သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံလုပ်ခသတ်မှတ်ရေး ဌာနဆိုင်ရာနဲ့ အလုပ်သမားသမဂ္ဂတွေကြိုးပမ်း


ရန်ကုန် စက်ရုံအလုပ်သမားတချို့ ဆန္ဒပြနေပုံ။ (စက်တင်ဘာလ ၇ ရက်၊ ၂၀၁၂)။
ရန်ကုန် စက်ရုံအလုပ်သမားတချို့ ဆန္ဒပြနေပုံ။ (စက်တင်ဘာလ ၇ ရက်၊ ၂၀၁၂)။
အလုပ်သမားတွေနစ်နာမှုနဲ့ပတ်သတ်ပြီး အခြေခံလုပ်အားခလစာ သတ်မှတ်နိုင်ရေး ဥပဒေမူကြမ်းကို ရှေ့နေချုပ်ရုံးကတဆင့် နိုင်ငံတော်သမ္မတထံ တင်သွင်းအတည်ပြုနိုင်ရေး အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်သမားသမဂ္ဂတွေ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ အခုလို အခြေခံလုပ်အားခလစာ ဥပဒေပြဌာန်းလာနိုင်တဲ့အခါ နစ်နာဆုံးရှုံးနေရတဲ့ အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်တွေအတွက် မျှော်လင့်ချက် ရှိလာနိုင်စရာရှိပေမဲ့ အလုပ်ရှင် အလုပ်သမားကြား ဆန္ဒပြမှုတွေဖြစ်လာတဲ့အခါ အာဏာပိုင်တွေရဲ့ ကိုင်တွယ်ချဉ်းကပ်ပုံတွေကိုလည်း ပြုပြင်သင့်တယ်လို့ ဥပဒေပညာရှင်တွေ က ထောက်ပြပြောဆိုလိုက်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

လုပ်အားခ မမျှတမှုကြောင့်ဖြစ်ပေါ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမားပြဿနာပြေ လည်ရေး အလုပ်သမားတွေအတွက် အခြေခံလုပ်အားခလစာ ဥပဒေမူကြမ်းကို အလုပ်သမားဝန်ကြီးဌာနနဲ့ ဖွဲ့စည်းခွင့်ရထားတဲ့ အလုပ်သမားသမဂ္ဂတွေ ပူးပေါင်း ရေးဆွဲနေကြတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ အခုဆိုရင် အခြေခံလုပ်အားခ လစာသတ်မှတ်နိုင်ရေး မူကြမ်းကို ရေးဆွဲပြီး ရှေ့နေချုပ်ရုံးကတဆင့် နိုင်ငံတော်သမ္မတဆီ တင်သွင်း အတည်ပြုဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

အခြေခံလုပ်အားခ နည်းပါးပြီး အလုပ်ချိန်နဲ့လုပ်အား မမျှတလို့ အလုပ်သမားအခွင့်အရေး ဆုံးရှုံး နစ်နာရသူတွေအတွက် အခြေခံလုပ်အားခ လစာသတ်မှတ်တဲ့နေရာမှာ ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ နိုင်ငံတကာ အလုပ်သမား ဥပဒေတွေရဲ့ စံချိန်စံနှုန်းနဲ့ အညီ ရေးဆွဲသင့်တယ်လို့ အလုပ်သမားအရေး လူပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံတွင်း စက်ရုံတချို့မှာ လုပ်အားခလစာ မမျှတမှုတွေကြောင့် အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြအလုပ်သမားခေါင်းဆောင်တချို့ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။ အဲ့ဒီနောက် အလုပ်သမားတွေရဲ့ နစ်နာမှုတွေအပေါ် အလုပ်သမားဝန်ကြီးဌာနဘက်က အလုပ်သမားသမဂ္ဂတွေနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေအတွက် အခြေခံလုပ်အားခလစာ မျှတမှုရှိအောင် ဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ မအိရွှေစင်ညွန့်က ဗွီအိုအေကိုပြောပါတယ်။

“အဓိက က လုပ်ခလစာနည်းတာပဲ။ လုပ်ခလစာနည်းတယ်။ အခြေခံလစာက သတ်မှတ်ထားတာ သုံးသောင်းဝန်းကျင်ပဲ ရှိတယ်။ အဲဒီတော့ လုပ်ခလစာမလုံလောက်တော့ ဆန္ဒပြမှုတွေ ခဏခဏဖြစ်တယ်။ စိုးရိမ်ကြောင့်ကြပြီးတော့ ပြဿနာရှာတော့ မလိုလားအပ်တဲ့ကိစ္စတွေ၊ ဥပမာ တော်ဝင်ကိစ္စမျိုးဆိုရင် အလုပ်သမားတွေ ခုချိန်ထိ ထောင်ထဲရောက်နေ တယ်လေ။ အဲဒီလိုမျိုး ကိစ္စတွေဖြစ်တာကိုလည်း အစိုးရအရာရှိပိုင်းတွေက သိမှာပဲ။ နားလည်မှာပဲ။ အဲဒီအတွက် လုပ်ခလစာဥပဒေ ပြဌာန်းတာတော့ လုပ်ရမယ်။ ဥပဒေတွေကို သေချာပြင်ဆင်ရေးဆွဲပေါ့။ အဲဒါရေးပြီးလို့ရှိရင် ရှေ့နေချုပ်ရုံးကနေပြီးတော့ သမ္မတဆီကို တင်သွင်းမယ်။ သမ္မတက လက်မှတ်ထိုးဖို့ပဲ ရှိတယ်။”

မြန်မာနိုင်ငံမှာ အသစ်ပြန်ပြဌာန်းမယ့် အလုပ်သမားတွေအတွက် အခြေခံလုပ်အားခလစာ ဥပဒေမှာ ဥပဒေကြောင်းအရ တရားမျှတမူရှိပြီး အလုပ်ရှင်၊ အလုပ်သမား သဘောတူလက်ခံနိုင်မယ့် အချက်တွေ ပါဝင်ပြီး နိုင်ငံတကာ အလုပ်သမားဥပဒေတွေနဲ့အညီ ပြဌာန်း သင့်တယ်လို့ အကြံပေးချင်ကြောင်းလည်း ရှေ့နေများကွန်ယက်အဖွဲ့က ဥပဒေပညာရှင် ဦးသိန်းသန်းဦးက ဗွီအိုအေကိုပြောပါတယ်။

“အနည်းဆုံးလုပ်ခလစာဥပဒေက မြန်မာပြည်မှာ အရင်တုန်းကရှိပြီးသား ဥပဒေပေါ့။ အဲဒီဥပဒေက ခေတ်နဲ့မလျော်ညီတော့လို့ ဒါ အသစ်ပြန်ရေးဆွဲတဲ့ သဘော။ အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်သမားသမဂ္ဂတွေ ပါတာ ကောင်းပါတယ်။ ILO တို့ဘာတို့လည်း ပါသင့်တာပေါ့ဗျာ။ အဖွဲ့အစည်းစုံပေါ့။ ဥပဒေပညာရှင်တွေလည်း ပါလာရင် ကောင်းတာပေါ့။ ပြီးခဲ့တဲ့နှစ်ကတည်းက တောက်လျှောက်ဖြစ်ခဲ့တဲ့ လှိုင်သာယာနယ် စက်မှုဇုံ အလုပ်သမားဆန္ဒပြပွဲတွေမှာ အခြေခံလုပ်အားခပြဿနာက စတည်တာပေါ့နော်။ အဲဒါတွေက မျှတမှုမရှိဘူးဆိုတဲ့ဟာတွေ ရှိတာပေါ့။ ဥပဒေနဲ့ညီသွားအောင် နိုင်ငံတကာ စံနှုန်းနဲ့ညီအောင် လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

အခုလို နိုင်ငံတဝှမ်းဖြစ်ပေါ်နေတဲ့ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုနဲ့ အခြေခံလုပ်အားခလစာ နည်းပါးမှုကြောင့် ဆန္ဒပြမှုတွေဖြစ်ပေါ် လာပြီး နောက်ပိုင်းမှာ အလုပ်သမားတွေဘက်က တောင်းဆိုချက်တွေကို အလုပ်ရှင်၊ အာဏာပိုင်တွေနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အရေး အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခဲ့တာ အခုဆိုရင် ၅၀၀ ကျော်သွားပြီလို့ သိရပါတယ်။ ဒါပေမဲ့ အလုပ်ရှင်ဘက်က အလုပ်သမားသမဂ္ဂခေါင်းဆောင် အလုပ်သမားတွေကို ဖိအားပေးမှုတွေရှိနေတဲ့အတွက် ခိုင်မာတဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ရေးက ပိုပြီးအဓိက ကျတဲ့ အနေအထားမှာဖြစ်နေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ မအိရွှေစင်ညွန့်က ဆက်ပြောပါတယ်။

“တကယ် မြန်မာပြည်မှာ ဖြစ်ရမယ့်ကိစ္စက အလုပ်သမားသမဂ္ဂတွေ ခိုင်ခိုင်မာမာ ပေါ်လာရမယ်။ တကယ်လိုအပ်တာက သမဂ္ဂအဆင့်၊ တကယ်ခိုင်မာတဲ့ သမဂ္ဂအဆင့်ရမှ၊ အဲဒီသမဂ္ဂတွေကလည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတော့မှ ဒါက အခွင့်အရေးရမှာ။ လက်ရှိအခြေအနေ ရေးဆွဲမယ့် ဟာက လက်ရှိအခြေအနေကာလတိုအတွက် လိုအပ်တဲ့ အခြေခံ၊ လုပ်ခလစာ ဥပဒေဖြစ်တယ်။ အဲဒီအပေါ်မှာ နောက်ထပ် လိုအပ်တာတွေကို အလုပ်သမားသမဂ္ဂတွေက စုပေါင်း လုပ်သွားရမှာပေါ့နော်။”

အလုပ်ရှင်၊ အလုပ်သမားကြား ဖြစ်ပွားနေတဲ့ ပြဿနာ အခက်အခဲတွေကို ဖြေရှင်းတဲ့နေရာမှာ သက်ဆိုင်ရာ တာဝန်ရှိခုံသမာဓိအဖွဲ့တွေက စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်ချက်ချတဲ့အခါ အလုပ်သမားအခွင့်အရေးကို ဘက်လိုက်မှုမရှိဘဲ တိတိကျကျ သမာသမတ်ရှိရှိ ဆောင်ရွက်စီစဉ်ပေးဖို့ အရေးကြီးတယ်လို့လည်း ဦးသိန်းသန်းဦးက ပြောပါတယ်။

“အခုဟာကတော့ ပြဿနာရှိတယ်ဗျာ။ အခုဆိုကြပါစို့။ ခုံသမာဓိအဖွဲ့ကနေ ဖြန်ဖြေပြီးတော့ အလုပ်ရှင်အလုပ်သမား ကြားမှာ ဖြန်ဖြေပြီးတော့ သတ်မှတ်လိုက်တဲ့ ကတိကဝတ်တွေ ရှိတယ်ပေါ့နော်။ အလုပ်ရှင်ဘက်က လိုက်နာရမယ့် ကတိကဝတ်တွေ ရှိတယ်။ အလုပ်သမားဘက်က လိုက်နာရမယ့် ကတိကဝတ်တွေ ရှိတယ်။ အဲဒီလို ကတိကဝတ်တွေ ရှိပေမဲ့ အလုပ်ရှင်တွေဘက်က မလိုက်နာတဲ့အခါကျတော့ အလုပ်သမားတွေက ဘာမှလုပ်လို့မရတာတွေ ရှိတယ်။ အလုပ်သမားတွေဘက်က အတော် အခက်အခဲတွေ့တယ်။ နောက် အလုပ်ရှင်နဲ့ပြန်ပြီးတော့ အမှုဖြစ်နိုင်တဲ့၊ ပြဿနာရှာနိုင်တဲ့အင်အားလည်း သူတို့မှာ မရှိတော့ အခက်အခဲတွေ့ရတယ်။ အခုဟာကတော့ ကျနော်တို့ဒီမှာ အဲဒီအချက်တွေပါ ပါမယ်လို့ ကျနော်တို့ ကြားရတယ်ခင်ဗျ။ အဲဒါတွေပါရင်တော့ ကောင်းတဲ့လက္ခဏာပါပဲ။”

မြန်မာနိုင်ငံတဝှမ်းက အလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေအတွက် အလုပ်ရုံတွေ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေဟာ နေရာအနှံ့ ဖြစ်ပွားနေခဲ့ တာဖြစ်ပါတယ်။ ဒီလိုဆန္ဒပြမှုတွေဖြစ်ပွားလာတဲ့အတွက် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း ILO အပါအဝင် အလုပ်သမားရေး လှုပ်ရှားသူတွေ၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပူးပေါင်းပြီး အလုပ်သမား သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ လုပ်ငန်းခွင်အတွင်း ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အလုပ်သမား အခွင့်အရေးတွေ အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနေတာလည်းဖြစ်ပါတယ်။
XS
SM
MD
LG