သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအလုပ်သမားရေး ဥပဒေတချို့ ပိုမိုထိရောက်အောင် ပြင်ဆင်ဖို့ရှိ


မကြာသေးခင်က ပြဌာန်းထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနဲ့ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရေးဥပဒေတို့မှာ အကြိမ်ကြိမ် အပြစ်ကျူးလွန်တဲ့ အလုပ်ရှင်တွေကို ထိရောက်အောင် အရေးယူနိုင်မယ့် ထောင်ဒဏ်ငွေဒဏ်တွေ ထည့်နိုင်ဖို့ ပြင်ဆင်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ဥက္ကှဌက ပြောဆိုလိုက်ပါတယ်။ ထုတ်ပြန်ထားပြီးတဲ့ တည်ဆဲ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ဥပဒေ ၁၀ ခုကျော်ကို ပေါင်းကာ ပင်မ အလုပ်သမား ဥပဒေတခုကိုလည်း ထုတ်ဖို့ စီစဉ်နေပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထိရောက်တဲ့ အရေးယူမှုတွေနဲ့ ပြစ်ဒဏ်တွေ ထပ်မံ ထည့်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် ၁၉၅၁ ခုနှစ်၊ ၁၉၆၄ ခုနှစ်၊ ၁၉၇၀ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် စတဲ့ ခုနှစ်တွေမှာ ထုတ်ပြန်ထားပြီးဖြစ်တဲ့ တည်ဆဲ အလုပ်သမားတွေနဲ့ ပတ်သတ်တဲ့ ဥပဒေ ၁၀ ခုကျော်ခန့်ကို ပေါင်းပြီး ပင်မ အလုပ်သမားဥပဒေ တခုကို ထုတ်ဖို့လည်း စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးအောင်လင်း က အခုလို ပြောပြခဲ့တာပါ။

“ကျနော်တို့ Main Law ပေါ့နော် အဲဒါ မထွက်ခင်မှာ နည်းဥပဒေတခုချင်းမှာကို ပြင်ဆင်စရာတွေ ရှိပါတယ်။ ဒီ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ နောက် ဒီ အလုပ်သမား အဖွဲ့အစည်းဥပဒေ စသဖြင့်ပေါ့နော် ပြင်ဆင်ရန်တွေ ရှိပါတယ်။ အမြန်ဆုံး ပြင်ဆင်ရမှာကတော့ ဒီ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပေါ့နော်။ နောက်တခုက အလုပ်သမား အဖွဲ့အစည်း ဥပဒေပေါ့။ ဒီနှစ်ခု ကျနော်တို့ ပြင်ဆင်ဖို့ကို ဒါ ဆွေးနွေးထားလက်စ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ မူလ ကျနော်တို့ ပြင်ဆင်ချက် ကြိုးပမ်းတဲ့အခါမှာ ထောင်ဒဏ်ထည့်သွင်းဖို့ကိစ္စတွေက ပြည်သူ့လွှတ်တေ်ာအဆင့်မှာပဲ ကျနော်တို့ ပယ်ခံရတယ်။ ဒီဒဏ်ငွေတိုးမြှင့်တဲ့ကိစ္စမှာပဲ ကျနော်တို့ ရပ်သွားတယ်ပေါ့။ ဒါကိုလည်းပဲ ဆက်ပြီးတော့ အကြိမ်ကြိမ် ချိုးဖောက်တဲ့ အလုပ်ရှင်တွေကို ထောင်ဒဏ်ထည့်သွင်းဖို့ကိစ္စကို ကျနော်တို့ ဆက်ကြိုးစားရဦးမှာပါ။”

ဒီပြင် လုပ်ခပေးရေးဥပဒေနဲ့ အလုပ်သမားလုပ်ငန်းခွင် ကျွမ်းကျင်မှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာဥပဒေ စတဲ့ ဥပဒေကြမ်းနှစ်ခုကိုလည်း ပြဌာန်းနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဦးအောင်လင်းက ပြောပါတယ်။ ပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ လုပ်ခပေးရေးဥပဒေမှာ ငွေဒဏ်အပြင် ထောင်ဒဏ်တွေ ပါဝင်တော့မှာပါ။ သတ်မှတ်လုပ်ခပေးဖို့ ပျက်ကွက်ကြောင်း ထင်ရှားပါက ပထအကြိမ်မှာ ငွေဒဏ် ၅ သိန်း သို့မဟုတ် ထောင်ဒဏ် ၃ လ (သို့မဟုတ်) တပေါင်းတည်း ကျစေမှာပါ။ ဒုတိယအကြိမ် ပျက်ကွက်ပါက ထောင်ဒဏ် ၆ လ (သို့) ငွေဒဏ် သိန်း ၅၀ (သို့) တပေါင်းတည်း ကျခံရမှာဖြစ်ပါတယ်။ ဒီပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ ဥပဒေတွေနဲ့ ပတ်သတ်ပြီး ဦးအောင်လင်းက ခုလို ပြောပြပါတယ်။

“လက်ရှိကတော့ ဥပဒေကြမ်းနှစ်ခု လွှတ်တော်မှာ တင်ထားဆဲရှိတယ်။ လုပ်ခပေးရေးဥပဒေ၊ နောက်ပြီးတော့ လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အစရှိသဖြင့်ပေါ့နော် လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ တင်ထားလက်စ ဥပဒေမူကြမ်းတွေလည်းပဲ ရှိနေတယ်။ ဒီအစိုးရသက်တမ်း ရက်ပေါင်း ၃၇ ရက်အတွင်းမှာ ဒီဥပဒေတွေကို အတည်ပြုနိုင်မလား ဆိုတာတော့ တကယ့်ကို ကျနော်တို့ စိန်ခေါ်မှုပဲကိုး။ ကျနော်တို့က နောက်အစိုးရသက်တမ်းထဲကို မသွားချင်ဘူး။ အဲတော့ ဒီလွှတ်တော်သက်တမ်းအတွင်းမှာပဲ ဒါတွေကို အတည်ပြုနိုင်ဖို့အတွက် တိုက်တွန်းရမယ့် လုပ်ငန်းစဉ်ပေါ့နော်။ အခု ကျနော်တို့ ကြိုးစားနေပါတယ်။”

ဒီလိုပြဌာန်းနိုင်ဖို့ ပြင်ဆင်နေတဲ့ ဥပဒေတွေနဲ့ ပတ်သတ်ပြီး လှိုင်သာယာ အလုပ်သမား ခေါင်းဆောင် ကိုပြည့်ဖြိုးအောင် က အခုလို ပြောပါတယ်။

“အလုပ်သမားတွေကိုပါ အကာအကွယ် ပေးနိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ အခုက အနိမ့်ဆုံး အခကြေးငွေနဲ့ ပတ်သက်လို့ရှိရင် အနိမ့်ဆုံး အခကြေးငွေက ၃၆၀၀ အပေါ်ပဲ မူတည်ထားသေးတယ်ပေါ့နော်။ ကျွမ်းကျင်မှုအပေါ် မူတည်ပြီးတော့ ဘယ်လိုပေးရမလဲဆိုတာ မပါသေးတဲ့အတွက်ကြောင့် အစိုးရက အခုလက်ရှိမှာ အငြင်းပွားမှု ပြဿနာတွေ ဖြစ်နေကြတယ်။ သေချာပြင်ဆင်မယ်ဆိုရင်တော့ အလုပ်သမားတွေအတွက် နည်းနည်း ပိုကောင်းမယ့် အလားအလာပေါ့နော်။ ပဋိပက္ခတွေ နည်းသွားမယ်။ ပြဿနာတွေ နည်းသွားမယ်ဆိုတဲ့ အလားအလာတွေတော့ မြင်တယ်ခင်ဗျ။ အစိုးရဘက်ကနေ ဥပဒေအသစ်တခု ထုတ်လိုက်ပြီ။ အခု အနိမ့်ဆုံးအခ ကြေးငွေဆိုရင်လည်း အလုပ်ရှင်ဘက်ကလည်း ဒီပေါ်မှာ မူတည်ပြီးတော့ အလုပ်ပြုတ်တဲ့ကိစ္စတွေ ပါလာတယ်။ နဂိုတုန်းကဆိုရင် အလုပ်ထုတ်လိုက်တာနဲ့ ၃ လစာပေးတဲ့ အနေအထားမျိုးပေါ့နော်။ အခုလက်ရှိမှာ ၃ လစာမဟုတ်ဘဲနဲ့ လဝက်စာဆိုတော့ တကယ် အထုတ်ခံရတယ်ဆိုရင် အလုပ်သမားတွေဘက်က နစ်နာတယ်ပေါ့။”

လက်ရှိမှာ အနည်းဆုံးအခကြေးငွေပြဌာန်းပြီး အနည်းဆုံးအခကြေးငွေကို တရက်လျှင် အလုပ်ချိန် ၈ နာရီစာအတွက် ၃၆၀၀ ကျပ် သတ်မှတ်ထားပေမဲ့ အလုပ်ရှင် အလုပ်သမားကြား ပြဿနာတွေဟာ ပြေလည်သွားတာ မရှိသေးပါဘူး။ အလုပ်လက်မဲ့ ပြဿနာတွေလည်း ဖြစ်ပွားမှု များလာပါတယ်။ ဒါဟာ ဥပဒေတခုကို သေချာလိုက်နာနိုင်အောင် ကြပ်မတ်ပေးဖို့ အားနည်းနေတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေး လှုပ်ရှားနေတဲ့ မမာမာဦး က ပြောပါတယ်။

“လုပ်ခလစာကိုပေါ့နော် ဆိုးရွားစွာ သတ်မှတ်လိုက်တာက အခြေခံလုပ်ခလစာကို ၃၆၀၀ လို့ သတ်မှတ်လိုက်ပေမဲ့ အလုပ်ရှင်အချို့ကပေါ့နော် အလုပ်ရှင်အချို့ကပေါ့ ဒီဟာအပေါ်မှာ သူ့ဟာသူ A, B, C အဆင့် ၃ ဆင့်ခွဲပြီးတော့ ၃၆၀၀၊ ၂၇၀၀၊ ၁၈၀၀ စသည်ဖြင့်ပေါ့နော် အဲ့ဒီလို ခွဲခြားစိပ်ဖြာပြီးတော့ ပေးမယ်ဆိုတဲ့ သဘောမျိုးတွေလည်း ကျမတို့ တွေ့ရတာတွေ ရှိတယ်။ နောက်တချက်က အချို့သော စက်ရုံအငယ်စားတွေက စက်ရုံပိတ်သိမ်းတာတွေလည်း ရှိတယ်။ အဲ့လို ပိတ်သိမ်းတဲ့အတွက်ကြောင့်မို့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ပြဿနာ ပိုပြီးတော့ ရင်ဆိုင်နေရတာကို တွေ့ကြုံရပါတယ်။”

ဒီလို လက်ရှိ တည်ဆဲဥပဒေ ပြန်လည်ပြင်ဆင်ဖို့နဲ့ အသစ်ထပ်မံ ရေးဆွဲပြဌာန်းဖို့တွေနဲ့ ပတ်သက်ပြီး အလုပ်အကိုင်၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမဲ့ ဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူးရှင်။

XS
SM
MD
LG