သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းနိုင်ဖို့ လုပ်ထုံးအဆင့်များရှိ


လွှတ်တော်ကနေ ဆုံးဖြတ်ပြဌာန်းဖို့ ရွေးကောက်ပွဲကော်မရှင်ဘက်က ထပ်မံတင်သွင်းလာတဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေမှာ မဲဆန္ဒရှင် ၁% က ရွေးကောက်ခံ ကိုယ်စားလှယ်အပေါ် ကန့်ကွက်တိုင်ကြားလာရင် ကော်မရှင်အနေနဲ့ လက်ခံဆောင်ရွက်ဖို့ ဥပဒေအရ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မနေ့က လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် အစည်းအဝေး ပြန်လည် စတင်ကျင်းပခဲ့ရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌလည်းဖြစ်၊ ပြည်ထောင်စု နာယကလည်းဖြစ်တဲ့ သူရဦးရွှေမန်း ဆက်လက် တာဝန်ယူနေပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြဿနာဟာ လွှတ်တော်တွင်းနဲ့ သူရဲ့လုပ်ငန်းတာဝန်တွေကို ထိခိုက်စရာ အကြောင်းမရှိဘူးလို့ ပြောသွားပါတယ်။

ဒါပေမဲ့ လွှတ်တော်စည်းဝေးပွဲကာလ လူအများ စိတ်ဝင်စားနေတဲ့ ကိစ္စက လွှတ်တော် ကိုယ်စားလှယ်အဖြစ်ကနေ ရုပ်သိမ်းပေးဖို့ မဲဆန္ဒရှင် ၁% ကန့်ကွက်ခဲ့ရင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌအနေနဲ့ စုံစမ်းစစ်ဆေးပြီး ဆက်လက် ဆောင်ရွက်သွားနိုင်ဖို့ လွှတ်တော်မှာ ဥပဒေပြုပေးရေး တောင်းဆိုနေတဲ့ အချက် ဖြစ်ပါတယ်။

ဒါဟာ သူရဦးရွှေမန်းကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ဖြုတ်ချပြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ်ကနေပါ ဖယ်ရှားနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အများက ယူဆနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ သူ့အနေနဲ့ ဒီလိုမမြင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“အဲဒါကို ဦးရွှေမန်းကို ဖြုတ်ချဖို့ စိတ်ကူးတဲ့ ရည်ရွယ်ချက်နဲ့ ထင်တယ်လို့ တော်တော်များများ ပြောနေတာ မဟုတ်ပါဘူး။ ဒီဥပဒေကို တင်နေတာက စတုတ္ထအကြိမ်ပါ။ လေးကြိမ်ရှိပါပြီ။ ဥပဒေ တောင်းဆိုနေတာက။ အဲဒါဘာတုန်းဆိုတော့ လွတ်တော်အမတ် တယောက်ကို ရွေးကောက် တင်မြှောက်လိုက်တဲ့ သူ့မဲဆန္ဒရှင်တွေက ပြန်ပြီးတော့ ဖြုတ်သိမ်းနိုင်တဲ့ ရုပ်သိမ်းနိုင်တဲ့ လုပ်ပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဌာန်းထားတယ်။ အဲလိုပြဌာန်းထားတဲ့အထဲမှာ ကော်မရှင် ဥက္ကဌကို တင်ရမယ်။ မဲဆန္ဒရှင် အနည်းဆုံး ၁% လောက်က လက်မှတ်ရေးထိုးပြီးတော့ တင်ရမယ်။ အဲဒီလို တင်လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတာက ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒီဟာကို စုံစမ်းပြီးတော့မှ ဒါဟာ အရေးမယူထိုက်ဘူးဆိုပြီးမှ လျှောက်လွှာကို ပယ်နိုင်တယ်။ တကယ်လို့ ဒါဟာမှန်တယ် အရေးယူထိုက်တယ်ဆိုရင် ဥပဒေနဲ့အညီ ဆက်လုပ်ရမယ်လို့ ရေးထားတယ်။ အဲတော့ ဥပဒေနဲ့အညီ ဆက်လုပ်ရမယ်လို့ ရေးထားတာက အဲဒါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးထားတာ။

ဒါကြောင့်မို့ ဒီကနေ့အထိ ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့ ဥပဒေက မရှိသေးဘူး။ အဲဒါကြောင့် ဦးတင်အေးက ဒီဥပဒေကို တင်နေတာ။ ဆိုလိုတာကတော့ အခုတော်တော်များများ သူ့ဆီမှာ လျှောက်လွှာတွေ ရှိပါတယ်။ ပြည်သူလူထုကနေ ၁% ကနေ လက်မှတ်ထိုးပြီးတော့မှ သူတို့အမတ်ကို မကြိုက်ဘူး ဖြုတ်ပေးပါဆိုပြီးတော့မှ တင်ထားတာတွေ ရှိတယ်။ အဲဒါတွေကို ဆက်လုပ်နိုင်ဖို့အတွက် ဦးတင်အေးက ဒီဥပဒေကို တင်နေတာ။ ဦးရွှေမန်းအတွက် တင်တာမဟုတ်ဘူး။ ဘာလို့ဆိုတော့ တင်တာ လေးကြိမ်ရှိပြီ။ ဦးရွှေမန်းအတွက်က တင်စရာမလိုဘူး။ ဦးရွှေမန်းကို ဖြုတ်ချင်ရင် ပြည်သူ့လွှတ်တော် ဥက္ကဌကို ဘယ်လိုဖြုတ်ရမယ်ဆိုတဲ့ ဥပဒေက ရှိပြီးသားဖြစ်တယ်။ အဲဒါကြောင့်မို့လို့ မဆိုင်ဘူးလို့ ကျနော်က ပြောတာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ကတော့ မဲဆန္ဒရှင် ၁% က ကန့်ကွက်တိုင်ကြားတာကို လက်ခံပြီး အရေးယူ စိစစ်မယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ လက်မခံကြောင်း ပြောကြားခဲ့ပြီး ၁% အစား ၂၀% ကို ပြောင်းလဲပေးဖို့ အစောပိုင်းကတည်းက အဆိုပြုထားခဲ့ပါတယ်။

XS
SM
MD
LG