သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မြန်မာ့အရေး မျက်ခြေမပြတ်ကြာင်း ပြော


သမ္မတအိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေစဉ် (၁၂-၂-၂၀၁၃)
သမ္မတအိုဘားမား နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားနေစဉ် (၁၂-၂-၂၀၁၃)
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သူ့ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းထဲမှာ မြန်မာပြည်ခရီးစဉ်ရဲ့ အတွေ့အကြုံကို အလေးအနက်ထား ထည့်သွင်းပြောဆိုသွားတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုဆိုလိုက်ပါတယ်။ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်
အောင် အမေရိကန်ပြည်ထောင်စု က ဦးဆောင်ဦးရွက် ပြုပြီးတော့ တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အိုဘားမားရဲ့ မြန်မာ့ အရေး မှတ်ချက်အပေါ်မှာ တုံ့ပြန်ချက်တချို့ကို ဒေါ်ခင်စိုးဝင်း က စုစည်းတင်ပြထားပါတယ်။

သမ္မတ အိုဘားမား က အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတဝှမ်း စီးပွားရေးနဲ့ အမျိုးသမီး စွမ်းရည်မြင့်မားရေးအတွက် ထိတွေ့ ဆက်ဆံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးတော့ ကူညီအားပေးနေ တယ်လို့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောဆိုရင်းနဲ့ မနှစ်တုန်းက သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ သမိုင်းတွင်တဲ့ အပြောင်းအလဲကို လည်း ထည့်သွင်းပြောဆိုသွားပါတယ်။

သမ္မတ အိုဘားမား က သမိုင်းတွင်တဲ့ အပြောင်းအလဲ အခါသမယမှာ အမေရိကန်ပြည်ထောင်စုဟာ လွတ်မြောက်မှုကို တောင့်တနေကြသူတွေ အားလုံးရဲ့ မီးရှုးတန်ဆောင်အဖြစ် ရပ်တည်နေဆဲ
ဖြစ်တယ်လို့ အခုလို ပြောဆိုသွားပါတယ်။

“မနှစ်က ရန်ကုန်ကို ရောက်တုန်းက မျှော်လင့်ခြင်းရဲ့ ခွန်အားတွေကို ကျနော် တွေ့ခဲ့ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် က သူ နှစ်ပေါင်းများစွာ အကျဉ်းကျခဲ့တဲ့ သူ့ရဲ့ နေအိမ်ကို အမေရိကန်သမ္မတတဦး လာရောက်ခဲ့တဲ့အတွက် ခရီးဦးကြိုဆိုခဲ့သလို၊ ထောင်နဲ့ချီ တဲ့ မြန်မာပြည်သူတွေကလည်း လမ်းဘေး ဝဲယာကနေ အမေရိကန် အလံတွေကို ဝှေ့ယမ်းပြီး ကြိုဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တရားမျှတမှုနဲ့ ဥပဒေစိုးမိုးမှု ရှိသလို၊ မြန်မာပြည်မှာလည်း တရားမျှတမှုနဲ့ ဥပဒေ စိုးမိုးရေး ရှိစေချင်ပါတယ်လို့ ပြောတဲ့သူ တယောက်လည်း ကျနော့်ကို ကြိုဆိုတဲ့ လူထုထဲမှာ ပါဝင်တာ တွေ့ခဲ့ရပါတယ်။”

သမ္မတ အိုဘားမားရဲ့ ဒီမှတ်ချက်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ကြိုဆိုတယ်လို့ NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်း ကို ဗွီအိုအေ ကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေက အနောက်နိုင်ငံကြီးများရဲ့ ပါဝင် ပံ့ပိုးမှုတွေ အများကြီး ပါတယ်လို့ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်။ ဒါကြောင့် အခု ဒီဟာလည်း တသမတ်တည်း သဘောထားမျိုး ထုတ်ဖော် ပြောဆိုတာ ကြိုဆိုပါတယ်။”

လွတ်မြောက်မှုကို အကာအကွယ်ပေးတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုဟာ အမေရိကတိုက် ကနေ အာဖရိကတိုက်အဆုံး၊ ဥရောပတိုက်ကနေ အာရှတိုက်အဆုံး ခိုင်မာတဲ့ မဟာမိတ်အဖြစ်နဲ့ ရပ်တည်နေတဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။

ရှေ့နေများကွန်ရက်ရဲ့ ကိုယ်စား ရှေ့နေကြီး ဦးလှထွန်းကတော့ သမ္မတ အိုဘားမာရဲ့ ဒီမှတ်ချက်ကို ထောက်ခံတယ်လို့ အခုလို ပြောဆိုပါတယ်။

“တရားမျှတမှု၊ ဥပဒေစိုးမိုးမှုက နှစ်ပေါင်းများစွာပေါ့နော် ကျနော်တို့ လွတ်လပ်ပွင့်လင်းမှု ဆုံးရှုံးခဲ့တာနဲ့အမျှပဲ ကျနော်တို့ ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ ကျနော်တို့ ဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု ရရှိရေးကို ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ဥပဒေပညာရှင်ရော၊ တက်ကြွလှုပ်ရှားသူ
တွေရော၊ နောက်တခါ နိုင်ငံတကာ ရှေ့နေအဖွဲ့တွေ ဥပဒေအသိုင်းအဝိုင်း ကနေပြီးတော့လည်း ပူးပေါင်းဆောင်ရွက်နေတာကို အားရဖွယ်ရာ ကျနော်တို့ တွေ့ရပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒီဟာကို ကျနော်တို့ ကြိုးစားအားထုတ်နေတာ ဖြစ်တဲ့အတွက် သမ္မတကြီးရဲ့ ပြောစကားက အားလုံးအတွက် အင်မတန်မှကို အားကောင်းတဲ့ ထောက်ခံပေးမှုဖြစ်ပါတယ်။”

ရန်ကုန်မြို့ကို ခေတ္တအလည်ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်သူ ရုပ်ရှင်မင်းသမီး အဆိုတော် မေဆွိ ကလည်း သမ္မတ အိုဘားမားရဲ့ မိန့်ခွန်းပါ မှတ်ချက်နဲ့ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ဗွီအိုအေကို အခုလို ပြောပြပါ တယ်။

“ကျမကတော့ သူပြောတဲ့ဟာက မြန်မာပြည်အတွက်ကို ကောင်းစေတဲ့ ရည်ရွယ်ချက်နဲ့ ပြောတဲ့အတွက်ကြောင့်မို့ ဖြစ်လဲဖြစ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီလိုလဲဖြစ်လာလိမ့်မယ်လို့ ကျမ စိတ်ထဲမှာပေါ့နော် အဲ့လိုလေး ထင်ပါတယ်။ ကောင်းပါတယ် အဲ့ဥစ္စာကတော့။ နောက်တခုကလည်း ဘာပဲဖြစ်ဖြစ် သူ မြန်မာပြည်ကိုလည်း ရောက်ဖူးသွား တယ်။ မြန်မာပြည်ကိုလည်း စိတ်ဝင်တစားနဲ့ ဒီလိုလေး တစေ့တစောင်းပေါ့နော် သူ့ရဲ့မိန့်ခွန်းတွေ ထဲမှာ ဒီလိုလေး ထုတ်ထုတ်ပြီး ပြောလာတဲ့အတွက်ကြောင့်မို့ ကျမတို့ မြန်မာပြည်
ဟာ အရင်ကလို အထီးကျန် ဖြစ်မနေတော့ဘဲနဲ့ တဖြည်းဖြည်းချင်းနဲ့ မျက်စိကျယ်ပြီးတော့ သာယာဝပြောတဲ့ နိုင်ငံကြီးတခု ဖြစ်လိမ့်မယ်လို့ ကျမကတော့ မျှော်လင့်ပါ တယ်။ အဲ့လိုလဲထင်ပါတယ်။”

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာတဝှမ်း မွေးရာပါ အခွင့်အရေး တောင်းဆိုနေကြသူတွေနဲ့အတူ ရပ်တည်နေပြီးတော့ တည်ငြိမ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ထောက်ခံနေတဲ့ အကြောင်း သမ္မတ အိုဘားမား က နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အလေးအနက် ထည့်သွင်း
ပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG