သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုတိုက်ဖျက်ရေးအကြံပြုချက်များ မြန်မာဆောင်ရွက်နေ


ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအပေါ် သုံးသပ်ထားတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ Tier-2 Watch အဆင့် ၂ စောင့်ကြည့်စာရင်းထဲမှာ ၅ နှစ်ဆက်တိုက် ထပ်မံ သတ်မှတ် ဖော်ပြခံရပါတယ်။

အစီရင်ခံစာ သုံးသပ်မှုအရ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ဟာ သိသိသာသာ တိုးတက်မှု ရှိမလာဘူးဆိုတဲ့သဘော ဖြစ်နေတဲ့အပေါ် အစီရင်ခံစာပါ အချက်အလက်တချို့ဟာ မမှန်ကန်ဘူးလို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မြန်မာတာဝန်ရှိသူတို့က တုံ့ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို Tier 2 Watch အဆင့် ၂ စောင့်ကြည့်စာရင်းထဲမှာ ထားပြီး နိုင်ငံဖြတ်ကျော် ဖြစ်ပွားတဲ့ လူမှောင်ခိုမှုတွေကို မြန်မာအာဏာပိုင်တွေ နှိမ်နင်းဖို့ ကြိုးစားခဲ့ပေမဲ့ သိသိသာသာ တိုးတက်မှုမရှိဘူးလို့ ရေးသားထားပါတယ်။

Tier 2 Watch အဆင့် ၂ စောင့်ကြည့်စာရင်းမှာ ၄ နှစ် ဆက်တိုက်ရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အပေါ် အစီရင်ခံစာက အသိမှတ်ပြုတဲ့သဘောတွေ တွေ့တဲ့အတွက် ဒီအစီရင်ခံစာဟာ သင့်တင်မျှမှုတွေ ရှိတယ်လို့ မြန်မာဘက်က ယူဆတာပါ။ ဒါပေမဲ့လည်း အစီရင်ခံစာမှာ မမှန်ကန်တဲ့ အချက်အလက်တချို့လည်း ပါဝင်တာတွေ့ရတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်း က အခုလို ပြောပါတယ်။

“သင့်တင့်မျှတတယ်လို့ ပြောနိုင်လောက်တဲ့ အဖြစ်တခုတော့ရှိတယ်။ ဒါပေမဲ့ တချို့သတင်းအချက်အလက်တွေကတော့ တခြား source တွေကနေ ယူထားတဲ့အတွက် မမှန်မကန် ဖြစ်စဉ်တွေလည်း သူတို့ ထည့်သွင်းရေးထားတာတွေ သွားတွေ့ရပါတယ်။ သူတို့က ကျနော်တို့ အစိုးရဘက်က သတင်းတွေကိုလည်း ယူတယ်။ တခြား source တွေ အမျိုးမျိုးဆီကနေ ယူတဲ့ဟာတွေ ရှိတယ်။ အဲဒီမှာ ကျနော်တို့ လက်မခံနိုင်တဲ့ အချက်အလက်တွေလည်း ပါတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကျနော်တို့ ဒီဘက်က လုပ်ဆောင်နေတဲ့ ဟာတွေကိုလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ထည့်သွင်းပြီးတော့ ရေးထားတာတွေလည်း တွေ့ရတယ်။ တချို့ကို ပြန်ကြည့်မယ်ဆိုရင်တော့ recommendation ပေးတဲ့ ၁၃ ချက်ထဲမှာ ပြန်ကြည့်ရင် ဒါတွေဟာ ကျနော်တို့ plan တွေနဲ့ ရေးဆွဲပြီးတော့ ရေတိုရေရှည် နှစ်တိုနှစ်ရှည် စီမံကိန်းတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကိုပဲ သူတို့ကတော့ အကြံပေးတဲ့အနေနဲ့ ရေးထားတဲ့ အနေအထားပဲဖြစ်ပါတယ်။ သူတို့အနေနဲ့လည်း ကျနော်တို့ ဒီဘက်က လုပ်ဆောင်တဲ့အပေါ်မှာ သိသိသာသာ တိုးတက်မှုကို ၂၀၁၂ ခုနှစ်ကစပြီးတော့ ဆောင်ရွက်ချက်တွေအပေါ်မှာ ဒါ အသိအမှတ်ပြုတဲ့အနေနဲ့ Tier 2 Watch အဆင့်ကို ပေးတယ်လို့ပဲ ကျနော်တို့ကတော့ မြင်ပါတယ်။”

လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အဆင့် ၄ ဆင့်ရှိရာမှာ Tier 2 Watch ဟာ Tier 3 အဆိုးဆုံးပြီးရင် ဒုတိယအနေနဲ့ ရှိတာပါ။ ဒီအစီရင်ခံစာအရဆိုရင် မြန်မာနဲ့ဆက်နွယ်ပြီး ရွှေ့ပြောင်းအလုပ်သမား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနဲ့ မလေးရှားတို့ကတော့ Tier 3 လို့ခေါ်တဲ့ အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရာကနေ မလေးရှားနိုင်ငံကတော့ ဒီနှစ်မှာ အဆင့်တိုးတက်မှု ရှိတယ်ဆိုပြီး Tire 2 Watch အဆင့် ၂ စောင့်ကြည့်စာရင်းမှာ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း မြန်မာနဲ့နီးတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ အဆိုးဆုံးအဆင့်ဖြစ်တဲ့ Tier 3 အဆင့်ကို ဆက်လက်ပြီး သတ်မှတ်ခံရတဲ့အတွက်လည်း သူတို့ရဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို အမေရိကန်အစိုးရက မျက်ကွယ်ပြုတယ်ဆိုပြီး ပြန်လည် တုံ့ပြန် ဝေဖန်မှုတွေလည်း ရှိနေတာပါ။

အစီရင်ခံစာအရဆိုရင် မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ အပါအဝင် အာရှနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ အဓမ္မ အလုပ်စေခိုင်းခံရသူတွေ၊ လိင်လုပ်ငန်းတွေထဲ ရောင်းစားခံရသူတွေထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်နေတယ်လို့ ရေးသားထားပါတယ်။ အထူးသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား သန်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံတွင်းမှာ မြန်မာတွေ လူကုန်ကူးခံရမှုတွေက နေ့စဉ်လိုလို ဖြစ်နေတာပါ။ ဒါဟာ အိမ်နီးနားချင်း နိုင်ငံတွေကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အလုပ်အကိုင် ရှာဖွေမှုတွေလုပ်ရင်း လူကုန်ကူးမှုတွေ ဖြစ်လာရတာလို့ ထိုင်းအစိုးရဘက်က အရင်တုန်းက ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံတွင်းမှာ ပြီးခဲ့တဲ့မေလကစပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလို့ ယူဆရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိပြီးတဲ့နောက်မှာတော့ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့ပါတယ်။ ဒီအတွက် လူကုန်ကူးသူတွေဟာ ထိုင်းနိုင်ငံကနေဖြတ်ပြီး မလေးရှားနဲ့ တခြားအာရှနိုင်ငံတွေဆီကို သွားမယ့် လှေစီးပြေးဒုက္ခတွေကို ပင်လယ်ထဲမှာ ဒီအတိုင်းပဲ ထားခဲ့တာကြောင့် လူကုန်ကူးမှုနဲ့ ဆက်နွယ်တဲ့လှေစီးပြေးတွေရဲ့ ကိစ္စဟာ အရှေ့တောင်အာရှဒေသတွင်းက နိုင်ငံတွေကြား ဂယက်ရိုက်ခတ်မှု ဖြစ်ခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လူကုန်ကူးမှုတွေကို အမြစ်ပြတ်အောင် လုပ်ဆောင်သွားမယ်ဆိုပြီး မနေ့ကပဲ ထိုင်းဝန်းကြီးချုပ်က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို မဲခေါင်မြစ်ဝှမ်းဒေသတွင်းက ၆ နိုင်ငံ ပူးပေါင်းလုပ်ဆောင်ရာမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးကိစ္စတွေကို MOU လို့ခေါ်တဲ့ နားလည်မှု စာချွန်လွှာတွေထိုးပြီး ဆောင်ရွက်တာ နယ်စပ်တွေလည်း နယ်စပ်ဖြတ်ကျော် မှုခင်းတွေနဲ့ ပတ်သက်လို့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ ဆက်စပ် ပူးပေါင်း ဆောင်ရွက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဆီယံဒေသတွင်း လူကုန်ကူးမှု တားဆီးရေးတပ်ဖွဲ့တွေ စုပေါင်းပြီး ဆွေးနွေးပွဲတွေ သတင်းဖလှယ်တာတွေ ကိုယ်စားလှယ်တွေထားပြီး လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်းကြီးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာကနေ တိုက်တွန်းချက်တွေဟာ မြန်မာနိုင်ငံက လက်ရှိ လုပ်ဆောင်နေတဲ့ အချက်အလက်တွေနဲ့ အတူတူ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘက်ကတော့ ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG