သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိမ်တော် ပုံမှန်သတင်းစာရှင်းလင်းပွဲ နေပြည်တော်မှာစတင်


ဒီကနေ့ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစတင်ပြီး နိုင်ငံတော်သမ္မတ အိမ်တော်တွင်းက အပတ်စဉ် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွေမှာ သမ္မတအိမ်တော် သတင်းထောက်တွေ တရားဝင် သတင်း စတင်ရယူနိုင်ပါပြီ။

နိုင်ငံတော်သမ္မတရုံး အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ သတင်းအချက်အလက်တွေကိုလည်း သမ္မတအိမ်တော်သတင်းထောက်တွေ ပုံမှန်သတင်းရယူခွင့်ရပြီပါတယ်။ အရင်က ဆက်သွယ်ရယူ မေးမြန်းဖို့ခက်ခဲတဲ့ အစိုးရပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို သတင်းမီဒီယာတွေအနေနဲ့ ပုံမှန်ရယူနိုင်တော့မယ့် ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တော်က သမ္မတအိမ်တော်မှာ ဒီကနေ့ ဧပြီလ ၁ ရက်နေ့ကစတင်ပြီး သမ္မတဦးသိန်းစိန်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သမ္မတအိမ်တော်သတင်းထောက်အဖြစ် သတင်းရယူခွင့်ပြုထားတဲ့ သတင်းမီဒီယာသမားတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဧပြီလ ၁ ရက်နေ့မှာ စတာပေါ့ဗျာ။ ကျနော်တို့က နောင်ဆိုရင်တော့ တရက်ကြိုပြီးတော့မှ အီးမေးလ်ကနေတဆင့် နောက်နေ့မှာလုပ်မယ့် သမ္မတကြီးရဲ့အစီအစဉ်တွေကို ဖြန့်ဝေမယ်။ ဒီနေ့လုပ်တဲ့ဟာတော့ သူတို့ကို မနေ့က ရှင်းပြလိုက်တယ်။ ဒီနေ့မှာ သူတို့လာစောင့်ပြီးတော့မှ သူတို့ထဲက ကျနော်တို့ ကန့်သတ်အရေအတွက်ပေါ့လေ ဝင်ခိုင်းတယ်။ ဓာတ်ပုံရိုက်တယ်။ ပြန်ထွက်တယ်။ တွေ့ဆုံပွဲပြီးသွားတဲ့အခါမှာ ကျနော်က သွားပြီးတော့ ရှင်းပြပါတယ်။ ဒီနေ့နေ့လည်မှာလည်း အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mrs. Pelosi နဲ့ တွေ့ဆုံပွဲပြီးတော့လည်း ကျနော်ပဲသွားပြီးတော့ ရှင်းပြပါတယ်။ ဒါကတော့ လက်ရှိ ကျနော်တို့လုပ်နေတဲ့ပုံစံပေ့ါ။ သမ္မတရုံးဘက်ကတော့ နေ့စဉ်မနက် ၁၀ နာရီမှာ ကိုဇော်ဌေးက လာပြီးတော့မှ သိသင့်သိထိုက်တဲ့ အချက်တွေရှိရင် ရှင်းပြမယ်။ နောက်တခါ ဒုတိယအဆင့်အနေနဲ့ ကျနော်တို့ရည်မှန်းထားတာတော့ ဝန်ကြီးဌာနတွေမှာ ကျနော်တို့ အမြဲတမ်း အတွင်းဝန်ရုံးတွေ ဖွင့်ပြီးတဲ့အခါမှာ မီဒီယာဆက်ဆံရေးအရာရှိတွေ ခန့်ထားပြီးတော့ သင်တန်းလည်း ပေးထားပြီးပါပြီ။ ဒုဝန်ကြီးတွေနဲ့ အဲ့လိုအရာရှိတွေကိုလည်း ဒီမှာ သမ္မတအိမ်တော်မှာ ဖိတ်ပြီးတော့မှ မီဒီယာတွေနဲ့ တွေ့ဆုံပေးဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။”

သမ္မတအိမ်တော် သတင်းထောက်တွေအတွက် အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲနဲ့ ဝန်ကြီးဌာနတွေရဲ့ အလှည့်ကျ သတင်းစာရှင်းလင်းပွဲတွေ အပါအဝင် သမ္မတအိမ်တော်တွင်းက နေ့စဉ် သတင်းအချက်အလက် ရယူနိုင်တော့မယ့် အစီအစဉ်တွေကိုလည်း စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

“ခင်ဗျားတို့ အမေရိကန်သမ္မတ အိမ်တော်မှာလိုပဲ နေ့စဉ် သတင်းထောက် ၅၀ ထဲက လာချင်သလောက်လာပေါ့ဗျာ။ ကျနော်တို့က ရှင်းပြမယ်။ သူတို့မေးတာကိုဖြေမယ်။ တကယ်လို့ ထူးခြားတဲ့အစီအစဉ်တွေ ရှိလို့ရှိရင်တော့ ကျနော်တို့ လိုအပ်လို့ရှိရင် သီးခြားနေရာ တနေရာစီစဉ်ပြီးတော့ ရှင်းပြမယ်။ ကျနော်တို့ သတင်းခန်းတခုလုပ်ထားတယ်။ အင်တာနက်သုံးလို့ရအောင်လည်း လုပ်ပေးထားတယ်။ နောက်တခါ ဝင်ကြီးဌာနတွေက သူတို့ဟာသူတို့ ထုတ်ပြန်တဲ့ press statement လိုဟာမျိုးတွေ ရှိလို့ရှိရင် ရယူနိုင်အောင်လို့ ကျနော်တို့ သတင်းခန်းကပဲ ဖြန့်ဝေပေးပါမယ်။ အရင်တုန်းကတော့ အခါအားလျော်စွာ အခမ်းအနားရှိရင် ခေါ်ပြီးတော့ လုပ်တယ်ဆိုပေမဲ့ အခုကတော့ နိုင်ငံတကာမှာလိုပဲ စနစ်တကျဖြစ်အောင် ကျနော်တို့ စလုပ်တယ်လို့ ပြောလို့ရပါတယ်။ သူတို့သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာလည်း သတင်းထုတ်ပြန်ရေး အခန်းလေးတွေလုပ်ဖို့ ကျနော်တို့ တိုက်တွန်းနေတာပေါ့။ ပထမအဆင့်အနေနဲ့ သမ္မတအိမ်တော်မှာ လာပြီးတော့ ထိတွေ့မယ်ဆိုရင် ကျနော်ထင်တယ် သတင်းစီးဆင်းမှုက ပိုပြီးတော့ ပြန်လာမယ်။ သတင်းထောက်တွေအနေနဲ့လည်း သတင်းတခုရလို့ရှိရင် မှန် မမှန် အတည်ပြုနိုင်မယ့် အခွင့်အရေးတွေ ပိုရလာမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ သို့သော် တကယ် အလုပ်ဖြစ်အောင်ကတော့ သတင်းသမားတွေရော၊ သက်ဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ရေး အရာရှိတွေရော ပေါင်းပြီးတော့ လုပ်ရမှာပေါ့။”

ဒါကြောင့် သတင်းမီဒီယာသမားတွေအနေနဲ့ သမ္မတအိမ်တော်တွင်း သတင်းယူခွင့် ရနိုင်ဖို့အတွက်က မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသတင်းမီဒီယာတွေနဲ့ ပြည်တွင်းသတင်းဌာနတွေက သတ်မှတ်ချက်တွေနဲ့ အညီ သမ္မတအိမ်တော် သတင်းထောက်တွေကို နေပြည်တော်မှာ ထားရှိပေးထားရတာ ဖြစ်ပါတယ်။

နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ သတင်းသမားတွေအတွက် သတင်းမီဒီယာခန်း ဖန်တီးပေးထားမှာ အပါအဝင် နေ့စဉ် ပုံမှန် သတင်းအချက်အလက် ရယူနိုင်ဖို့အတွက် သမ္မတရုံးဘက်က စီစဉ်ပေးထားမယ့်အကြောင်းနဲ့ မီဒီယာသတင်းဌာနတွေဆီကနေ သမ္မတအိမ်တော် သတင်းထောက် ထားရှိနိုင်ရေး သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ အကြံပြု ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ သမ္မတအိမ်တော် သတင်းထောက်တဦးဖြစ်တဲ့ ကိုလင်းဘိုဘိုက အခုလို ပြောပြပါတယ်။

“သမ္မတအိမ်တော်ကို သတင်းယူခွင့်ပေါ့နော် တစ်ဌာနကို တစ်ယောက်ပေါ့ ပြည်တွင်းရော၊ နိုင်ငံတကာ သတင်းဌာနရော တစ်ဌာနကိုတစ်ယောက် လျှောက်ထားခွင့်ရှိတယ်လို့ သူတို့က အကုန်လုံးကို ကြေညာလိုက်တယ်။ ကြေညာလိုက်တဲ့အချိန်မှာ သူ့စည်းကမ်းချက်တွေတော့ ပါတာပေါ့ဗျာ။ ဥပမာ - အနည်းဆုံး မီဒီယာလုပ်သက် ၅ နှစ်ရှိရမယ်တို့၊ အခြေခံသတ်မှတ်ချက်တွေပေါ့နော်။ နောက်တခါ သတင်းထောက်လှမ်းရေးဂိတ်ပေါ့နော်။ အရင်တုန်းကဆိုရင် သမ္မတအိမ်ကိုဝင်ရင်ဗျာ သမ္မတအိမ်မှာ event တခုခု လုပ်လို့ရှိရင် ပြန်ကြားရေးကနေ တဆင့်သွားတယ်။ အခုကျတော့ အဲ့ဒီဟာအဆင့် မရှိတော့ဘဲနဲ့ ဝင်ရထွက်ရတဲ့ အနေအထားကတော့ အရင်ကထက်စာရင် နည်းနည်းလေးတော့ ရှင်းသွားတယ်ပေါ့။ အရင်ကဆို ကျနော်တို့က လာရတယ်။ ပြန်ကြားရေးကိုသွားရတယ်။ ပြန်ကြားရေးက စီစဉ်ပေးတဲ့ဟာနဲ့သွား။ သွားပြီး အစစ်ဆေးခံ။ အခုကျတော့ သမ္မတအိမ်အထိကို တိုက်ရိုက် ကိုယ့်ဟာကိုယ်သွား။ နေ့တိုင်းနေ့တိုင်း သွားနေလို့ရတာပေါ့လေ။”

သမ္မတရုံးအပါအဝင် အစိုးရဝန်ကြီးဌာနတွေရဲ့ သတင်းအချက်အလက် မှန်ကန်မြန်ဆန်စွာ စီးဆင်းနိုင်ရေးအတွက် အဓိက ရည်ရွယ်ပါတယ်ဆိုပြီးတော့ သမ္မတအိမ်တော်မှာ ဧပြီလ ၁ ရက်နေ့ကစလို့ သတင်းမီဒီယာတွေနဲ့ ပုံမှန်တွေ့ဆုံဖို့ အစီအစဉ်ကို စတင်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါဟာ ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေပါတယ်ဆိုတဲ့ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတော်အသင့် ရှိလာနေပြီလို့ ဆိုနိုင်ပေမဲ့ အစိုးရတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ အနေနဲ့ သတင်းမီဒီယာတွေအပေါ် သတင်းအချက်အလက် ဖြန့်ဝေမှု အားနည်းနေတဲ့အတွက် အခုလိုသမ္မတအိမ်တော်မှာ ပုံမှန်သတင်းရယူခွင့်နဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ပြီး အရင်ကထက်စာရင်တော့ သတင်းအချက်အလက် တရားဝင်ရယူခွင့်ရနိုင်တော့မယ့် အနေအထားဖြစ်ပြီး ဝန်ကြီးဌာနတွေရဲ့ ရှင်းလင်းချက်တွေကိုလည်း တရားဝင်သိရှိနိုင်တော့မှာဖြစ်တယ်လို့ သတင်းမီဒီယာသမားတွေက ပြောဆိုပါတယ်။

XS
SM
MD
LG