သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလစာသတ်မှတ်ရေး အမေရိကန် FLA အလုပ်သမားသမဂ္ဂထောက်ခံ


မြန်မာနိုင်ငံမှာ မကြာသေးခင်က အဆိုပြုထားတဲ့ အနိမ့်ဆုံးလုပ်ခလစာအဖြစ် တနေ့ကို မြန်မာကျပ် ၃,၆၀၀ နှုန်းကို အမေရိကန်ပြည်ထောင်စုအခြေစိုက် နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးနဲ့ နာမည်ကျော် စီးပွားရေးကုမ္ပဏီတွေက ထောက်ခံကြိုဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒီနှုန်းအောက်လျှော့ပေးဖို့ စည်းရုံးလုပ်ဆောင်နေတဲ့ ပြည်တွင်း အထည်ချုပ်လုပ်ငန်းရှင်တွေရဲ့ လုပ်ရပ်တွေကို ကန့်ကွက်လိုက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မျှတတဲ့ လုပ်ခလစာကိုပေးဖို့ လိုလားကြောင်း ပြောကြားလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီက အဆိုပြုထားတဲ့ အနိမ့်ဆုံးလုပ်ခလစာနှုန်းကို အစိုးရ အပါအဝင် ပြည်တွင်းအထည်ချုပ်နဲ့ ဖိနပ်စက်ရုံ လုပ်ငန်းရှင်တွေအနေနဲ့ လက်ခံကြဖို့ ဝါရှင်တန်ဒီစီအခြေစိုက် တရားမျှတတဲ့ အလုပ်သမားသမဂ္ဂ FLA က တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံတကာ အလုပ်သမား အခွင့်အရေးတွေအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ FLA မှာ Adidas၊ Chico Bag၊ New Balance၊ College Kids စတဲ့ နာမည်ကျော် အမေရိကန် စီးပွားရေးကုမ္ပဏီကြီး ၁၇ ခု ပူပေါင်းပါဝင်နေပါတယ်။ တနှစ်လောက် ဆွေးနွေးညှိနှိုင်းမှုတွေကနေ ရလာတဲ့ အလုပ်သမားတွေကို တနေ့ကို အမေရိကန်ဒေါ်လာ ၃ ဒဿမ ၂၀ နဲ့ညီတဲ့ မြန်မာကျပ်ငွေ ၃,၆၀၀ ပေးဖို့ အဆိုပြုချက်ကို သူတို့အနေနဲ့ ထောက်ခံကြောင်း FLA ရဲ့ ဒုဥက္ကဌ Jason Judd က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့အဖွဲ့အနေနဲ့ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်ရှင်တွေနဲ့ အစိုးရတို့ကြား တနှစ်ကြာ စေ့စပ်ဆွေးနွေးမှုတွေကို လေ့လာစောင့်ကြည့်ခဲ့တာပါ။ အခုလို ဆွေးနွေးမှုကနေ ထွက်လာတဲ့ ရလဒ်တွေကို လေးစားလိုက်နာဖို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ပို့ကုန်ထုတ်လုပ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံမှာ အနိမ့်ဆုံးလစာကို ထပ်ပြီး လျှော့ချမယ်ဆိုတာ မသင့်တော်ဘူးလို့ ကျနော်တို့ မြင်ပါတယ်။”

ဒါ့အပြင် အထည်ချုပ်နဲ့ ဖိနပ်စက်ရုံလုပ်ငန်းရှင် အဖွဲ့အစည်းတွေကနေ ဒီအနိမ့်ဆုံးလုပ်ခလစာကို သဘောမတူဘဲ လျှော့ပြီးပေးဖို့ ဆွဲဆောင်စည်းရုံးနေတာတွေကိုလည်း သူတို့အနေနဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း Jason Judd က ပြောပါတယ်။

“အထည်ချုပ်လုပ်ငန်းအနေနဲ့ အလုပ်သမားတွေကို သင့်တင့်လျောက်ပတ်တဲ့ လစာပေးသင့်ပါတယ်။ လစာကို ဘယ်လိုနည်းနဲ့ နှိမ်ပေးရမယ်ဆိုတာ စဉ်းစားနေလို့ မဖြစ်ပါဘူး။ ကျနော်တို့ထုတ်ပြန်တဲ့စာမှာ ပြီးခဲ့တဲ့သီတင်းပတ်က လက်မှတ်ရေးထိုးထားတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အောင်မြင်တာ တွေ့လိုတာပါ။ ဒါ့အပြင် ဒီကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေရဲ့ အကျိုးကို ရှေ့ရှုမယ့်ကိစ္စရပ်တွေနဲ့ မျှတတဲ့လစာ ရရှိရေးကို လိုလားကြပါတယ်။ ဒါကြောင့် အခုလို အချက်တွေပေါ် အခြေခံပြီး ပြည်တွင်းမှာရှိတဲ့ အနိမ့်ဆုံးလစာကို မပေးလိုကြတဲ့ လုပ်ငန်းရှင်တွေကို ကျနော်တို့ ဆန့်ကျင်ကန့်ကွက်တာ ဖြစ်ပါတယ်။”

ဒါ့အပြင် အလုပ်သမားနဲ့ လူမှုဖူလုံရေးဌာန ဝန်ကြီး ဦးအေးမြင့်ဆီကိုလည်း ဇူလိုင်လ ၁၄ ရက်နေ့ရက်စွဲနဲ့ FLA အဖွဲ့ကြီးက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ အဲဒီထဲမှာ အထည်ချုပ် အလုပ်သမားတွေအတွက် တနေ့လုပ်ခလစာ ကျပ်ငွေ ၃,၆၀၀ ပေးမယ်ဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးရာမရောက်ဘူးဆိုတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ တင်ပြချက်တွေဟာ လွဲှမှားတဲ့ အယူအဆသာဖြစ်ပြီး အစိုးရပိုင်းအနေနဲ့ အလေးမထားဖို့ အကြံပေးထားပါတယ်။

အခုအဆိုပြုထားတဲ့ အနိမ့်ဆုံးလုပ်ခလစာထက် လျှော့ပြီးပေးမယ်ဆိုရင် သိန်းနဲ့ချီတဲ့ အထည်ချုပ် အလုပ်သမားတွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ သတိပေး ရေးသားထားပါတယ်။ ဒေသတွင်း အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေအရ ဒီလိုအပ်ချက်တွေကြောင့် အလုပ်သမားထုကို မကျေမနပ်ဖြစ်စေပြီး ဆန္ဒပြပွဲတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ လာရောက်ဖို့ တွန့်ဆုတ်စေတယ်လို့ ဝန်ကြီး ဦးအေးမြင့်ကို ရေးသားထားတဲ့စာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာမှာ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ FLA အဖွဲ့ကြီးကို လွန်ခဲ့တဲ့ ၁၅ နှစ်က သမ္မတဟောင်း ကလင်တန်အစိုးရက ဦးစီး တည်ထောင်ခဲ့တာပါ။ လက်ရှိ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးရေးနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အမေရိကန်လုပ်ငန်းရှင်တွေက စိတ်ဝင်စားနေကြတာပါ။ ဥရောပကုမ္ပဏီ အများအပြား မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလာနေပေမဲ့လည်း အမေရိကန်ကုမ္ပဏီတွေကတော့ အလုပ်သမားတွေရဲ့ လုပ်ခလစာနှုန်းနဲ့ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ညီ မညီ စောင့်ကြည့်နေတယ်လို့ FLA ရဲ့ ဒုဥက္ကဌ Jason Judd က ဗွီအိုအေကို ပြောသွားပါတယ်။

XS
SM
MD
LG