သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေဂျင်းရတနာပြပွဲက မြန်မာ့ကျောက်မျက်


စီးပွားရေးအားကောင်းလာနေတဲ့ တရုတ်နိုင်ငံမှာ တတ်နိုင်သူတွေက ရင်းနှီးမြှုပ်နှံမှုအဖြစ် အဖိုးတန် ကျောက်မျက်တွေကို စုဆောင်းလာနေကြပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံက ကုန်သည်တွေပါ လာရောက် ပြသခဲ့ကြ တဲ့ ဘေဂျင်းမြို့တော်က ကျောက်မျက်ရတနာ ပြပွဲမှာ တရုတ်နိုင်ငံသားတွေ နဲ့ ပြည့်နှက်နေခဲ့တာပါ။ မြန်မာနိုင်ငံက ကျောက်မျက်တွေရဲ့ အဓိက ဈေးကွက် တခုဖြစ်တဲ့ တရုတ်နိုင်ငံက ကျောက်အရောင်းအဝယ် လုပ်ငန်းအကြောင်း ကိုတော့ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

ဈေးကြီးတဲ့ ကျောက်မျက်တွေကို တရုတ်နိုင်ငံသား အများစု အရင်တုန်းက လက်လှမ်းမမှီခဲ့ကြပေမဲ့ အခုအခါ ဝင်ငွေ မြင့်လာတာနဲ့ အမျှ တန်ဘိုးရှိတဲ့ ရတနာတွေကို စုဆောင်းဖို့ စိတ်ဝင်စားနေကြပါတယ်။ အရင်လို အိမ်တို့ ကားတို့လို ပစ္စည်းမျိုးထက် ရေရှည် အရင်းအနှီးအဖြစ်နဲ့လည်း ဝယ်လာကြတာ လို့ Sino Gem ကုမ္ပဏီက ကျောက်မျက်ဒီဇိုင်းသမား Wang Peng ကပြောပါတယ်။

“အခုအခါမှာ တရုတ်နိုင်ငံသားတွေဟာ ပုံစံအမျိုးမျိုးနဲ့ ချမ်းသာလာကြပါပြီ။ အရင်ကတော့ အိမ်တွေ၊ ကားတွေလောက်ပဲ အာရုံစိုက်နေကြပြီး ဈေးကြီးတဲ့ ရတနာတွေကို တခါတရံလောက်သာ စိတ်ဝင်စားကြပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ခေတ်မှာတော့ ကျောက်မျက်ရတနာတွေကို လူတွေ ပိုအာရုံစိုက်လာပြီး ယဉ်ကျေးမှုအရ တန်ဘိုးမြင့်လာမယ့် အလားအလာတွေကိုလည်း သဘောပေါက်လာကြပါတယ်။ ဒါကြောင့်လည်း တခြားပစ္စည်းတွေထက် ရတနာတွေကို အဖိုးတန်ပစ္စည်းတွေအဖြစ် တရုတ်တွေ ပိုပြီးစုဆောင်း လာကြလိမ့်မယ်လို့လည်း ထင်ပါတယ်။”

တချိန်က နာမည်ကြီး အဖိုးတန် လက်ဝတ်ရတနာတွေကို ပြည်ပကနေ တရုတ်နိုင်ငံထဲ တင်သွင်းနေတဲ့ နိုင်ငံပိုင် Sino Gem ကုမ္ပဏီဟာဆိုရင် အခုအခါ ကိုင်တိုင် တန်ဘိုးမြင့် ပစ္စည်းတွေကို ထုတ်လုပ်နေပြီး ဘေဂျင်းမြို့က ရတနာပြပွဲမှာလည်း ခင်းကျင်း ရောင်းချခဲ့တာပါ။ ဒါပေမဲ့လည်း ကျောက်မျက်ပွဲ မှာ တန်ဘိုးအကြီးဆုံးအဖြစ် တွေ့ရတာကတော့ ဟောင်ကောင်အခြေစိုက် Faidee ကုမ္ပဏီက မြန်မာပြည်ထွက် ပတ္တမြားလက်စွပ်ပဲ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁ သန်း ၈ သိန်းတန် ဒီလက်စွပ်ကိုတော့ အရည်အသွေး အကောင်းဆုံး ခိုသွေးရောင် ပတ္တမြားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ရှားရှားပါးပါး ကျောက်အမျိုးအစား ဖြစ်တဲ့အတွက် ရောင်းဖို့မဟုတ်ပဲ ပြရုံ သက်သက်သာ တင်ထားတာလို့လည်း Faidee ကုမ္ပဏီ တာဝန်ခံတဦးဖြစ်တဲ့ Ravi Lunia ကပြောပါတယ်။ အထူးသဖြင့်ကတော့ အနီရောင်ကို နှစ်သက်ကြတဲ့ တရုတ်လူမျိုးတွေကို စွဲဆောင်ဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။

“အနီရောင်ဟာ တရုတ်အရောင်ဖြစ်သလို၊ တရုတ်ယဉ်ကျေးမှုမှာလည်း အင်မတန်မှ အရေးပါပါတယ်။ တရုတ်နိုင်ငံဟာ အဓိကကျတဲ့ ဈေးကွက်တခုဖြစ် သလို၊ ဘေဂျင်းမြို့ဟာ ဆိုရင်လည်း အနီရောင်မြို့တမြို့လို့ ဆိုရမှာပါ။”

ကျောက်မျက်ရတနာပြပွဲ တနေရာမှာတော့ မလှမပကျောက်တုန်းတွေကို ခင်းကျင်းရောင်းချနေတာလည်း တွေ့ရပါတယ်။ ကျောက်စိမ်းအရိုင်းတုန်းတွေကို အပေါ်ယံအမြင်အတိုင်း ဈေးဖြတ်ရောင်းဝယ် နေကြတာပါ။ မြန်မာပြည်ထွက် ကျောက်စိမ်းရိုင်းတွေကို ရောင်းချနေတဲ့ တရုတ်ကုမ္ပဏီက အရောင်းဈေးသည် Wu Anfu ကတော့ ရောင်းသူ၊ ဝယ်သူကြား အလောင်းအစား သဘောလို့ ဆိုပါတယ်။

“ဖြတ်မကြည့်မချင်းကတော့ အထဲမှာ ကျောက်စိမ်းအရည်အသွေး ဘယ်လိုရှိလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ အားလုံးကတော့ ကျောက်စိမ်း အရိုင်းတုန်းတွေပါ။ အရည်အသွေးပဲ ကွာပါတယ်။ တချို့ကတော့ အရည်ကောင်းပြီး တချို့ကတော့လည်း ညံ့တာတွေ ပါပါတယ်။”

နေ့ချင်းညချင်း ချမ်းသာသွားသူတွေလည်း ရှိတယ်ဆိုတဲ့ ဇာတ်လမ်းတွေနဲ့ အတူ ကျောက်ရိုင်းတုန်း အရောင်းအဝယ်ကိုတော့ မကြာသေးခင် နှစ်တွေက စလို့ တရုတ်နိုင်ငံမှာ စိတ်ဝင်စားသူတွေလည်း များပြားလာနေ တာပါ။ မြန်မာပြည်ထွက် ကျောက်စိမ်းအရိုင်းတုံး အရောင်းအဝယ်လုပ်ငန်းက Wu Anfu ကတော့ ကံကောင်းရင် တချက်တည်းနဲ့ သူဋ္ဌေးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ဒီလိုကျောက်ရိုင်းတုံးကနေ အရည်ကောင်းကောင်း ကျောက်မျိုး ရတယ်ဆိုပါစို့၊ အရည်လည်းကောင်းတယ် အထဲမှာ အနာအဆာလည်း မရှိဘူး ဆိုရင်တော့ ယွန်ငွေသန်းနဲ့ချီတဲ့အထိ တန်နိုင်ပါတယ်။ ယွန်ငွေထောင်ဂဏန်းလောက် အကုန်ခံပြီး၊ ကိုယ်ကလည်း ကံကောင်းတယ်ဆိုရင်တော့ ထောင်နဲ့သောင်းနဲ့ချီ ရနိုင်ပါတယ်။”

တနေ့တခြား ခေတ်စားလာနေတဲ့ ကျောက်ရိုင်းအရောင်းအဝယ်လုပ်ငန်း ကိုတော့ မသေချာမရေရာတဲ့ ရင်းနှီးမြှုပ်နှံမှု တခုအဖြစ်နဲ့ တရုတ်အာဏာပိုင်တွေ ကတော့ သတိပေးနေတာပါ။ ဒါပေမဲ့လည်း တရုတ်နိုင်ငံသားတွေ ကြားမှာတော့ အပျော်ပဲဖြစ်ဖြစ် စမ်းကြည့်ချင်သူတွေလည်း ရှိနေကြပါတယ်။ တရုတ်အမျိုးသမီး Mao Ping ကတော့ အမေရိကန်ဒေါ်လာ ၁၆၀ လောက်နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ တထောင်တန် ကျောက်ရိုင်းတုံးတတုံး ဝယ်ပြီးစမ်းဖူးတယ်လို့ ပြောပါတယ်။

“ယူနန်မှာ မနှစ်က ကျောက်ရိုင်းတလုံး ဝယ်ဖူးတယ်၊ ပျော်စရာကောင်းပါတယ်။ အထဲမှာ ကျောက်စိမ်းအရည်လည်း ပါတယ်လေ။”

သန်းချီတန်တဲ့ ကျောက်ကအစ ရာဂဏန်းထောင်ဂဏန်းအထိ အစားစား ပြသရောင်းချတဲ့ ဘေဂျင်း ကျောက်မျက်ပြပွဲကိုတော့ အလွှာအမျိုးမျိုးက ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ရောက်လာကြ တာပါ။ ကျောက်မျက်ပညာ လေ့လာနေသူတဦးဖြစ်တဲ့ Ta Na ကတော့ သူ့အတွက် ကုန်ကြမ်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

“ကောလိပ်မှာ ကျမလေ့လာနေတဲ့ ကျောက်မျက်ပညာ အတွက် ကျောက် အမျိုးအစားသစ်တွေ လာဝယ်တာပါ။”

ဘေဂျင်းမြို့တော်က တရုတ်အမျိုးသား ကွန်ဗင်းရှင်းစင်တာက ၅ ရက်ကြာ ခင်းကျင်းပြသတဲ့ ကျောက်မျက်ရတနာ ပြပွဲဟာ ဒီတကြိမ် အကြီးမားဆုံး ပါ။ ပြပွဲမှာဆိုရင်လည်း နိုင်ငံပေါင်း ၂၀ လောက်က ဆိုင်ခန်းပေါင်း ၂ ထောင်ကျော်နဲ့ မြန်မာနိုင်ငံက ကျောက်မျက်တွေ အပါအဝင် နာမည်ကျော် ရတနာတွေ လက်ဝတ်လက်စားတွေကို ခင်းကျင်း ပြသခဲ့ကြတာ လည်း ဖြစ်ပါတယ်။
XS
SM
MD
LG