သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရဖြေရှင်းရမယ့် အလုပ်သမားပြဿနာ


NLD အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ ခံစားနေရတဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မှန်မှန်ကန်ကန် သိရှိနားလည်အောင် ကွင်းဆင်းလေ့လာဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ ဥပဒေတွေ ပြဌာန်းပေးထားသည့် တိုင်အောင် အလုပ်ရှင်တွေဟာ လုပ်ခလစာနဲ့ အလုပ်ချိန်ကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်သမားတွေအပေါ် မတရားအနိုင်ကျင့်မှုတွေ ရှိနေဆဲဖြစ်တယ် လို့လည်း ဆိုပါတယ်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်နေတဲ့ စက်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဒီကနေ့ မေလ ၁ ရက်နေ့ဟာ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ May Day - အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်ပြီး၊ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မြန်မာနိုင်ငံမှာလည်း အလုပ်သမားတွေက - သူတို့ရဲ့ အခြေခံ အလုပ်သမား အခွင့်အရေးတွေ ရရှိရေးအတွက် စစ်ကိုင်းကနေ နေပြည်တော်အထိ လမ်းလျှောက် ချီတက် တောင်းဆို ဆန္ဒပြနေကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ လူထုရဲ့ တခဲနက် ထောက်ခံမှုနဲ့ တက်လာတဲ့ လက်ရှိ NLD အစိုးရကတော့ - အစိုးရသက်တမ်း ၁ လအတွင်းမှာတင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှု၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေလို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို အားသွန်ခွန်စိုက် ဦးစားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တချိန်တည်း မှာပဲ မြန်မာနိုင်ငံမှာ မကြာခဏ ကြုံနေရတဲ့ အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ၊ အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး စတာတွေ ပြေလည်စေဖို့နဲ့ အလုပ်သမားတွေရဲ့ ဘဝတွေ တိုးတက်လာစေဖို့တွေကိုလည်း NLD အစိုးရအနေနဲ့ ဦးစားပေး ဆောင်ရွက်ပေးဖို့ လိုတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ - ဦးသိန်းအောင်မြင့်က ပြောပါတယ်။

“NLD အနေနဲ့ပေါ့နော် စက်မှုဇုန်တွေကို အဓိကထားပြီးတော့ သူ့အနေနဲ့ ကွင်းဆင်းလေ့လာ ဆောင်ရွက်သင့်တယ်ခင်ဗျ။ စက်မှုဇုန်တွေမှာ အလုပ်ရှင်-အလုပ်သမား ပြဿနာတွေက အများကြီးခင်ဗျ။ ကျနော်တို့တွေလည်း မန္တလေးဘက်မှာ နေတဲ့အတွက် မန္တလေးတိုင်းထဲမှာဆိုရင်လည်း အများကြီးပဲ။ အဲတော့ NLD အစိုးရကို လက်ရှိ တောင်းဆိုချင်တာကတော့ အလုပ်သမားပြဿနာတွေ မဖြစ်ပေါ်ဖို့အတွက်ကို NLD အနေနဲ့ စက်မှုဇုန်တွေကို ကိုယ်တိုင် ဝင်ရောက်ပြီးတော့ ကွင်းဆင်းလေ့လာပါ။ အလုပ်သမားဥပဒေတွေကို တိတိကျကျပေါ့နော် အလုပ်သမားဦးစီးဌာနတွေကို တိတိကျကျ မှန်မှန်ကန်ကန် ထုတ်ပြန်ပေးပါ။ ပြီးတော့ လိုအပ်ချက်တွေကိုပေါ့နော် အခြေခံလိုအပ်ချက်တွေကို အမြန်ဆုံး ကူညီဖြေရှင်းပေးပါလို့ပဲ ကျနော် ပြောချင်ပါတယ်။”

အခုလို ဒီမိုကရေစီအစိုးရတရပ် တက်လာပြီး လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာတဲ့ မြန်မာနိုင်ငံမှာ အနှေးနဲ့အမြန် ဆိုသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာ ကြတော့မှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အလုပ်ရှင်တွေဘက်က အလုပ်သမားတွေ အပေါ် ဖိနှိပ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ မရှိအောင်လို့ NLD အစိုးရအနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ လည်း ဦးသိန်းအောင်မြင့် က ထောက်ပြခဲ့တာပါ။

“တချို့အလုပ်ရှင်တွေဟာ တော်တော်လေးကို ဥပဒေချိုးဖောက်ကြတယ်ပေါ့နော်။ အလုပ်သမားအခွင့်အရေးတွေ ဥပဒေတွေမှာ ပေးထားပေမဲ့လည်း အလုပ်ရှင်တွေက မသိကျိုးကျွံပြုကြတယ်။ အဲ့ဒီလို မသိကျိုးကျွံပြုတဲ့ အနေအထားတွေက ပထမအစိုးရခေတ်ကာလမှာ အုပ်ချုပ်ခဲ့တဲ့ ဝန်ထမ်းတွေပေါ့။ သူတို့ရဲ့ အလုပ်သမားဦးစီးဌာနက ဝန်ထမ်းတွေနဲ့ပေါ့နော် သူတို့ ဘယ်လို ချိတ်ဆက် ဆောင်ရွက်ကြသလဲတော့ မသိဘူး။ အဲဒီအပေါ်မှာ ဥပဒေကို မသိကျိုးကျွံပြုပြီး ဥပဒေတွေကို ချိုးဖောက်ခဲ့ကြတယ်ပေါ့။ ယနေ့ ဒီဘက် အစိုးရခေတ်ကာလမှာတော့ အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းတွေ အဆင့်ဆင့် အရာရှိတွေကို ဥပဒေတွေ မချိုးဖောက်ဖို့အတွက် တိတိကျကျ ကိုင်တွယ်ဆောင်ရွက်ဖို့အတွက်ကိုတော့ NLD အနေနဲ့ အများကြီး ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် လက်ရှိ ဖြစ်ပွားနေတဲ့ အလုပ်သမားပြဿနာတွေက အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးစေချင်တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဦးသိန်းအောင်မြင့် က အခုလို ပြောခဲ့ပါတယ်။

“အလုပ်သမားတွေ အများဆုံးဖြစ်နေတဲ့ ကိစ္စတခု ပြဿနာကတော့ လုပ်ခလစာပါပဲ။ ယနေ့ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ ကုန်ဈေးနှုန်းနဲ့ သူတို့ရနေတဲ့ လုပ်ခလစာဟာ မလောက်ငှတဲ့အခါမှာ အဲဒါတွေက အဓိက ပြဿနာဖြစ်တယ်။ ပြီးတော့ သူတို့လုပ်ရတဲ့ အလုပ်ချိန်တွေပေါ့ ဒီနေ့ဆိုရင် စစ်ကိုင်းကနေ နေပြည်တော်အထိ ချီတက်နေတဲ့ အလုပ်သမားသပိတ်ပေါ့ ချီတက်နေတဲ့အဖွဲ့ဆိုရင် လုပ်ခလစာထက်စာရင် အဓိကအားဖြင့် အလုပ်ချိန်ပေါ့ သူတို့ကို တနေ့ ၁၂ နာရီခိုင်းတယ်။ ၈ နာရီကျော်သွားတဲ့အခါမှာ ကျန်တဲ့ ၄ နာရီကို သူတို့ကို အိုဗာတိုင်ကြေး အပိုထပ်စောင်းပေးဖို့ ပြောတဲ့အခါမှာ မပေးနိုင်ဘူးဆိုတဲ့ အဲဒီနောက်ဆက်တွဲ ပြဿနာတွေပေါ့။ အဓိက လုပ်ခလစာနဲ့ ပြန်ပြောရရင်တော့ အလုပ်ချိန်ပြဿနာတွေပေါ့ အဲဒါတွေကို အဓိက ကိုင်တွယ်ဖြေရှင်းရပါမယ်။”

လောလောဆယ်မှာတော့ စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန်က Myanmar Veener Plywood Private Co. Ltd သစ်အချောထည်စက်ရုံက အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ နေပြည်တော် သမ္မတရုံးအထိကို လမ်းလျှောက်ချီတက်ပြီး - အလုပ်လုပ်ခွင့်ပြန်ရရေးနဲ့ အလုပ်ရှင်-အလုပ်သမားကြား ပြဿနာ ပြေလည်အောင် ဖြေရှင်းပေးရေး တောင်းဆိုနေကြပါတယ်။ ဒါ့အပြင် ဒီကနေ့မှာ ရန်ကုန်နဲ့ မကွေးတိုင်း ရေနံချောင်းမြို့တွေမှာ နယ်အသီးသီးက အလုပ်သမားသမဂ္ဂတွေ စုပေါင်းပြီး May Day လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကျင်းပကြဖို့ ရှိပါတယ်ရှင်။

XS
SM
MD
LG