သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာအပါအဝင် အများပြည်သူ ရန်ကုန်ဗလီလေ့လာ


မိတ္ထီလာမြို့က ဗလီတစ်ခုရှေ့ သံဃာတချို့ ဖြတ်သန်း သွားလာနေပုံ။ (မတ်လ ၂၅ ရက်၊ ၂၀၁၃)။
မိတ္ထီလာမြို့က ဗလီတစ်ခုရှေ့ သံဃာတချို့ ဖြတ်သန်း သွားလာနေပုံ။ (မတ်လ ၂၅ ရက်၊ ၂၀၁၃)။
ဗလီတွေထဲမှာ လက်နက်တွေ သိုလှောင်ထားတယ်၊ ဗလီကျောင်းတွေဟာ စစ်စခန်းတွေ ဖြစ်တယ်လို့ စွပ်စွဲချက်တွေ ရှိနေတဲ့အတွက် အစ္စလာမ်ဘာသာဝင် ဝတ်ပြုရာ ဗလီတွေထဲကို အများပြည်သူ ဝင်ထွက်သွားလာခွင့်၊ လေ့လာကြည့်ရှု ခွင့်တွေ ပြုလုပ်နိုင်ဖို့ မြန်မာမူစလင်ခေါင်းဆောင်တွေက ဒီကနေ့ ပထမဆုံး အကြိမ် စီစဉ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေအပါအဝင် လေ့လာသူ ၁၀၀ ကျော်ဟာ ဒီကနေ့ မနက်အစောပိုင်းမှာပဲ ဗိုလ်အောင်ကျော် လမ်းမှာရှိတဲ့ ဗိုလ်အောင်ကျော် ဗလီ ဝတ်ပြုကျောင်းတွေကို ဝင်ရောက် လေ့လာခဲ့ပါတယ်။ ဒီအကြောင်း အပြည်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ရန်ကုန် သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

ဘာသာရေး ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်တဲ့ လူတစ်စုက မူစလင်တွေရဲ့ ဗလီတွေထဲမှာ အက်စစ်တွေနဲ့ လက်နက်တွေ သိုလှောင်ထားပြီး စစ်စခန်းတစ်ခုလို ပြုလုပ်နေတယ်ဆိုတဲ့ ဝါဒ ဖြန့်ချိမှုတွေဟာ တကယ် မဟုတ်တဲ့အကြောင်း ဒီကနေ့ကစပြီး ဗလီတွေကို လေ့လာနိုင်တဲ့ အစီအစဉ်တစ်ခုကို ဗိုလ်အောင်ကျော် လမ်းက ဗလီမှာ ကျင်းပခဲ့တာပါ။
အခုလို ဗလီထဲကို အခြား ဘာသာဝင်တွေ ဝင်ထွက် ကြည့်ဖို့ စီစဉ်ပေးတဲ့ နေရာမှာ အခြား တစ်စုံတစ်ရာ အခက်အခဲတွေ ကြီးကြီးမားမား မရှိဘဲ ပြေပြေလည်လည် ရှိခဲ့တယ်လို့ ပွဲစီစဉ်ပေးတဲ့ အဖွဲ့ဖြစ်တဲ့ Pray for Myanmar က ကိုဇော်မင်းလတ် က ပြောပါတယ်။

“ဗလီတွေကို ဝင်ကြည့်အောင် စီစဉ်ပေးတဲအချိန်မှာ အားလုံးက ချောချောချူချူပဲ ခင်ဗျ။ ဘာအခက်အခဲမှ မရှိပါဘူး။ ကျနော်တို့ အာဏာပိုင်ကို ခွင့်ပြုချက်ယူတဲ့အချိန်ကနေ နောက်ဆုံးပြီးတဲ့ အချိန်အထိမှာ အားလုံး ပြေပြေလည်လည်နဲ့ အခက်အခဲမရှိအောင် အောင်မြင်စွာ ပြီးဆုံးနိုင်ပါတယ်ခင်ဗျ။”

ဗုဒ္ဓဘာသာမြန်မာတွေအနေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြားမှာ အခြား အထင်အမြင်လွဲမှားမှုတွေ ထပ်မရှိစေဖို့ နဲ့ လုံး၀ အထင်အမြင်လွဲမှားမှုတွေ မရှိဖို့ အတွက် ဘာသာတစ်ခုနဲ့တစ်ခုအကြား အပြန်အလှန် နားလည်သည်းခံပြီး အမြင်ချင်းဖလှယ်နိုင်တဲ့အထိ ဖြစ်အောင် အခုလို ဗလီလေ့လာရေးတွေကို စီစဉ်ခဲ့တာ ဖြစ်တယ်လို့လည်း ကိုဇော်မင်းလတ်က ပြောပါတယ်။

“ကျနော်တို့ ဗုဒ္ဓဘာသာနဲ့ မူစလင်ကို အကြမ်းဖက်လူတစ်စုက စနစ်တကျ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် တချို့က ဝါဒဖြန့်တာတွေ ရှိပါတယ်ခင်ဗျ။ ဝါဒဖြန့်တယ်ဆိုတာ ကျနော်တို့ ဗလီထဲမှာ underground ထားတယ်။ ဗလီထဲကို ဗုဒ္ဓဘာသာတွေ ဝင်လို့မရဘူး။ ဗလီထဲမှာ စစ်သင်တန်းတွေ ပေးနေတယ်။ ဗလီထဲမှာ ဟိုဟာတွေလုပ်တယ်ဆိုပြီးတော့၊ ဒါတွေကို အစ်ကိုတို့လည်း ကြားပါမယ်။ ကျနော်တို့လည်း ခဏခဏ ကြားနေရပါတယ်ခင်ဗျ။ ဒါတွေကို ကျနော်တို့က မဟုတ်ဘူး ဆိုတာလည်း အရင်ကတည်းက ပြောပြထားပြီးသားဖြစ်ပါတယ်ခင်ဗျ။”

ဇွန်လ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ ဗလီလေ့လာရေးအတွက် လာရောက်တဲ့ ဧည့်သည်တွေဟာ အချိန် ၂ နာရီ နီးပါးလောက် ဗလီ ဝတ်ပြုကျောင်းထဲမှာ ရှိတဲ့ ဘာသာရေး သဘောတရားတွေကို လေ့လာခဲ့တယ်လို့ ဗလီ ဝတ်ပြုကျောင်း လေ့လာရေးမှာ ပါလာတဲ့ မူစလင်တဦးလည်းဖြစ်၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက် က ခေါင်းဆောင်ပိုင်း တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။

“မနက်ပိုင်း ၉ နာရီကျော်လောက် လူစုံတဲ့အခါမှာ အားလုံး သံဃာတော်တွေရော၊ ဘုန်းကြီးတွေရော၊ ဧည့်သည်တော်တွေရော၊ ဗလီကို လိုက်လေ့လာတယ်ပေါ့။ ဗလီဝတ်ပြုတဲ့ သဘောတရား၊ ဝတ်ပြုဆောင်တွေ၊ ဓမ္မစင်တွေ။ နောက် အဲဒီမှာရှိတဲ့ ကျနော်တို့ သင်္ကေတတွေပေါ့။ နောက် ကိုယ်လက် သန့်စင်တဲ့နေရာတွေ။ စာသင်ဆောင်တွေ။ အကုန်လုံးပါပဲ။ အဓိက ကတော့ ဗလီတွေဟာ စစ်စခန်းမဟုတ်ဘူး။ လက်နက်တွေ သိုလောင်ထားတဲ့ဟာတွေ မဟုတ်ဘူး။ ဒီဟာလေးတွေကို နည်းနည်းစဉ်းစားဖြစ်အောင်ပေါ့။ အဲဒါက ပထမပိုင်းမှာ အားလုံး လိုက်ကြည့်ကြတယ်ပေါ့။”

ဒီကနေ့ လေ့လာရေးခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့တဲ့ သံဃာတော်တွေလည်း ဗလီ ဝတ်ပြုကျောင်းအတွင်း ဝင်ရောက်လေ့လာခဲ့ပြီး ဆရာတော် ဘဒ္ဒ န္တပဏ္ဍဝံသ က ဘာသာရေးနဲ့ပတ်သက်ပြီး သံသယတွေ ကင်းရှင်းရေး မိန့်ကြားခဲ့ပါတယ်။

အခုလို ဗလီထဲကို ဝင်ရောက်လေ့လာခွင့်ရတဲ့အတွက် နောက်အခါမှာ သံသယတွေလည်း ဘာသာတစ်ခုနဲ့တစ်ခု ကြားမှာ ကင်းဝေသွားနိုင်တယ်လို့ ဆရာတော် ဘဒ္ဒ န္တပဏ္ဍဝံသ က မိန့်ကြားပါတယ်။

“အဲဒီတော့ သူတို့က လူတစ်စုကြောင့်ပဲဖြစ်ဖြစ်၊ လူတစ်စုကြောင့် မဟုတ်တာပဲဖြစ်ဖြစ်၊ အရေးကြီးဆုံးကတော့ စစ်ပွဲတွေထက် အရေးကြီးတာ ပဋိပက္ခပေါ့နော်။ စစ်ပွဲဆိုတာ ကချင်ပြည်နယ်မှာ ဖြစ်ရင် ကချင်ပြည်သူတွေပဲ စစ်ပွဲဒဏ်ခံရတယ်ပေါ့နော်။ ရခိုင်ပြည်နယ်မှာဖြစ်ရင် ရခိုင်ကပြည်သူတွေပဲ ခံစားရတာ။ အခုလို ဘာသာရေးကို အခြေခံပြီးတော့၊ လူမျိုးရေးကို အခြေခံပြီးတော့ ပဋိပက္ခ တစ်ခုခုဖြစ်ရင်တော့ တနိုင်ငံလုံးက ရှိနေတဲ့ပြည်သူတွေ အားလုံး ဒုက္ခရောက်ကြရတဲ့ဟာကို ခံစားရမှာပဲ။”

ဘာသာပေါင်းစုံ ယဉ်ကျေးမှုတွေ ဖလှယ်တဲ့ ဒီပွဲမှာ မြန်မာနိုင်ငံအတွင်း မှာ နေထိုင်ကြတဲ့ ဘာသာပေါင်းစုံရဲ့ ဝတ်ပြုကျောင်းတွေနဲ့ ဘုရားတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ဘာသာပေါင်းစုံက ဘာသာဝင်တွေက အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လေ့လာမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့လည်း ကိုဇော်မင်းလတ် ကပြောပါတယ်။

ရှေ့တပတ်မှာ အင်းစိန်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ကို လေ့လာရေး သွာဖို့ စီစဉ်ထားပြီးတော့ မူစလင်တွေလည်း လာရောက်လေ့လာမှာ ဖြစ်တယ်လို့ ဘာသာပေါင်းစုံ လေ့လာရေးပွဲ စီစဉ်ရေးလုပ်တဲ့ Pray For Myanmar အဖွဲ့က ခေါင်းဆောင်ပိုင်းတွေက အတည်ပြုပြောကြားခဲ့ပါတယ်။
XS
SM
MD
LG