သုံးရလွယ်ကူစေသည့် Link များ

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ တင်းမာမှုအချို့ရှိ


၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့က အတည်ပြု ပြဌာန်းလိုက်တဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေနဲ့အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လူထုဆန္ဒအရ ရွေးချယ်နေကြပါတယ်။ ဒီလို ရွေးချယ်ရာမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဟောင်းတွေက မူလအတိုင်း နေရာ ပြန်လိုချင် ကြတာကြောင့် တဘက်နဲ့တဘက် အခြေအတင် ဖြစ်ရတဲ့နေရာတချို့ ရှိနေပါတယ်။ ဒီကနေ့ မှော်ဘီ (၄) ရပ်ကွက်က ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတခု ပျက်ပြားခဲ့ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ မှော်ဘီ အမှတ် (၄) ရပ်ကွက် အတွင်းက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ဖို့က ကျင်းပနေစဉ် အတွင်းမှာပဲ အဲဒီ ရပ်ကွက် ရွေးကောက်ပွဲကို ကြီးမှူးနေတဲ့ ဦးမြင့်သန်း ကို ဝင်ရောက်ပြီး လူတစ်စုက ထိုးနှက်မှု ဖြစ်ပွားခဲ့လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ လည်း ပျက်သွားခဲ့တယ်လို့ မှော်ဘီ ဒေသခံ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုအေးလွင်က ပြောပါတယ်။

အခုလို ဝင်ရောက် အထိုးခံခဲ့ရတဲ့ ကြီးကြပ်ရေးမှူး ဦးမြင့်သန်း ကလည်း သူ့ကို ဝင်ရောက်ပြီး တိုက်ခိုက်တဲ့ သူတွေကို သက်ဆိုင်ရာ ရာရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခဲ့တယ်လို့ လည်း ဦးမြင့်သန်းက ပြောပါတယ်။ အဲဒီ ရပ်ကွက် ရွေးကောက်ပွဲ ပထမအကြိမ် ကျင်းပစဉ်တုန်းကလည်း အဆင်မပြေတာကြောင့် အခုလို ရွေးကောက်ပွဲ ပြန်လည် ကျင်းပစဉ်မှာပဲ ထိုးကျိတ်မှု ဖြစ်ပွားခဲ့တာပါ။
ပြဿနာ ဖြစ်ပွားခဲ့ပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ပျက်သွားခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မှော်ဘီမြို့ခံ ကိုအေးလွင်ကို ဆက်သွယ် မေးမြန်းတဲ့အခါမှာတော့ -

“ပထမအကြိမ် ရပ်ဆိုင်းထားတဲ့ ရွေးကောက်ပွဲကို ကျနော်တို့ ပြန်လည် ရွေးကောက်ကြပါတယ်။ အဲဒီအခါမှာ ကြီးကြပ်ရေးမှူး ၅ ယောက်နဲ့ ဝန်ထမ်း ဦးမြင့်သန်းကနေပြီးတော့ ဒီအထဲကနေ ခဏ ထွက်ပေးဖို့ပေါ့။ မဲ စစ်ပြီးတဲ့အချိန်ကျမှ ဝင်ဖို့ မေတ္တာရပ်ခံတယ်။ အဲဒီမှာ ခင်ဗျားက အဆင့်မရှိဘူး၊ ကျနော်က လက်ရှိ အုပ်ချုပ်ရေးမှူး ဆိုပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်ပေါ့ဗျာ။ အဲဒီလို ပြောတဲ့အခါမှာ ဦးမြင့်သန်းက မဲရုံထဲ ပြန် လှည့်အဝင်မှာ သူ့ရဲ့တပည့် ကိုသိန်းထိုက် ဆိုတဲ့လူကနေပြီးတော့ လည်ပင်းကို ချုပ်ပြီးတော့ လက်သီးနဲ့ထိုးပစ်လိုက်တယ် ခင်ဗျ။ အဲဒါ ပြီးတဲ့အခါမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ပြည်သူတွေက မကျေမနပ် ဖြစ်ကြတယ်။ အဲဒီမှာ သူက လွှတ်တော်ကိုယ်စားလှယ် ဦးလှဦး အိမ်ထဲကို သွားပြီးတော့ တုတ် ၅ ချောင်း ယူလာတယ်။ ၂x၁ လက်မတွေဗျ။ ဒါတွေကို သက်သေအဖြစ် ကျနော်တို့ လက်ရှိ သိမ်းထားပါတယ်။ ရန်ရှာတယ်ပေါ့ဗျာ။ တော်တော်လေးကို အုတ်အော်သောင်းနင်း ဖြစ်သွားပါတယ်ခင်ဗျ။”

အခုလို ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေ ကျင်းပတာ အဆင်မပြေ ဖြစ်ပွားရတာတွေဟာ မှောဘီ အမှတ် (၄) ရပ်ကွက် တခုတည်းမှာတင်မဟုတ်ဘဲ အခြား တိုင်းဒေသကြီး ရပ်ကွက်တွေမှာလည်း မကျေလည်မှုတွေ ဖြစ်ပွားလျက် ရှိပါတယ်။ အခုလို ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ပွဲတွေမှာ ပြဿနာတွေ ဖြစ်ရတာ၊ ပြည်သူတွေ အလိုမကျ ဖြစ်ရတာဟာ ဘာကြောင့်လဲ ဆိုတာကို ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်တဲ့ ကိုဂျင်မီက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ ပြုပြင် ပြောင်းလဲရေး လုပ်တဲ့အခါမှာ အစိုးရဆိုတာ၊ ကျနော်တို့ ပြည်ထောင်စု အစိုးရ ဆိုတာ တခုပဲ ရှိတာဗျ။ နောက် အစိုးရ လက်တွေလို့ ခေါ်တဲ့ တိုင်းဒေသနဲ့ ပြည်နယ်အစိုးရ ၁၄ ခု ရှိတယ်ဗျာ။ နောက် မြို့နယ် အစိုးရတွေ ရှိတယ်ဗျာ။ နောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ဆိုတာ အခြေခံအကျဆုံး အစိုးရပဲ။ အဲဒီ အခြေခံအကျဆုံး အစိုးရတွေမှာ ဖြောင့်မတ် မှန်ကန်မှု၊ ပြီးတော့ good governance ပေါ့လေ၊ clean governance ဖြစ်နေဖို့ လိုတယ်။ အဲဒီ အခြေခံအကျဆုံး အစိုးရတွေမှာက အခု ဘာဖြစ်လဲဆိုတော့ ခေတ်နောက်ပြန်ဆွဲချင်တဲ့ ရဝတ အုပ်ချုပ်ရေးမှူးတွေပေါ့ဗျာ။ အရင် ရဝတ ဟောင်းတွေပေါ့။ အဲဒီ အုပ်ချုပ်ရေးမှူးတွေက သူတို့က ဆက်ပြီးတော့ အာဏာလိုချင်နေတယ်၊ ပြဿနာက။ အာဏာလိုချင်တဲ့ အခါကျတော့ သူတို့အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားတယ်၊ ဒါပေမဲ့ ရပ်ကွက်တွေက လက်မခံတော့ဘူး။ လက်မခံတော့တဲ့ အခါကျတော့ ကန့်ကွက်မှုတွေ၊ ဆန့်ကျင်မှုတွေ ဖြစ်တယ်။ အဲဒီအတွက် ဘာဖြစ်လဲ ဆိုတဲ့အခါကျတော့ နောက်ဆုံး သူတို့ လုပ်တတ်တဲ့ နည်းအတိုင်းပဲ အကြမ်းဖက်တယ်။ အဲဒါ မှော်ဘီ (၄) ရပ်ကွက်မှာဆိုရင် ဒါ သိသာတယ်။ အကြမ်းဖက် ရိုက်နှက်မှုတွေ အထိ ဖြစ်သွားတယ်။ ဒီလူမျိုးတွေဟာ ခေတ်နောက်ပြန် ဆွဲတဲ့သူတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းအတိုင်း ဒီလူတွေကို နောက်ချန်ထားခဲ့ရမယ်။ အရေးယူရမယ်လို့ ကျနော် ထင်တယ်။”

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကို ပြည်သူ့အလိုကျ ရွေးချယ်နိုင်ဖို့ အတွက် ဥပဒေတရပ်ကို ဖေဖော်ဝါရီလ အတွင်းမှာပဲ လွှတ်တော်က ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီ ဥပဒေရဲ့ နည်းဥပဒေတွေကို ဇူလိုင်လ အတွင်းမှာ ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်ပေခဲ့တာ လည်း ဖြစ်ပါတယ်။

အခုလို ရန်ကုန်တိုင်းအတွင်းမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အသစ်ရွေးချယ်မှုဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်လာခဲ့တဲ့ ဆယ်စုနှစ်အလွန် ဦးသိန်းစိန်ရဲ့ မြန်မာအရပ်သား အစိုးရလက်ထက်မှာ လူထုကနေ ပထမဆုံး မဲပေးရွေးချယ်တာ လည်း ဖြစ်ပါတယ်။ အခုလို ဆယ်စုနှစ်တွေ အတွင်း ပထမဆုံး ရပ်ရွာလူထုက ကိုယ်တိုင် ရွေးချယ်တင်မြှောက်ရမယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေ ကျင်းပရာ နေရာအတော်များများမှာ မကျေနပ်မှုတွေလည်း ရှိနေခဲ့တာပါ။ အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ ရပ်ကွက်လူထုက အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ်သစ်တွေ ကြားမှာ ဖြစ်တဲ့ ပဋိပက္ခဖြစ်ပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ် စက်စမ်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ မီးရထားရဲက ပါဝင်နေတာကြောင့် စည်းမျဉ်းနဲ့ မကိုက်ညီဘူးဆိုရင် ဒေသခံ ရဲတချို့က ကန့်ကွက်နေကြပါတယ်။ မူလစည်းမျဉ်းမှာ အုပ်ချုပ်ရေးမှူး အရွေးခံရတဲ့သူဟာ လက်နက်ကိုင် တပ်ဖွဲ့က မဖြစ်ရဘူးဆိုတဲ့ အချက်ကို ထောက်ပြပါတယ်။ တချိန်တည်းမှာပဲ ကြည့်မြင်တိုင် မြို့နယ် ဘောဂ ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာလည်း ပြည်ခိုင်ဖြိုး လွှတ်တော်အမတ် တဦးက ဝင်ရောက် နှောက်ယှက်တယ် ဆိုပြီး ဒေသခံ ၁၀၀ ကျော် ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူ ဒေသခံတဦး ပြောတာက -

“ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပျက်သွားအောင် ရပ်ထားပေးပါ ဆိုပြီး ဘယ်သူက ကန့်ကွက်တာလဲ ဆိုတော့ ကြည့်မြင်တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ကန့်ကွက်တာပါတဲ့။ ကန့်ကွက်တဲ့အချက်ကလည်း ရပ်မိရပ်ဖ ၅ ဦးရယ်၊ အသက်အရွယ် ကြီးသူတွေရယ်၊ ပါတီတခုတည်းက လူများ ဖြစ်လို့ဆိုပြီးတော့ သူ့ဆီမှာ စာတင်ထားတယ်ပေါ့နော်။ အဲဒီလိုပြောပြီး ကန့်ကွက်တာ။ အဲဒီလို ကန့်ကွက်တဲ့အခါကျတော့ အဲဒီနေ့မှာ မလုပ်ဖြစ်ဘူး။ ပျက်သွားတယ်။ ဒီ ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ဒီလိုမျိုး သူ ကန့်ကွက်တဲ့အချက်တွေ ကလည်း ဥပဒေမှာ ပြဌာန်းထားခြင်း မရှိတဲ့ အချက်တွေ ဖြစ်နေတယ်။ ဥပဒေနဲ့ မညီဘူး။ မညီတဲ့အတွက် အဲဒီနေ့က အစ်ကိုတို့က ဒီ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနဲ့မညီဘူး၊ ဥပဒေကိုလည်း နားမလည်တဲ့ ကိုယ်စားလှယ်ကို လွှတ်တော်ထဲမှာ ထားရင် အစ်ကိုတို့ မြို့နယ်အတွက်လည်း အကျိုးမရှိဘူး။ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ အဲဒီအတွက်ကြောင့် အစ်ကိုတို့က လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းဖို့ ဆောင်ရွက်မယ် ဆိုပြီး ဒီ ဆန္ဒထုတ်ဖော်ပွဲကို စီစဉ်ခဲ့တာ။”

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် ကျေးရွာ အုပ်စုတခုမှာ အများ ကြည်ညိုလေးစားသူ ၅ ယောက်ကို ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန်ပေးအပ်ထားတာပါ။ ဒီ ရွေးချယ်မှုအပေါ် မကျေမနပ် ဖြစ်တဲ့နေရာတွေလည်း ရှိပါတယ်။ အခု အုပ်ချုပ်ရေးမှူးအတွက် ကြီးကြပ်ရေးအဖွဲ့က ပြုစုတဲ့ အိမ်ချေစာရင်းအလိုက် ဆယ်အိမ်တစုကို ကိုယ်စားလှယ်တယောက် ရွေးချယ်ကြရမှာပါ။ ရပ်ကွက်နေ ၁၈ နှစ်ပြည့်သူ အားလုံးက လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးကြရမှာ ဖြစ်ပါတယ်။
XS
SM
MD
LG