သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ် မြန်မာဒုက္ခသည်အချို့နေရပ်ပြန်ပို့ဖို့ စီစဉ်


Salah seorang perempuan tertua di dunia, perempuan Thailand berusia 105 tahun tinggal di kota Satuek, provinsi Buriram.
Salah seorang perempuan tertua di dunia, perempuan Thailand berusia 105 tahun tinggal di kota Satuek, provinsi Buriram.
လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒုက္ခသည်အရေး လှုပ်ရှားသူတွေက သတိပေးပြောဆိုနေတဲ့ကြားက ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေကို အသုတ်လိုက် နေရပ်ရင်းပြန်ပို့ဖို့ ပြင်ဆင်နေပါတယ်။ နှစ်ဘက် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင် ဖို့ တွေ့ဆုံဆွေးနွေးနေ ချိန်မှာပဲ ကရင်ပြည်နယ်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးတို့ ပူးပေါင်းပြီး နေရာပြန်လည်ချထားရေး စီစဉ်ပေးနေတယ်လို့ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူက ပြောပါတယ်။ နယ်မြေတည်ငြိမ်မှု မရှိသေးတဲ့အပြင် နေရပ်ရင်းပြန်မယ့် ဒုက္ခသည်တွေအတွက် လုံခြုံရေး နဲ့ ဘဝရပ်တည်ရေး စတဲ့ အာမခံချက်တွေ အပြည့်အဝမရှိသေးတာကြောင့် ဒုက္ခသည်အများစုက မပြန်လိုဘဲ ဖြစ်နေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို အိမ်ထောင်စုလိုက် မိသားစုတွေကို လူအယောက်၂၀၊ ၃၀ စသဖြင့် အသုတ်လိုက် နေရပ်ရင်းပြန်ပို့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့အရေး မြန်မာအစိုးရနဲ့ ထိုင်းအစိုးရ ပူးပေါင်းပြီး ပြန်ပို့ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်ပြန်ပို့မှာကို ဒုက္ခသည်အများစုက မလိုလားကြဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဒုက္ခသည်တွေကို ကိုယ်တိုင် ကွင်းဆင်း ကူညီဆောင်ရွက်ပေးနေသူ ကိုစောအယ်လ်ဘတ်က ပြောပါတယ်။

ဒီလိုပဲ စိတ်ချရတဲ့အာမခံချက်မရှိသေးဘဲ ဒုက္ခသည်တွေကို နေရပ်ရင်း အတင်းအကျပ် ပြန်မပို့သင့်ဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးကြေညာချက်တွေ ထုတ်ပြန်ပြီး တားမြစ်နေတာ ဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ကိုစောအယ်လ်ဘတ်က ပြောပါတယ်။

“ပုံစံအမျိုးမျိုး ရှိပါတယ်ခင်ဗျ။ တချို့ကျတော့ အစသဘောအနေနဲ့ မိသားစု ၂၀၊ ၃၀ ကို အရင် ပြန်ပို့မယ်။ ဒါပေမဲ့ ဒီ KRC က ဘာပြောလဲဆိုရင် ပြန်ရင် အတူတူပြန်မယ်ပေါ့နော်။ တကွဲတပြားစီ ပြန်မယ့်အခြေအနေမျိုးမှာ မရှိဘူး။ အဲဒီလိုမျိုး ပြောတာတော့ ရှိတယ်။ အဲဒီလိုမျိုး စီစဉ်ပေးတဲ့နေရာမှာ ဆန္ဒမပါဘဲနဲ့ စီစဉ်တယ် ဆိုပြီးတော့ ဒုက္ခသည်တွေ ကိုယ်တိုင်က လက်မခံဘူးလေ။ ဒုက္ခသည်အရေးလုပ်တဲ့ KRC ကလည်း statement တွေ ထုတ်ထားတာ ရှိတယ်။”

အခုလို စစ်ပြေးဒုက္ခသည်တွေ သူတို့နေရပ်ကိုပြန်ဖို့ စီစဉ်နေပေးနေပေမဲ့ လက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်တွေကြား စစ်တလင်းဖြစ်ခဲ့တဲ့ သူတို့ရဲ့ကျေးရွာ၊ လယ်မြေတွေထဲမှာ မိုင်းတွေ မရှင်းလင်းနိုင်သေး တာ၊ ခေတ္တအပစ်အခတ် ရပ်စဲနေကြတာမှန်ပေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရသေးတဲ့ အပေါ်တွေမှာ စိုးရိမ်မှုတွေ ရှိနေကြတာဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကရင်ပြည်နယ်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အရေး ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ အပစ်အခတ်ရပ်စဲရေးမှသည် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၊ အဲ့ဒီကတဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖော်ဆောင်နိုင်အောင် ကြိုးစားနေကြ တယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“အပစ်ရပ်ထားတဲ့အဖွဲ့ လေးဖွဲ့ရှိပါတယ်။ ၁၄ ဖွဲ့ထဲမှာ ကေအဲန်ယူ အနေနဲ့ကတော့ အစိုးရအဖွဲ့ပေါ့။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့ အများဆုံး ဆွေးနွေးဖြစ်တဲ့အဖွဲ့ လို့ ပြောရမှာဖြစ်တယ်ခင်ဗျ။ မနေ့ကပဲ ကေအဲန်ယူက အထွေထွေ အတွင်းရေးမှူး ခေါင်းဆောင်နဲ့ သူတို့ ထပ်ပြီးတော့ ဆွေးနွေးတာမျိုး ရှိတယ်။ သိပ် မကြာခင်မှာလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ထပ်ပြီးတော့ ဆွေးနွေးဖို့ ပြင်ဆင်နေတာ တွေလည်း ရှိတော့ ပစ်ခတ်မှုကတော့ လုံး၀ မရှိပါဘူး။ ကေအဲန်ယူနဲ့ တပ်မတော်နဲ့။ အစိုးရဘက်ကတော့ ဝန်ကြီး ဦးအောင်မင်း ပြောတာတော့ ကျနော်တို့ ပထမ အပစ်အခတ် ရပ်မယ်။ ဒီ အပစ်အခတ် ရပ်တာတွေကို ခိုင်မာအောင် လုပ်မယ်။ ပြီးရင် ပြည်ထောင်စု အဆင့် ဆွေးနွေးမယ်။ အဲဒါပြီးရင်တော့ နိုင်ငံရေးဆွေးနွေးမှုပေါ့လေ။”

ကရင်ပြည်နယ်တွင်း နှစ်ဘက် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ တွေ့ဆုံဆွေးနွေး နေချိန်မှာပဲ ကရင်ပြည်နယ်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးတို့ ပူးပေါင်းပြီး နေရာပြန်လည်ချထားရေး စီစဉ်ပေးနေတယ်လို့ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူ ဦးလှမောင်ရွှေက ပြောပါတယ်။

“နှစ်ဘက် ညှိနှိုင်းလို့ ရတဲ့နေရာတွေမှာ နှစ်ဘက်လက်ခံ ရမှာပေါ့လေ၊ ကေအဲန်ယူရော ပြည်သူလူထုရော နှစ်ဘက် လက်ခံတဲ့နေရာမှာတော့ ပြန်လည် နေရာချထားရေး ကိစ္စတွေကို နှစ်ဘက် ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ်လို့ ပြောတာ ရှိပါတယ်။ ဆိုတော့ ဒီ ပြန်လည် နေရာချထားရေးကတော့ မူဝါဒအားဖြင့်တော့ လုပ်ငန်းကော်မတီကနေပြီးတော့ ကိုင်တွယ် ညှိနှိုင်းပြီးတော့ လက်တွေ့ကိုတော့ ကရင်ပြည်နယ်ထဲမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ လုပ်ပါတယ်။ အဲဒီလုပ်တာတော့ ကေအဲန်ယူ နဲ့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးတေ့ ”

အကြောင်းအရင်းမျိုးစုံနဲ့ နယ်စပ်ကိုထွက်ပြေးလာကြတဲ့ သိန်းချီတဲ့ ဒုက္ခသည်တွေဟာ တချို့ကလည်း ထိုင်းနိုင်ငံတွင်းမှာပဲ အခြေချနေထိုင်လိုသူရှိသလို၊ တတိယနိုင်ငံတွေကို သွားရောက်ပြီး အခြေချလိုသူတွေလည်း ရှိပါတယ်။ မိမိတို့ရဲ့ နေရပ်ရင်းကို ပြန်လိုသူတွေလည်း ရှိနေကြပေမဲ့ ဒုက္ခသည်တွေရဲ့ အခုလက်ရှိ အနေအထားဟာ ဘာဘဝအာမခံချက် မရှိတဲ့ အနေအထား ဖြစ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စခန်းတွင်း ကူညီထောက်ပံ့ပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကလည်း လုံလောက်မှု မရှိတော့သလို၊ နေရပ်ရင်းကို ပြန်ပို့ဖို့ စီစဉ်နေကြပေမဲ့ နေထိုင်စားသောက်ရေးနဲ့ ဘဝရပ်တည်ရေး အလုပ်အကိုင် စနစ်တကျ ဖန်တီးပေးထားမှု အာမခံချက်မရှိသေးတာ၊ မိမိတို့ရဲ့ မိရိုးဖလာလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့မှာလည်း နယ်မြေလုံခြုံရေး စိုးရိမ်ရဆဲအခြေအနေအပေါ် ဒုက္ခသည်တွေက ပူပင်နေကြတာဖြစ်ပါတယ်။
ဒါကြောင့်လဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချမှုရှိတဲ့ တည်ငြိမ်တဲ့ လူမှုဝန်းကျင်ကို မဖန်တီးပေးနိုင်သေးသရွေ့ အတင်းအကျပ် ပြန်မပို့သင့်ဘူးဆိုပြီး ဒုက္ခသည်အရေး ကူညီပေးနေသူ လူ့အခွင့်အရေးအဖွဲ့တွေက မေတ္တာ ရပ်ခံတောင်းဆိုနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG