သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ရွေးကောက်ပွဲ ဝင် မဝင် နိုင်ငံရေးအခြေအနေပေါ်မူတည်


လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ အခြေအနေ ၃ ရပ်ပေါ်မှာ မူတည်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်ရေးအတွက် စဉ်းစားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးက တရားဝင် ထုတ်ဖော်ပြောဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း ထွက်ပေါ်နေတဲ့ ရွေးကောက်ပွဲ မဝင်ဘူးဆိုတဲ့သတင်းနဲ့ မဝင်တော့ကြောင်း ပါတီဥက္ကဌထံကို စာပေးပို့ထားတယ် ဆိုတာကိုလည်း အတည်မပြုကြောင်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း စာရင်းမှာ နိုင်ငံတော်သမ္မတ အမည်မပါသေးကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဦးသိန်းစိန်ဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း သတင်းတွေလည်း တဆက်တည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့သတင်းကို အတည်မပြုကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆိုပါတယ်။

“မဝင်ဘူးဆိုတဲ့ဟာကို အတည်မပြုနိုင်ဘူး။ နံပါတ်တစ် - တိုင်းပြည်ရဲ့ အခြေအနေ၊ နံပါတ်နှစ် - ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ နံပါတ်သုံး - ပြည်သူလူထုရဲ့ အနေအထား ဒီသုံးချက်ပေါ်မူတည်ပြီးတော့ စဉ်းစားဆုံးဖြတ်မယ်လို့ ပြောထားပါ တယ်။ အဲဒါတွေလည်း သူ ခြုံငုံသုံးသပ်ပြီး စဉ်းစားမှာပါ ဟုတ်ကဲ့။”

ပြည်ခိုင်ဖြိုးပါတီဥက္ကဌထံကို ဦးသိန်းစိန်က ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတဲ့ အကြောင်းကြားစာ ပေးပို့တယ်ဆိုတာကိုလည်း အတည်မပြုနိုင်ကြောင်း ဦးဇော်ဌေးက ပြောဆိုပြီး ဒီသတင်းထွက်ပေါ်လာတဲ့ အပေါ်မှာ အခုလို သုံးသပ်ပြောဆိုပါတယ်။

“ထွက်ပုံထွက်နည်းက ဘီဘီစီသတင်းထောက်ကို ခေါ်ပြတယ်လို့ပြောတယ်။ အဲ့စာကိုပြတယ်တဲ့။ အဲ့စာကိုပြတာက ဘယ်သူက ပြတာလဲ မသိဘူး။ အဲတော့ ဒီပါတီမှာ သတင်းထုတ်ပြန်ရေး အဖွဲ့တွေ ဖွဲ့ထားတယ်။ အဲဒီပြတဲ့သူကလည်း ဘယ်သူမှန်းမသိဘူး။ အဲဒီလူကပဲ ထုတ်ပြန်တာလား။ ဒါမျိုး ထုတ်ပုံထုတ်နည်းက တမျိုးဖြစ်နေတယ်။ အဲတော့ ဒါကြီးက ဒီထုတ်တဲ့နည်းလမ်းကြီးက ပြောရရင်တော့ ဟို မေးခွန်းထုတ်စရာဖြစ်နေတယ်။”

ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဝင်းမြင့်က လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင်ဖို့ ရက်ကလည်း လိုသေးတယ်။ သြဂုတ်လ ၈ ရက်နေ့အထိပေါ့လေ ရက်ကလည်း လိုသေးတော့ ကျနော်တို့ သိတာကတော့ တချို့နေရာ အပြောင်းအလဲလေးတွေ နည်းနည်းပါးပါးရှိတယ်။ အဲဒါလေးတွေကိုလည်း ပါတီတွင်းမှာလည်း ကျနော်တို့က နောက်ဆုံးအဆင့် စကာတင် ရွေးချယ်မှုပေါ့လေ လုပ်နေတယ်လို့ပဲ ကျနော်တို့ သိတယ်။ သမ္မတကြီးအတွက်ကလည်း ကျနော်တို့က မူလ ၂၀၁၀ မှာလည်း အောင်နိုင်ထားတဲ့ ဇဗ္ဗူသီရိမှာလည်း ထားထားတယ်၊ ချန်ထားတယ်၊ နေရာလုပ်ထားတယ်လို့ပဲ သိတယ်။ ကျနော်တို့ ပါတီအနေနဲ့ကတော့ သမ္မတကြီးကို ဒီလိုပစ်ပစ်ခါခါ မရွေးဘူး ရွေးမယ် ဘာညာဆိုတာ ကျနော်တို့ဘက်ကလည်း ပြောဖို့လည်း မရှိပါဘူး။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်ကတော့ အရင်ကလည်း အလားတူ သတင်းမျိုး ထွက်ပေါ်လာဖူးကြောင်း ပြောဆိုပါတယ်။

“သူရဦးရွှေမန်းက ဟိုးအစောကြီးကတည်းက သမ္မတဦးသိန်းစိန်က လာမယ့်သက်တမ်းမှာ ဆက်ပြီးတော့ တာဝန်ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့မှ သူ့ကို လာပြောတယ်ဆိုပြီးတော့မှ သူပြောခဲ့ဖူးတယ်။ ဒါကို မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ အဲဒါကို နောက်ပိုင်းမှာ သေချာရှင်းလိုက်တဲ့ အခါကျတော့မှ ဦးရွှေမန်းက သူ့ဘာသာသူ တဦးချင်းပြောတဲ့စကားကို သူ့ဟာသူ အတင်းပြန်ကောက်ပြီး ထုတ်ပြန်လိုက်တဲ့ သဘောပေါ့နော်။ အဲတော့ အခုကိစ္စမှာလည်းပဲ အလားတူများလား ကျနော်တို့ စဉ်းစားစရာရှိပါတယ်။ ဒီစာက ဘာလို့ သတင်းထောက်တွေနဲ့ သတင်းဌာနတွေဆီ ရောက်လာသလဲပေါ့နော်။ သမ္မတကြီးက ထုတ်ပြန်တယ်ဆိုရင်တော့ ဒါ ရောက်သွားဖို့ အကြောင်းရှိတာပေါ့။ သမ္မတကြီးက သူရဦးရွှေမန်းဆီ ပေးလိုက်တာကိုး။ သူရဦးရွှေမန်းက ဒါကို ဟိုလို မရှင်းလင်းသေးခင်မှာ အရင်ဦးဆုံး ထုတ်လိုက်ချင်တဲ့သဘောနဲ့ သတင်းဌာနကို ပေးသလား။ ဒါကို ကျနော်တို့ ကောင်းကောင်း မသိနိုင်သေးဘူး။”

လောလောဆယ်မှာ ပြည်ခိုင်ဖြိုးပါတီအတွင်းမှာ အားပြိုင်မှုတွေရှိနေပြီး လက်ရှိဖြစ်ပေါ်လာတဲ့ အခြေအနေဟာ ဒီအားပြိုင်မှုတွေထဲက ဂယက်တခု ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ ပြည်သူတွေက တောင်းဆိုလာရင် ဒုတိယအကြိမ် သမ္မတသက်တမ်းအတွက် စဉ်းစားသွားမှာဖြစ်ကြောင်းကို မဲခေါင် ဂျပန်ထိပ်သီး စည်းဝေးပွဲ တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်ရှိခိုက် ဂျပန်အစိုးရသတင်းဌာန NHK နဲ့ သီးသန့်မေးမြန်းစဉ်မှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG