သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီး အစိတ်စိတ် အမွှာမွှာကွဲ


x
x
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တွေ့ရှိထားတဲ့ တန်ချိန် ၃၇ တန် ရှိတယ်လို့ သတင်းဖြစ်ပေါ်နေတဲ့ ကျောက်စိမ်းတုံးကြီးကို သယ်ယူဖို့ မလိုက်တဲ့အချိန်မှာ ကွဲအက်သွားပြီး တန်ဖိုးမရှိတဲ့ ကျောက်တုံးကြီးဖြစ်နေကြောင်း တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

လောလောဆယ်မှာတော့ ကွဲအက်သွားတဲ့ ကျောက်တုံးအပိုင်းအစတွေကို လုံးခင်းမြို့က ကျောက်စိမ်းရုံးမှာ ပြသထားတယ်လို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း သတင်းကြီးနေတဲ့ ကျောက်စိမ်းတုံးကြီးကို ဒီလ ၉ ရက်နေ့က မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝေခါရွာအနီးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စတင်တွေ့ရှိခဲ့ချိန်မှာ ၁၅ တန်လောက်ရှိမယ်လို့ ခန့်မှန်းခဲ့ပြီး နယ်မြေခံစစ်တပ်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းရုံးနဲ့ ရဲက လုံခြုံရေးတာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။

တနင်္လာနေ့က တူးဖော်ချိန်မှာ တန် ၃၇ တန်ရှိပြီး တန်ဖိုးမရှိတဲ့ ကျောက်သာဖြစ်တယ်လို့ တူးဖော်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကော်မတီအဖွဲ့ဝင် တဦးက ပြောပါတယ်။

“ကျောက်စိမ်းမဟုတ်တော့ဘူး။ ကျောက်စိမ်းမဟုတ်တော့ဘူး ဒီဟာက။ သွားကြည့်ပြီးပြီ။ အဲ့ဒါကို မ တင်ဖို့ လုပ်လိုက်တဲ့အခါကျတော့ ထက်ခြမ်း ၇ ခြမ်း ကွဲသွားတယ်။ နောက်ပိုင်းမှာ ပြန် ပြန် မ တင်တော့ ထက်ခြမ်း အများကြီး ကွဲသွားတာ။ ကျောက်အမျိုးကိုက မဟုတ်တာ။ ကျောက် အဲ့ဒီမှာ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ရေးမှာ ထည့်ထားတယ်လေ အဲ့ဒါကြောင့်။ ဆရာကိုယ်တိုင်ပါတယ်။”

အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတဲ့ ကျောက်တုံးကြီးကိုတော့ လုံးခင်းကျောက်စိမ်းရုံးကို သယ်ယူသွားတယ်လို့ ပြောပါတယ်။

“သယ်သွားတယ်ဆိုတဲ့ဟာက ဟိုဟာပေါ့ အရမ်း နာမည်ကြီးသွားပြီပေါ့။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ အရေကျောက် ဆိုတာတွေပေါ့ အဲ့ဒါတွေ ဘာမှမဟုတ်ဘူး။ အဲ့ဒါကြောင့် အခု ကျောက်စိမ်းရုံးမှာ တည် ထားတယ်ပေါ့။ ဘယ်သူကြည့်ချင်လည်း သိရအောင်ပေါ့။ လုံးခင်းကျောက်စိမ်းရုံးမှာ တည်ထားတယ်ပေါ့။”

ဒီသတင်းနဲ့ပတ်သက်ပြီး ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ရဲတပ်ဖွဲ့ရုံးက သူတို့ မသိရှိကြောင်း ပြောဆိုခဲ့သလို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတော့ တာဝန်ရှိသူတွေ ခရီးလွန်နေကြောင်းသာ ဖြေကြားခဲ့ပါတယ်။

ဒီကျောက်ကြီးကို တွေ့ရှိပြီးနောက်မှာတော့ ဖားကန့်ဒေသမှာ တပိုင်တနိုင်တူးဖော်တာတွေ၊ ရေမဆေးကျောက် ရှာတာတွေကို အာဏာပိုင်တွေက ပိတ်ပင်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ဒီလို ပိတ်ပင်တာတွေ မရှိဘူးလို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ဒီလို နားလည်မှုနဲ့ လုပ်ကိုင်စားသောက်နေတာတော့ ပုံမှန် အနေအထား ရှိပါတယ်။ အားလုံးကတော့ အခု ဒီရက်ပိုင်းမှာ စစ်တပ်အပြောင်းအလဲရှိတယ်။ စစ်တပ် အပြောင်းအလဲဆိုတဲ့ အချိန်မှာ ဖားကန့်မှာ နဂိုက ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ထိုင်တယ်။ အခုက ပီ အခြေစိုက် တပ်မ ၆၆ ကနေမှ ဒီဘက် တပ်မ ၁၀၁ နဲ့ ဒီရက်ပိုင်း အတောအတွင်းမှာ သူတို့ ချိန်းကြတယ်။ အခုအခြေအနေမှာကတော့ ဒီ တပ်ပိုင်းဆိုင်ရာ အနေအထားကလည်း ပုံမှန်အနေအထား သူတို့ အရွှေ့အပြောင်းလောက်ပဲ ရှိပြီးသားပေါ့နော်။ ပြည်သူတွေကလည်း တပိုင်တနိုင် နားလည်မှုနဲ့ သူတို့ လုပ်ကိုင်စားသောက်နေတဲ့ အနေအထားကတော့ လုပ်ကိုင်ခွင့်ကတော့ ရှိပါတယ်။”

ဖားကန့်ဒေသအတွင်းမှာ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းကုမ္ပဏီတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်တည်းက စတင်ပြီး လုပ်ကိုင်ခွင့်တွေ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ၃၇ တန်ရှိ ကျောက်ကြီးကိုတော့ တပိုင်တနိုင် တူးဖော်သူတွေက စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်ဒေသဟာ မြန်မာနိုင်ငံမှာ ကျောက်စိမ်းအများဆုံး ထွက်ရှိရာဒေသဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်အတွင်းကလည်း မြန်မာပြည်မှာ တန်ချိန် ၃၀၀၀ ရှိ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို တူးဖော်ရရှိခဲ့ဖူးသလို ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ တန်ချိန် ၁၁၅ တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို တူးဖော်ရခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းက မြန်မာနိုင်ငံရဲ့
ကျောက်စိမ်းတင်ပို့မှုဟာ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ကျော်တင်ပို့ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့ ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာလအတွင်းမှာတော့ အမေရိကန်ဒေါ်လာ သန်း ၁၂၇၈ သန်းဖိုး တင်ပို့ထားကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာပြည်ထွက် ကျောက်စိမ်းတွေကို တရားမဝင် နယ်စပ်ဖြတ်ကျော် ရောင်းချတာတွေ ရှိနေတာကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေ အများအပြားဆုံးရှုံးကြောင်း ဝေဖန်သုံးသပ်တာတွေလည်း ရှိနေပါတယ်။
XS
SM
MD
LG