သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်အရေး ဗြိတိန်ပါလီမန်ကြားနာ


မဲဟောင်ဆောင်ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်တွေ
မဲဟောင်ဆောင်ဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်တွေ

ဗြိတိန်နိုင်ငံအနေနဲ့ နယ်စပ်ဒုက္ခသည်တွေအတွက် အထောက်အပံ့တွေကို ဆက်လက်ကူညီသွားမယ်လို့ ယုံကြည်ကြောင်း ကရင်နီဒုက္ခသည် ကော်မတီက ပြောပါတယ်။ ကရင်နီဒုက္ခသည်ကော်မတီက ကိုယ်စားလှယ်တွေအပါအဝင် မြန်မာ့ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့ဟာ ဗြိတိန်လွှတ်တော်မှာကျင်းပတဲ့ မြန်မာဒုက္ခသည်အရေးကြားနာပွဲကို တက်ရောက်ခဲ့ကြတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံ တင်ပြပေးထားပါတယ်။

ဗြိတိန်လွှတ်တော်မှာ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့က မြန်မာဒုက္ခသည်အရေး ကြားနာပွဲကို မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့အဖွဲ့ တက်ရောက်ပြီး နယ်စပ်ဒုက္ခသည်တွေနဲ့ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးပုန်းအောင်းနေသူတွေရဲ့အရေးနဲ့ပတ်သက်လို့တင်ပြခဲ့ကြတာပါ။ သမ္မတဦးသိန်းစိန်အစိုးရက ပြုပြင်ပြောင်းလဲရေးကြိုးပမ်းနေတယ်ဆိုပေမယ့် ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်တွေရဲ့အခြေအနေဟာ စိုးရိမ်နေရတဲ့ အနေအထားမှာ ရှိနေဆဲပဲလို့ ဗြိတိန်လွှတ်တော်ကြားနားပွဲမှာ ကိုယ်တိုင်ထွက်ဆိုခဲ့တဲ့ ကရင်နီဒုက္ခသည်ကော်မတီအတွင်းရေးမှူး Luiz Kaypoe (လူးဝီစ်ကေပို) က ပြောပါတယ်။

“အလှူရှင်တွေက လျှော့ချတဲ့အပေါ်မှာ အထောက်အပံ့တွေကလည်း လုံလောက်မှုမရှိတော့ဘူး။ နောက်ပြီးတော့ အခုမှာကျတော့ မြန်မာ နိုင်ငံမှာ ပြောင်းလဲတဲ့အခြေအနေပေါ်မူတည်ပြီးတော့ - နေရာကိုပြန်ရမှာပေါ့နော်၊ ပြည်တွင်းထဲကိုပြန်ရမယ်လို့ သူတို့ကြားတဲ့အခါမှာ သူတို့စိတ်ထဲမှာ ကြောင့်ကြမှုတွေဖြစ်ပေါ်လာတယ်၊ စိုးရိမ်မှုတွေဖြစ်ပေါ်လာတဲ့အခြေအနေမှာ ရှိတယ်။ နောက်ပြီးတော့ သူတို့ကြည့်လို့ရှိရင် ပြည်တွင်းမှာက ပြန်နိုင်တဲ့အနေအထားမျိုးလည်း ဘာမှ ကျနော်တို့မတွေ့ရသေးဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုရင်တော့ အစိုးရဘက်က နေပြီးတော့မှ …ထုတ်ပေးတာတွေ မရှိသေးဘူး၊ နောက်ပြီးတော့မှ လယ်မြေတွေလည်း သူတို့သိမ်းထားတဲ့ဟာတွေလည်း ရှိနေသေးတယ်။ အဲဒီအပေါ်မှာ သူတို့ပြန်သွားလို့ရှိရင် ဘယ်မှာနေမှာလဲဆိုတာ ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မှုရှိပါတယ်ခင်ဗျ။”

ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင် ဒေသဘက်က ကရင်နီဒုက္ခသည်စခန်းနှစ်ခုမှာဆိုရင် ဒုက္ခသည်ဦးရေ သောင်းနဲ့ချီ ရှိနေတာပါ။ ဗြိတိန်နိုင်ငံ အနေနဲ့ ဒီဒုက္ခသည်တွေအတွက် အထောက်အပံအကူအညီတွေကိုဆက်လက်ပေးသွားလိမ့်မယ်လို့ သူ့အနေနဲ့ယုံကြည်ကြောင်း လူးဝီစ်ကေပိုက ဆိုပါတယ်။

“သူတို့နဲ့တွေ့တဲ့အခါမှာ သူတို့ရဲ့အထောက်အပံ့တွေကို ဒုက္ခသည်တွေ အိမ်ပြန်မရောက်မချင်း ဒုက္ခသည်တွေကို သူတို့ ဆက်လက် ကူညီနိုင် တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဘာလဲဆိုရင် သူတို့ပြောတာက ဒုက္ခသည်တွေရဲ့အခြေအနေကို ပြောပြပြီးတဲ့နောက်ပိုင်းမှာ သူတို့ လည်း သူတို့ရဲ့အထောက်အပံ့တွေကို ဒိထက်ပိုပြီးတော့ မလျှော့ချဖို့ပေါ့နော်၊ သူတို့ ကူညီနေတဲ့အနေအထားမှာပဲ သူတို့ ဆက်လက်ရပ်တည်ပြီး တော့မှ ဒုက္ခသည်တွေကို ဆက်လက်ကူညီသွားမယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရတယ်။”

လက်ရှိမြန်မာနယ်စပ်တလျှောက်ကြည့်မယ်ဆိုရင် ကချင်၊ ရှမ်း ပြည်နယ်ဘက်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာပါ။ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ နယ်မြေရှင်းလင်းရေးဆိုပြီး မြန်မာတပ်မတော်က ထိုးစစ်ဆင်နွဲှနေတာကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံနေကြတာပါ။ အခုလို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အလားအလာနည်းနေတဲ့အချိန် ထိုင်း မြန်မာနယ်စပ်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအလားအလာဟာလည်း မရေရာ မသေချာဖြစ်နေတယ်လို့ လူးဝီစ်ကေပိုက ပြောပါတယ်။

“ထိုင်းအစိုးရဘက်ကနေပြီးတော့ သူတို့ ….တာရှိတယ်။ ဒုက္ခသည်တွေ နှစ်နှစ်အတွင်း ပြန်နိုင်မယ့်အနေအထားကို စီစဉ်မယ်လို့ ပြောပါတယ်။ ဆိုတော့ သူတို့ပြောတဲ့နှစ်နှစ်အတွင်းက အခုကစပြီးတော့ ဒုက္ခသည်တွေကို ပြန်ပို့မှာလား၊ သို့မဟုတ်လို့ရှိရင် မြန်မာနိုင်ငံမှာ အခြေအနေ ပြောင်းလဲသွားတဲ့တနေ့ကို အဲဒီရက်ကနေစပြီးတော့ နှစ်နှစ်ကိုပြောသလားဆိုတာ အဲဒီရက်ကို အတိအကျ ပြောလို့လည်း မရသေးဘူး ပေါ့နော်၊ ဆိုတော့ ကျနော်တို့ခန့်မှန်းရတာတော့ ဒုက္ခသည်တွေပြန်နိုင်ဖို့ အချိန်က မြန်မာနိုင်ငံမှာ Nationwide cease fire ဖြစ်ပြီးတော့မှပဲ နိုင်ငံရေး ဒိုင်ယာလော့ဂ်ပေါ့နော်။ Political Dialogue ကိုရောက်တဲ့အဆင့်အထိ ရောက်မှသာလျှင် ဒီဒုက္ခသည်တွေ ပြန်နိုင်မယ်ဆိုတဲ့ အနေအထားမျိုး ရှိပါတယ်။ ဆိုတော့ Political Dialogue က ဘယ်တော့ဖြစ်လာမလဲဆိုတာတော့ ကျနော်တို့ ပြောလို့မရသေးဘူးပေါ့နော်၊ ဆိုတော့ ဒုက္ခသည်တွေပြန်နိုင်မယ့်အနေအထားက တော်တော်လေး အချိန်အတိုင်းအတာတခုအထိ ကျနော်တို့ စောင့်ရအုံးမယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်ခင်ဗျ။”

ဗြိတိန်လွှတ်တော် ကြားနားဖြစ်မြောက်ဖို့ All-Party Parliamentary Group for Democracy in Burma မြန်မာ့ဒီမိုကရေစီအတွက် ဖွဲ့စည်းထားတဲ့ ဗြိတိန်ပါတီပေါင်းစုံက လွှတ်တော်အမတ်အဖွဲ့ကနေ ဦးဆောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒီကြားနားပွဲကိုတက်ရောက်ခဲ့တဲ့ မြန်မာဒုက္ခသည်အရေးဆောင်ရွက်နေတဲ့အဖွဲ့မှာ ကရင်နီဒုက္ခသည်ကော်မတီက လူးဝီစ်ကေပိုအပါအဝင် TBC ရဲ့အမှုဆောင်ညွန်ကြားရေးမှူး Sally Thompson၊ KWO ၊ ကရင်အမျိုးအဖွဲ့အစည်းက နော်တယ်မလာစောတို့ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်း မြန်မာ ဒုက္ခသည် စခန်းတွေမှာ လက်ရှိ ဒုက္ခသည်ဦးရေ တစ်သိန်းကျော် ရှိနေပြီး ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူဦးရေ တစ်သိန်းနှစ်သောင်း လောက် ရှိပါတယ်ရှင်။

XS
SM
MD
LG