သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PR စနစ်ကိစ္စ ကော်မရှင်ဖွဲ့လေ့လာဖို့ ပြည်သူ့လွှတ်တော်သဘောတူ


ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းထားတဲ့ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး ကော်မတီ ကော်မရှင်ဖွဲ့ လေ့လာသုံးသပ်ဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သဘောတူ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒီလို ပညာရှင်တွေပါ ပါဝင်ပြီး ကော်မရှင်ဖွဲ့ သုံးသပ် လေ့လာဖို့ ကိစ္စကို PR စနစ်ကို ထောက်ခံသူ လွှတ်တော်အမတ်တွေရော၊ ဆန့်ကျင်ကန့်ကွက်သူ လွှတ်တော်အမတ်တွေကပါ လက်ခံလိုက်ကြတာပါ။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရေးအဆိုကို အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ပြီး၊ သူတင်သွင်းခဲ့တဲ့အဆိုကို လွှတ်တော်တွင်း ဆွေးနွေးဖို့ အများစုက သဘောတူထားခဲ့တာပါ။

ထောက်ခံသူတွေနဲ့ ဆွေးနွေးသူတွေ၊ နောက် ကြားနေသူတွေ ၂ ရက်တာ အချေအတင် ဆွေးနွေးခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၂၉ ရက်နေ့မှာတော့ PR စနစ်နဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့ပြီး လေ့လာသုံးသပ်ကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောတဲ့အပေါ် အားလုံးက သဘောတူလိုက်တဲ့အကြောင်း ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောပါတယ်။

“ဆွေးနွေးပြီးမှ ဥက္ကဌကတော့ ဒီဟာနဲ့ပတ်သက်ပြီးမှ ကော်မရှင်တခုဖွဲ့ပြီးမှပေါ့နော် မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံး ဘယ်လိုမျိုးဝိုင်းပြီး ရွေးချယ်ကြမယ်ဆိုတာ ပညာရှင်တွေရော ပါပြီးမှ ဒီကော်မရှင်ဖွဲ့ပြီးမှ ဆွေးနွေးဆုံးဖြတ်ဖို့အတွက် အဲ့လိုပဲ ပြောပြီးမှ အဲ့ဒီကိစ္စကိုသာ အားလုံးက ဝိုင်းအတည်ပြုလိုက်ပါတယ်။ ဒီနေ့မှ ကျမတို့က အဲ့ဒါပြောတယ်ဆိုတော့ ဘယ်နေ့မှ ဖွဲ့မယ်ဆိုတာ မပြောဘူး။ အဲ့လိုကော်မရှင်ဖွဲ့ပြီး ကော်မရှင်က ဆုံးဖြတ်ပြီးရင်တောင်မှ ပြည်ထောင်စုလွှတ်တော်က ဒီဟာကို ဥပဒေရေးဆွဲမယ်လို့ ပြောတယ်။ ပြည်ထောင်စုလွှတ်တော်က ဥပဒေရေးဆွဲပြီးလို့ အဲ့ဒါ အတည်ဖြစ်မှ လုပ်မယ်လို့ ပြောပါတယ်။”

ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီရဲ့ အမတ် ဒေါ်ဒွဲဘူက လွှတ်တော်တွင်း တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်တွေနဲ့ အမျိုးသမီး ကိုယ်စားလှယ်တွေ ပါဝင်နိုင်မှု ပိုများလာနိုင်မယ်လို့ ယုံကြည်ပြီး PR အချိုးကျ ကိုယ်စားပြုစနစ်ကို ထောက်ခံ ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။

PR စနစ်နဲ့ ပတ်သက်လို့ စပြီး ပြောဆို ဆွေးနွေးကြချိန်ကတည်းက တောက်လျှောက် ကန့်ကွက်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က PR စနစ်နဲ့ ပတ်သက်လို့ ကော်မတီ၊ ကော်မရှင်ဖွဲ့ပြီး လေ့လာသုံးသပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ လက်ခံသဘောတူတယ်လို့ ဆိုပါတယ်။

“လွှတ်တော်ဥက္ကဌကြီးက ပြောတာပေါ့နော် ဘာလို့ဆိုတော့ ဒီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကလည်း မဖြစ်မနေ လိုအပ်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကလည်း မဖြစ်မနေ လိုအပ်တယ်။ အဲ့ဒီအတိုင်းပဲပေါ့နော် ခုနက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကလည်း မဖြစ်မနေ လိုအပ်တယ်။ အဲ့ဒါတွေ အထိအခိုက် မခံနိုင်တဲ့အတွက် ကျနော့်အနေနဲ့ ဒီလို PR စနစ်ကို အခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီး ပြည်နယ်မှာ ဆောင်ရွက်မယ်ဆိုတဲ့ အဆိုဆိုရင် ကျနော် လက်မခံနိုင်ဘူး။ လက်မခံတာဘာလဲဆိုတော့ ဒီလို ဆောင်ရွက်တဲ့နေရာမှာ မျှမျှတတဖြစ်အောင် ကော်မတီ၊ ကော်မရှင်ဖွဲ့ပြီးတဲ့အခါမှာ ကော်မတီ၊ ကော်မရှင်ရဲ့ သုံးသပ်အကြံပြုချက်ကို လွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လွှတ်တော်က အဲ့လို ဆုံးဖြတ်လိုက်တယ်ဗျ။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က ဒီ PR စနစ်ကို ထောက်ခံတာမဟုတ်ဘူး။ လွှတ်တော်ဥက္ကဌကနေပြီးတော့ ကော်မတီ၊ ကော်မရှင်ဖွဲ့ပြီးတဲ့အခါမှာ ဒီကော်မတီ၊ ကော်မရှင်ရဲ့ သုံးသပ်အကြံပြုချက်ကို လွှတ်တော်မှာ အဆုံးအဖြတ် ပြန်ယူမယ်လို့ ပြောတဲ့အတွက် ကျနော်တို့က မကန့်ကွက်တာ။ အဲ့ဒီလွှတ်တော်ဥက္ကဌရဲ့ အထက်ပါ ရှင်းလင်းချက်ကိုပဲ ကျနော်တို့က ထောက်ခံတာပါခင်ဗျ။”

PR စနစ်ကို တိုင်းဒေသကြီးတွေမှာ ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသား လူနည်းစု ကိုယ်စားလှယ်တွေ ပါဝင်နိုင်ခွင့် ပိုများလာနိုင်မယ်လို့ ကချင်ပြည်နယ်အမတ် ဒေါ်ဒွဲဘူက ယုံကြည်ပေမဲ့ အဲဒါနဲ့ ဆန့်ကျင်ဘက် တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါဝင်နိုင်မှု အခွင့်အလမ်း နည်းမယ်လို့ ယူဆသူကတော့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ် ဦးရဲထွန်း ဖြစ်ပါတယ်။

“PR စနစ်ပြောင်းလဲကျင့်သုံးမယ်ဆိုရင် အခွင့်အလမ်းက နည်းသွားမယ်။ ဒါကြောင့်မို့လို့ လက်ရှိစနစ်နဲ့သာ ကျနော်တို့က သင့်လျော်တယ်၊ ကိုက်ညီတယ်၊ တခြားစနစ်တွေ မပြောင်းချင်ဘူးဆိုတဲ့ အမြင်မျိုးနဲ့ ကျနော်တို့က ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ စနစ်လို့ ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အပြုသဘောအနေနဲ့ ဆွေးနွေးလို့ရှိရင်လည်း ဆွေးနွေးနိုင်တဲ့ အနေအထား ရှိပါတယ်။ သို့သော်လည်း ကျနော်တို့ပါတီအနေနဲ့က တခြားသော တိုင်းရင်းသားပါတီတွေနဲ့လည်း ကျနော်တို့ အပြင်မှာ ညှိနှိုင်းတိုင်ပင်ထားတာ ဖြစ်တဲ့အတွက် သွေးစည်းညီညွတ်မှုကို ပြတဲ့အနေနဲ့ ကျနော်တို့က ဒီဟာကို ရွေးကောက်ပွဲစနစ် အပြောင်းအလဲကို ကန့်ကွက်တယ်ဆိုတဲ့ သဘောထားကို ထုတ်ဖော်တဲ့အနေနဲ့ ဒီနည်းနဲ့ ဆန္ဒပြတာဖြစ်ပါတယ်။”

တိုင်းရင်းသားပါတီတချို့က လွှတ်တော်ကိုယ်စားလှယ် အယောက် ၃၀ ကျော် လွှတ်တော်အစည်းအဝေးမတက်ဘဲ သဘောမတူကြောင်း ပြသခဲ့တဲ့ထဲမှာ ကျားဖြူပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးစလုံးလည်း ပါဝင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

PR စနစ်နဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့ လေ့လာသုံးသပ်ဖို့ သဘောတူလိုက်ကြပြီဖြစ်ပေမဲ့လည်း ဘယ်သူတွေပါဝင်ပြီး ဘယ်တော့စဖွဲ့မယ်၊ ကော်မရှင်သက်တမ်း ဘယ်လောက်ကြာမယ် စတဲ့ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

XS
SM
MD
LG