သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရင်းအမြစ် စီမံခန့်ခွဲမှု အနိမ့်ကျဆုံးစာရင်းမှာ မြန်မာပါဝင်


Revenue Watch Index
Revenue Watch Index
စွမ်းအင်အပါအဝင် အရင်းအမြစ် ကြွယ်ဝပေမဲ့လည်း စီမံခန့်ခွဲမှုတွေမှာ အားနည်းတဲ့ တိုင်းပြည်တွေအနက် မြန်မာနိုင်ငံဟာ အနိမ့်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာက အစိုးရတွေရဲ့ ဘဏ္ဍာရေး အစီအမံတွေကို စောင့်ကြည့်လေ့လာနေတဲ့ Revenue Watch အဖွဲ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက အရင်းအမြစ်တွေ အဓိက ထုတ်လုပ်ကြတဲ့ တိုင်းပြည်တွေရဲ့ ၂၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု အဆင့်အတန်း နိမ့်ကျနေတယ်လို့ လေ့လာချက်က တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံဟာ ဆိုရင်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မျက်လို သယံဇာတ ထုတ်လုပ်မှုတွေကနေ အဓိက ဝင်ငွေ ရရှိနေပေမဲ့ စီမံခန့်ခွဲမှုတွေမှာတော့ ညံ့ဖျင်းတာကြောင့် Revenue Watch ရဲ့ အညွှန်းကိန်းမှာပါတဲ့ နိုင်ငံပေါင်း ၅၈ နိုင်ငံအနက် နောက်ဆုံးအဆင့်မှာ ရှိနေတယ်လို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်က နောက်ဆုံး ရရှိထားတဲ့ ကိန်းဂဏန်းတွေအရ အရင်းအမြစ် ထုတ်လုပ်မှု ကဏ္ဍဟာ ပြည်ပတင်ပို့မှုတွေရဲ့ ၃၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့ ဒီလုပ်ငန်းတွေကို ဘယ်လို စီမံခန့်ခွဲ နေသလဲ၊ ရလာတဲ့ ဝင်ငွေတွေကို ဘယ်လို သုံးစွဲသလဲ ဆိုတာတွေမှာတော့ အများပြည်သူက ဘာမှ သိခွင့် မရဘူးလို့လည်း ဖော်ပြထားတာပါ။

အရင်းအမြစ် ထုတ်လုပ်မှုတွေမှာလည်း အစိုးရပိုင် လုပ်ငန်းတွေကသာ အဓိက ထိန်းချုပ်ထားပြီး သဘာ၀ ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းအပေါ် ထိခိုက်နိုင်တဲ့ အခြေအနေတွေကိုလည်း ကျကျနန လေ့လာ ဆန်းစစ်တာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။

Revenue Watch ရဲ့ အညွန်းကိန်းက အရင်းအမြစ် စီမံခန့်ခွဲမှု အဆင့် အမြင့်ဆုံးအဖြစ် အမှတ် ၁၀၀ ကနေ အနိမ့်ဆုံး ၁ မှတ်အထိ သတ်မှတ်ထားတာပါ။ ဒီအထဲမှာ မြန်မာနိုင်ငံကတော့ ၄ မှတ်နဲ့ အနိမ့်ဆုံးအဆင့် သတ်မှတ်ခံခဲ့ရပြီး နော်ဝေနိုင်ငံကတော့ ၉၈ မှတ်နဲ့ ထိပ်ဆုံးနေရာမှာ စာရင်းသွင်း ခံခဲ့ရပါတယ်။
XS
SM
MD
LG