သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပပိတ်ဆို့မှု ရုပ်သိမ်းပေးရေး သမ္မတ ဦးသိန်းစိန် တောင်းဆို


သမ္မတ ဦးသိန်းစိန်နဲ့ ဥရောပသမဂ္ဂ ကော်မရှင် အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို
သမ္မတ ဦးသိန်းစိန်နဲ့ ဥရောပသမဂ္ဂ ကော်မရှင် အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို
အီးယူ ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုအားလုံး ရုပ်သိမ်းဖို့ မှာ မြန်မာနိုင်ငံမှာ ခြေခြေမြစ်မြစ်ရှိပြီး အများလက်ခံနိုင် တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေ ဖြစ်ရေးဟာ အဓိကထည့်သွင်းစဉ်းစားတဲ့ အချက်တချက် ဖြစ်တဲ့အကြောင်း ဥရောပပါလီမန်ဥက္ကဋ္ဌက ပြောပါတယ်။

ဥရောပ ၅ နိုင်ငံ ခရီးထွက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မနေ့က အင်္ဂါနေ့မှာတော့ အီးယူ ဥရောပသမဂ္ဂရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့ကို ရောက်ရှိလာခဲ့ပြီး ဥရောပ ပါလီမန်ဥက္ကဋ္ဌ မာတင် ရွှဇ် (Martin Schulz) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်ရုပ်သိမ်းပေး ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်က ဥရောပအကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့သလို ဥရောပပါလီမန်ဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံမှာ အခြေခိုင် တဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်အောင် ကြိုးပမ်းဖို့ တိုက်တွန်းသွားပါတယ်။

“မြန်မာနိုင်ငံဘက်က အရေးယူ ပိတ်ဆို့မှုတွေ အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တောင်းဆိုထား တာ၊ မြန်မာနိုင်ငံဘက်က လိုလားချက်ဆန္ဒကို ကျနော်တို့ နားလည်ပါတယ်။ ဒီလို တောင်းဆိုတာကို နားလည်ပေမဲ့လည်း ဥရောပပါလီမန် တွေဘက်က ချမှတ်ထားတဲ့ သတ်မှတ်ချက်တချို့နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။ ခြေခြေမြစ်မြစ်ရှိပြီး အများလက်ခံနိုင်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုတွေ ရှိရေးက အဓိက အချက်တခုပါ။ နောက်ဆုံး တခု ကျနော် အလေးအနက် ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပပါလီမန်က ချီးမြှင့်တဲ့ Sakharov လူ့အခွင့်အရေးဆုကို လက်ခံရရှိထားသူ ဖြစ်တယ်ဆိုတာနဲ့ အချိန်အကြာ ကြီး စောင့်ခဲ့ပြီးနောက်မှာတော့ နောက်ဆုံး သူ့ကို ဥရောပပါလီမန်ကို ဖိတ်ခေါ်ပြီး ကိုယ်တိုင်ကိုယ် ကျ ဆုချီးမြှင့်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုတာပါပဲ။”

မြန်မာသမ္မတနဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဥရောပပါလီမန်ဥက္ကဋ္ဌ မာတင် ရွှဇ် (Martin Schulz) ပြောသွားတာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပပါလီမန်ရဲ့ လွတ်လပ်စွာ တွေးခေါ်မှုဆု Sakharov ဆုကို ၁၉၉၀ ခုနှစ်တုန်းက ချီးမြှင့်ခံခဲ့ရတာပါ။

အဲ့ဒီအချိန်က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား သားဖြစ်သူက ဆုကို လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံရယူနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ဥရောပပါလီမန်ဥက္ကဋ္ဌ က ပြောသွားခဲ့တာပါ။

မြန်မာအစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့တော့ သမ္မတဦးသိန်းစိန်က ဒီပူးတွဲသတင်းစာရှင်းလင်းပွဲတွင်းမှာပဲ အခုလို ပြောကြားသွားခဲ့ပါတယ်။

“နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး အပိုင်းမှာ အပိုင်း ၂ ပိုင်း ကျနော် တို့ ဆောင်ရွက်ရပါတယ်။ တစ်ပိုင်းကတော့ နိုင်ငံရေး အဖွဲ့အစည်းတွေ တည်တည်ငြိမ် ငြိမ် အေး အေးချမ်းချမ်း ရှိဖို့အတွက် ကျနော်တို့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တွေမှာ နိုင်ငံသားအားလုံး ပါဝင်လာအောင် အခွင့်အရေးတွေ ပေးပြီးတော့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။”

သမ္မတ ဦးသိန်းစိန်ဟာ မနေ့က ဥရောပပါလီမန်ဥက္ကဋ္ဌ အပြင် ဥရောပကော်မရှင် အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို (Jose Manuel Barroso) ၊ အီးယူဥက္ကဋ္ဌ ဟာမန် ဗန် ရွမ်ပေး (Herman Van Rompuy) နဲ့ အီးယူနိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှ်တန် (Catherine Ashton) တို့နဲ့လည်း တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ အီးယူရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အီးယူခေါင်းဆောင်တွေအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေ မှာ အီးယူအနေနဲ့ ဆက်ပြီး အားပေး ကူညီသွားမယ့်အကြောင်းနဲ့ အီးယူနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး တိုးမြှင့် တည်ဆောက်သွားမယ့်အကြောင်းတွေကို ပြောဆိုခဲ့ကြတာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ခုထက်ပိုပြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့ အကြောင်းလည်း အီးယူ ခေါင်းဆောင်တွေက တိုက်တွန်း ပြောဆိုခဲ့ကြတာပါ။
အခုလို မြန်မာသမ္မတဦးသိန်းစိန် ဥရောပနိုင်ငံတွေကို ရောက်ရှိလာပြီး အီးယူ ဥရောပ သမဂ္ဂ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနေချိန်မှာပဲ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဖော်ဆောင်နေ တယ် ဆိုပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက် အောင် ဆောင်ရွက်ရမယ့် အခြေအနေတွေ အများကြီး ကျန်နေသေးတဲ့အကြောင်း သတိပေး ထောက်ပြ ပြောဆိုခဲ့ပါတယ်။

နှစ်ပေါင်းများစွာအတွင်း မြန်မာသမ္မတတစ်ဦး ဥရောပနိုင်ငံတွေကို တရားဝင်လာရောက်တဲ့ အခုခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ဟာ နော်ဝေ၊ ဖင်လန်၊ သြစတြီးယားနဲ့ ဘယ်လ်ဂျီယံ နိုင် ငံတွေကို ရောက်ရှိလာခဲ့တာဖြစ်သလို အခု ဘယ်လ်ဂျီယံပြီးရင် အီတလီနိုင်ငံကိုလည်း ခရီးဆက်ဦးမှာ ဖြစ်ပါတယ်။
XS
SM
MD
LG