ခင်ဝင်း ဦးခေါင်းကို သေနတ်ပစ်ခံရပြီး သေဆုံးတဲ့ကိစ္စပေါ့နော် အဲ့ဒါတွေ ကျနော်တို့ တိုင်ချက်ဖွင့်တယ်။ တိုင်ချက်ဖွင့်တဲ့အခါမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို အဓိကထား ပြည်ထဲရေးဝန်ကြီးတို့၊ ရဲချုပ်တို့၊ နယ်စပ်ရေးရာဝန်ကြီးတို့၊ နောက် ခရိုင်ရဲမှူးတို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ စသည်ဖြင့်ပေါ့လေ အဲ့ဒီလို ဝမ်ဘောင်နဲ့ ဦးပိုင် ပူးပေါင်းပြီး ဆောင်ရွက်တဲ့ကိစ္စတွေ ပတ်သက်ပြီး အဲ့ဒီထဲကနေ ဖြစ်ပေါ်လာတဲ့ ဂယက်တွေကို ကျနော်တို့ အဓိကထားပြီးတော့ ဆွေးနွေးတယ်။”

ခန္ဒာကိုယ် ၆၀ % လောက် မီးလောင်ဒဏ်ရာရခဲ့တဲ့ ဆရာတော် ဦးတိက္ခဉာဏကလည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲနှိမ်နင်းခဲ့ပုံ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ကုလသမဂ္ဂမှာ မိန့်ကြားခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ရှိ မြန်မာအစိုးရကို ဖိအားပေးဖို့ လိုတယ်လို့ မိန့်ကြားပါတယ်။

“တို့ဗမာပြည်ရဲ့ လက်ရှိအခြေအနေကို သိသွားကြတာပေါ့နော်။ သူတို့ကတော့ ဗမာပြည်ထဲမှာ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေ ရှိနေတယ်လို့ ထင်နေကြတာကိုး။ ဦးဇင်းတို့ကတော့ မရှိဘူးဆိုတာကို ပြတာပေါ့နော်။ အရင်တုန်းကအတိုင်းပဲ။ အရင်တုန်းကထက်တောင် တချို့နေရာတွေမှာ ဆိုးသေးတယ်။ နိုင်ငံတကာ ဖိအားတွေကတော့ လိုတုန်းပဲ။ မြန်မာပြည်က ထင်ရာစိုင်း လုပ်နေကြတုန်းပဲ ရှိသေးတယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူလူထုအပေါ်မှာ ညှဉ်းပန်းနှိပ်စက်တာတွေ၊ ပြုမူဆက်ဆံတာတွေ အဲ့ဒါတွေက ပရမ်းပတာ ဖြစ်နေတုန်းပဲ။ ပြည်ပနိုင်ငံတွေကနေ တတ်နိုင်သမျှ အနည်းနဲ့အများတော့ ဖိအားတော့ ပေးစေချင်သေးတာပေါ့နော်။ ဦးဇင်းတို့အမြင်မှာ အဲ့လိုပါ။”

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကမ္ဘာ့အသိုင်းအဝိုင်းအတွက် ပြဿနာ ဘာကြောင့် ဖြစ်လာတယ်ဆိုတာကို ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာ့အရေးဆွေးနွေးပွဲကို ဦးစီးကျင်းပတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Global Justice Center ရဲ့ ဥက္ကဌ Janet Benshoof က ဗွီအိုအေကို အခုလို ပြောပါတယ်။

“Global Justice Center က မြန်မာပြည်ထဲနဲ့ ပြည်ပမှာရှိနေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။ ကျမတို့ အဓိကထားတဲ့ အချက်တွေဟာ နိုင်ငံတကာဥပဒေတွေ မြန်မာနိုင်ငံမှာ ဘယ်လိုအသုံးချနေလဲ၊ စစ်တပ်နဲ့ မြန်မာအစိုးရက ဒီဥပဒေမှာ ဘယ်အချက်တွေကို ချိုးဖောက်နေသလဲ၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တော်တော်များများဟာ တရားမျှတမှု မရှိတဲ့အပြင်၊ ကုလသမဂ္ဂ ပြဌာန်းချက်တွေနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်နေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံ အချုပ်အချာအာဏာ ကိစ္စသက်သက် မဟုတ်တော့ဘဲ ကမ္ဘာ့အဖွဲ့အစည်း အဝိုင်းအဝိုင်း ပြဿနာဖြစ်လာတာပါ။”

ကုလသမဂ္ဂမှာကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို Global Justice Center နဲ့အတူ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ Justice Trust အဖွဲ့တို့က စီစဉ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG