သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုံနှိပ်ဥပဒေမူကြမ်းကို မြန်မာစာနယ်ဇင်းကောင်စီ ကန့်ကွက်


မကြာသေးခင်က ပြန်ကြားရေဝန်ကြီးဌာနက ရေးဆွဲ ထုတ်ပြန်ခဲ့တဲ့ ပုံနှိပ်ဥပဒေမူကြမ်းဟာ အရင်စာပေစိစစ်ရေးလက်ထက်က ရှိခဲ့တဲ့ အချက်အလက်တချို့ ပါဝင်နေတာ နဲ့ မီဒီယာလွတ်လပ်ခွင့်တွေကို ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်ဖို့ ကြိုစားတာကြောင့် မြန်မာ စာနယ်ဇင်းကောင်စီ အပါအဝင် မြန်မာစာနယ်ဇင်းသမဂ္ဂနဲ့ သတင်းသမားတွေ အားလုံးက တညီတညွတ်တည်း ကန့်ကွက်လိုက်ကြပါတယ်။ ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနက အခုလို ဥပဒေမူကြမ်းကို ထုတ်လိုက်တာဟာ အစိုးရကိုယ်တိုင်က ဖွဲ့စည်းပေးလိုက်တဲ့ မြန်မာ စာနယ်ဇင်းကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေကို ဘောင်ကျော်ပြီး မြန်မာစာနယ်ဇင်းကောင်စီအပေါ် အလေးမထားသလို ဖြစ်စေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

မတ်လ ၂ ရက်နေ့မှာကျင်းပခဲ့တဲ့ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ (၁၅) ကြိမ်မြောက် အစည်းအဝေးကနေ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ပုံနှိပ်ဥပဒေမူကြမ်းကို ကန့်ကွက်မှုလုပ်ခဲ့တာပါ။ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အဖွဲဝင်တဦးလည်းဖြစ်၊ မြန်မာ စာနယ်ဇင်းသမဂ္ဂရဲ့ ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက အခုလိုပြောပါတယ်။

“မြန်မာစာနယ်ဇင်းကောင်စီက သက်တမ်း ၇ လအတွင်းမှာ မီဒီယာဥပဒေကို ပထမမူကြမ်း၊ ဒုတိယမူကြမ်းတွေ ဆွဲပြီး မီဒီယာလောက ကလူတွေရဲ့ အကြံဉာဏ်တွေကိုလည်း ယူပြီးပါပြီ။ အဲဒီလိုယူပြီး ဆွဲနေစဉ်မှာပဲ ဒီပုံနှိပ်ဥပဒေနဲ့ ထုတ်ဝေခြင်းဥပဒေ ဆိုပြီးတော့ ပေါ်လာတယ်။ သတင်းစာကနေ ဖော်ပြလိုက်တယ် ဒီမူကြမ်းကို။ အဲဒီအခါကျတော့ ကျနော်တို့က ဒါနဲ့ပတ်သက်ပြီး နံပါတ်တစ် ကျနော်တို့ မသိထားဘူး။ နောက် နံပါတ်နှစ်က အဲဒီမှာပါဝင်တဲ့ ဥပဒေတွေထဲက ပုဒ်မ (၇) က ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပြိုကွဲဖို့တို့၊ ဘာသာရေးလှုံ့ဆော်ရေးသားမှု မလုပ်ဖို့တို့၊ ညစ်ညမ်းတဲ့အရေးအသားတွေ မဖော်ပြဖို့ ဆိုတဲ့ဟာတွေက အရင်စာပေစိစစ်ရေးဌာန ရှိတုန်းက ရှိခဲ့တဲ့ စည်းကမ်းချက်တွေကိုပဲ ပြန်လည်ဖော်ပြတာကို တွေ့ရတယ်။ နောက်တချက်က ကျတော့ ကျနော်တို့ မီဒီယာသမားတွေက စာပေရေးသားတဲ့အခါမှာ အဲဒီလိုမျိုးအဓိပ္ပါယ်ကို ဘယ်နယ်ပယ်အထိ ရေးရမယ်ဆိုတာ ကျနော်တို့မသိဘူး။ ကျနော်တို့ရေးတာကို သဘောမကျရင် ခုနကစည်းကမ်းနဲ့ ညှိတယ်ဆိုပြီး အချိန်မရွေး ဆွဲလို့ရတဲ့ပုံသဏ္ဍန်ကို တွေ့ရ တယ်။ နောက် ပြစ်မှုပြစ်ဒဏ်မှာလည်း ပုဒ်မ (၂၀)၊ (၂၁)၊ (၂၂) မှာက မီဒီယာသမားတွေက တကယ်လို့ ဒီလိုမျိုးဖြစ်တယ်ဆိုရင် ခုနကဒဏ်ငွေတွေ၊ ထောင်ဒဏ် ၆ လတို့၊ ဒဏ်ငွေ သိန်း ၅၀ က သိန်း ၁၀၀ တို့ ဆိုတဲ့ဟာတွေက ကျနော်တို့ လိုအပ်တာထက်ပိုပြီးတော့ ပြင်းထန်နေတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါတွေက လွတ်လပ်စွာ စာပေ သတင်းထုတ်ဖော်ရေးသားခွင့်အတွက် နည်းနည်းထိန်းချုပ်ချင်တဲ့ သဘော၊ ဟန့်တားချင်တဲ့သဘောတွေ သက်ရောက်နေတာ တွေ့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့ မြန်မာစာနယ်ဇင်း ကောင်စီက ဆွေးနွေးပွဲလုပ်ပြီးတော့ ဒီမူကြမ်းကို လုံး၀ သဘောမတူဘူးဆိုတာကို ကျနော်တို့ ထုတ်ပြန်ကြေညာခဲ့တယ်။”

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို နိုင်ငံတော်သမ္မတရုံး နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။ စာနယ်ဇင်းကောင်စီရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ပုံနှိပ်ထုတ်ဝေခွင့်တွေအတွက် ရေးဆွဲဖို့ ဥပဒေပိုင်းဆိုင်ရာ အချက်တွေ ပါဝင်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ပြန်ကြားရေးဌာနက အခုလို ပုံနှိပ်လုပ်ငန်းနဲ့ ထုတ်ဝေသူများ ဥပဒေကြမ်းကို ထုတ်လိုက်တာဟာ စာနယ်ဇင်းကောင်စီကို အလေးမထားတဲ့သဘောရောက်သလို ဖြစ်ရကြောင်း၊ စာနယ်ဇင်းကောင်စီ အပေါ်မှာ ယုံကြည်မှုအားနည်းနိုင်စေသလို ဂုဏ်သိက္ခာကို ထိခိုက်နိုင်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းကို မြန်မာအစိုးရက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ဖော်ပြခဲ့တာဖြစ်လို့ မြန်မာစာနယ်ဇင်းသမားအားလုံးက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြတာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ပြောပြပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံဆိုင်ရာ သတင်းစာဆရာအသင်းပေါ့လေ Myanmar Journalists Association ကလည်း သဘောမတူကြောင်း ကန့်ကွက်ပါတယ်။ နောက် Myanmar Journalists Network ကလည်း ကန့်ကွက်ပါတယ်။ နောက် ကျနော်တို့ပါဝင်တဲ့ Myanmar Journalists Union ပေါ့လေ၊ ကျနော်တို့ သမဂ္ဂကလည်း ကန့်ကွက်ပါတယ်။ ဒါ့အပြင် ကျနော်တို့ မီဒီယာကြီးတွေ အသီးသီးကလည်း ကန့်ကွက်ထားတာရှိပါတယ်။ နောက်ပြီးတော့ Press Council မှာလည်း ဒီဟာကို ကန့်ကွက်တာမှာ တညီတညွတ်တည်း သဘောထား အများစုက ကန့်ကွက်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီဥပဒေကို မီဒီယာလောကသားတွေက သဘောမကျဘူးဆိုတာ ပေါ်လွင်ထင်ရှားနေတာ တွေ့ရပါတယ်။”

အပြောင်းအလဲတွဖြစ်လာပြီဆိုတဲ့ မြန်မနိုင်ငံတွင်းမှာ မီဒီယာလွတ်လပ်ခွင့်တွေ တစုံတရာ ရလာပြီဆိုတဲ့ ထင်မြင်ယူဆချက်တွေကို ဒီဥပဒေကြောင့် အဟန့်အတားတွေ ပြန်ဖြစ် သွားစေနိုင်တယ်လို့လည်း ဆိုပါတယ်။

“ဒီဥပဒေက သွားနေတဲ့ မီဒီယာလွတ်လပ်ခွင့် အရှိန်ကို တကယ့်ကို ဆွဲချလိုက်သလို ဟန့်တားနှောက်ယှက်မှုတွေ ရှိလာတယ်။ နောက်တခုက ရှင်းရှင်းလေးပဲ။ ပြန်ကြားရေးဝန်ကြီးဌာန က မီဒီယာလောကကို ဆက်လက် ချုပ်ကိုင်လိုချင်တဲ့သဘော၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍကို ကြီးကြီးမားမားတည်ရှိလိုတဲ့သဘော ကြိုးပမ်းဆောင်ရွက်တာလို့ ကျနော်ကတော့ အဲဒီလိုပဲ နားလည်ပါတယ်။ ၆၂ ပုံနှိပ်ဥပဒေကို ရုပ်သိမ်းတယ်ဆိုသော်လည်းပဲ အဲဒီအလားတူ ပုံစံသည်ပင်ပဲ ပြန်ပြီးတော့ မီဒီယာလောကကို ထိန်းချုပ်ဖို့၊ register ကိုထိန်းပြီးတော့လုပ်ဖို့ ဆိုတဲ့ဟာမျိုးတွေကို ကျနော်နားလည် သဘောပေါက်ပါတယ်။ ဒါကြောင့် ဒါတွေကိုတော့ ကျနော်တို့အနေနဲ့ မလိုအပ်တော့ဘူးဆိုပြီး အခုလို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေညာရတာပါ။”


ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း ခံရတဲ့ ဦးအောင်ကြည်ကတော့ စာနယ်ဇင်းအမြုတေကောင်စီကို ဖျက်သိမ်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကို ဖွဲ့စည်းစဉ်အချိန်က မီဒီယာဥပဒေကို စာနယ်ဇင်းကောင်စီ နဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲကြမယ်လို့ ပြောဆိုထားခဲ့တာပါ။ စာနယ်ဇင်းသမားတွေမသိတဲ့ ဒီဥပဒေမူကြမ်းကို ထုတ်ပြန်ခြင်းအပေါ်မှာ ရိုးသားမှုမရှိဘူး ဆိုပြီး စာနယ်ဇင်းသမားတွေ က ဝေဖန်မှုတွေ လုပ်ကြသလို ဒီဥပဒေဟာ မီဒီယာလွတ်လပ်ခွင့်တွေကို ထိန်းချုပ်တဲ့ ဥပဒေသာ ဖြစ်ကြောင်း စာနယ်ဇင်းသမားတွေက ပြောဆိုနေကြပါတယ်။
XS
SM
MD
LG