သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံရုံးဗုံးခွဲဖို့ကြံစည်သူ ၂ ဦး အင်ဒိုနီးရှားရဲကဖမ်း


အင်ဒိုနီးရှား ရဲဝန်ထမ်းများ မြန်မာသံရုံး လုံခြုံရေး စောင့်ကြပ်နေပုံ။
အင်ဒိုနီးရှား ရဲဝန်ထမ်းများ မြန်မာသံရုံး လုံခြုံရေး စောင့်ကြပ်နေပုံ။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြန်မာသံရုံးကို မေလတုန်းက ဗုံးခွဲရန်ကြံစည်မှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိသူ ၂ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း တနင်္ဂနွေနေ့ထုတ် Jakarta Globe သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

Yogyakarta မြို့လယ် Garuda Inn ဟိုတယ် ကားတွေရပ်နားတဲ့ကွင်းမှာ အီပူး ခေါ် မူဟာမက် စာအိဖူလ် စာဘာနီဝှို ကို သောကြာနေ့က ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အီပူးလ်ဟာ ကိုရမ်ကျမ်းစာ ရွတ်တဲ့အဖွဲ့ရဲ့ဘဏ္ဍာရေးမှူးဖြစ်ပြီး ဂျားဗားအနောက်ပိုင်း Mount Salak မှာလည်း စစ်သင်တန်း တက်ဖူးသူဖြစ်တယ် လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူ့ရဲ့ အပေါင်းအပါ ရိုဟာဒီ ဆိုသူကိုလည်း ဖမ်းဆီးထားပြီး အင်ဒိုနီးရှားနိုင်ငံတွင်း ဗုဒ္ဓဘာသာတွေနဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ မေလတုန်းက ကြံစည်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အီပူးလ်ရဲ့ နောက်ထပ်အပေါင်းအပါဖြစ်သူ ဘာယု ဒွီ အာဒီယန်တို ဆိုသူကိုလည်း လူသိပ်မသိတဲ့ အကြမ်းဖက် ကွန်ယက်တွေနဲ့ ဆက်နွယ်နေ တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာပြည်မှာ မူဆလင် ရိုဟင်ဂျာတွေကို အကြမ်းဖက် ဖိနှိပ်နေတယ်လို့ စွပ်စွဲပြီး လက်စားချေတဲ့အနေနဲ့ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဗုံးခွဲဖို့ ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။
XS
SM
MD
LG