သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မြန်မာဆက်ဆံရေး သံအမတ်သစ် Marciel တိုးမြှင့်နိုင်ဖို့ မျှော်လင့်


Credit: US Embassy Rangoon
Credit: US Embassy Rangoon

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးထင်ကျော်ထံ မနေ့ ဧပြီလ ၂၇ ရက်နေ့က အခမ်းအနားနဲ့ ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ သံအမတ်ကြီး Scot Marciel ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

အတွေ့အကြုံ ရင့်ကျက်တဲ့ သံအမတ်ကြီး အသစ် Scot Marciel အနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြင့်ဆောင်ရွက်ရာမှာ ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် ပုဂ္ဂိုလ်ဖြစ်တယ်လို့ အမေရိကန် အသိုင်းဝိုင်းက ပြောကြပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန်သံအမတ်ကြီး Scot Marciel အနေနဲ့ ဗုဒ္ဓဟူးနေ့က သမ္မတ ဦးထင်ကျော်ထံမှာ သံအမတ်ခန့်အပ်လွှာပေးအပ်ပြီးတဲ့နောက် အနေနဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအပေါ် ချီးကျုးစကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရတာနဲ့ မတ်လ ၃၀ ရက်က နိုင်ငံတော်သမ္မတ ရာထူးတာဝန် စတင် ထမ်းဆောင်တာဟာ မြန်မာပြည်သူတွေ၊ အင်စတီကျူးရှင်းတွေ၊ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် အတူတကွ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှု သက်သေ ဖြစ်တဲ့အကြောင်း အမေရိကန်သမ္မတ Barack Obama ရဲ့ ပြောဆိုမှုကို သံအမတ်ကြီး Scot Marciel က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ သံအမတ်ကြီး Scot Marciel ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တိုးမြှင့်လုပ်ဆောင်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း - တပ်မတော်ရဲ့ သဘောထားနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေအနေ၊ မြန်မာ-အမေရိကန်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား အပြန်အလှန် ယုံကြည်မှုကိုအခြေခံပြီး ဆက်ဆံရေး တိုးမြှင့်နိုင်မယ့် အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးတွေ ပုံမှန် ပြန်လည်တည်ဆောက်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ဒုတိယမြောက် အမေရိကန်သံအမတ်ကြီးအဖြစ် စတင် တာဝန်ထမ်းဆောင်တော့မယ့် Scot Marciel ဟာ မဟုတ်ပဲ ညင်ညင်သာသာနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်နည်းကို အသုံးပြုလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နိုင်ငံ Georgetown တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ Prof. David Steinberg က သုံးသပ်ပါတယ်။

“Scot Marciel ဟာ အင်မတန်တော်တဲ့ နိုင်ငံခြားရေးဌာနက ဝန်ထမ်းတဦးပါ။ သူနဲ့ ကျနော် အင်မတန် ရင်းနှီးပါတယ်။ အရင်က အင်ဒိုနီးရှားနဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးပါတယ်။ ပြီးတော့ သူဟာ မြန်မာပြည်အကြောင်းကို ကောင်းကောင်း သိရှိထားသူဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေကို ကူညီ လုပ်ဆောင်တဲ့နေရာမှာ ညင်ညင်သာသာနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်နည်းကို အသုံးပြုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ Scot Marciel ဟာ မြန်မာ့အရေးကို ကောင်းမွန်စွာ သိရှိ နားလည်သူတဦးဖြစ်တဲ့အပြင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ်နဲ့လည်း မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။”

သံအမတ်ကြီး Scot Marciel ဟာ သံအမတ်ကြီး Derek Mitchell နေရာမှာ အစားထိုး တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရ အဆက်ဆက်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ အမျိုးမျိုး ချမှတ်ခဲ့ပြီး သံတမန်ရေးအရ ဆက်ဆံမှုတွေပါ နှစ်ပေါင်းများစွာ ဖြတ်တောက်ထားခဲ့ရာက သမ္မတ Barack Obama အစိုးရလက်ထက်အတွင်း မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးတဲ့နောက်မှာ နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းတွေ ပွင့်သွားခဲ့တာပါ။

မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်မှာ သံအမတ်ကြီး Scot Marciel အနေနဲ့ အမေရိကန်ကို ကိုယ်စားပြု တာဝန်ထမ်းဆောင်ရာမှာ ထိရောက်မှု ရှိလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း အထက်လွှတ်တော် အမတ်များစုခေါင်းဆောင်ဖြစ်တဲ့ Kentucky ပြည်နယ် ရီပတ်ဘလီကန်အမတ် Mitch McConnell က ကြားနာ စစ်ဆေးပွဲတရပ်မှာ အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာချိန်မှာ သံအမတ်ကြီး Marciel အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်မှာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေစွာ အမေရိကန်က ပေါ်လစီအပြောင်းအလဲတွေ ပြုလုပ်သွားချိန်လည်း ဖြစ်ပါတယ်။ သံအမတ်ကြီးအနေနဲ့ အတွေ့အကြုံ ရင့်ကျက်သူဖြစ်တဲ့အတိုင်း သံအမတ်ကြီးအဖြစ် အတည်ပြု ခန့်အပ်ခံရမယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနေချိန်မှာ သူဟာ ကျနော်တို့နိုင်ငံကို ကိုယ်စားပြုမယ့်သူ ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်တဲ့ အစိုးရပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေးကာလဟာ နှစ်ရှည်ပဋိပက္ခတွေ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် သိပ်ကို ထူးခြားလှပါတယ်။ လုပ်ဆောင်စရာတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ အခုလို အပြောင်းအလဲတွေ ဖြစ်လာဖို့ အမေရိကန်အစိုးရရဲ့ ပံ့ပိုးမှုအပြင် အမေရိကန်လွှတ်တော် နှစ်ရပ်စလုံး ပါတီနှစ်ခုစလုံးက ထောက်ခံခဲ့လို့လည်း ဖြစ်ပါတယ်။ ဒီလို အရှိန်ရလာတာတွေကို ဆက်ပြီး ကျနော်တို့ လက်တွဲလုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

သံအမတ်ကြီး Scot Marciel က သူ့အနေနဲ့ သံအမတ်အဖြစ် ခန့်အပ် တာဝန်ပေးအပ်ခြင်းခံရရင် - အမေရိကန်အစိုးရက အာရုံစိုက် လုပ်ဆောင်နေတဲ့ အစီအစဉ်တွေနဲ့အညီ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရရှိဖို့၊ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာမှုရှိဖို့၊ လူမှောင်ခိုကူးမှု တိုက်ရေး ၊ ကျယ်ပြန့်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ရရှိရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးတို့အတွက် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုး ကူညီပေးသွားမယ်လို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဆီးနိတ်လွှတ်တော်မှာ ပြုလုပ်တဲ့ ကြားနာ စစ်ဆေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG