သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် မဲဖောက်ပြီ


မြန်မာအိမ်ရှင်မတစ်ဦး လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ်။
မြန်မာအိမ်ရှင်မတစ်ဦး လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေက ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲဖောက်ကြေညာခဲ့တာပါ။ ဒီလိုရောင်းချတဲ့ပုံစံက ရပ်ကွက်တခုကို ဆင်းကဒ် ရာဂဏန်းသာ ရတာကြောင့် ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေနဲ့မမျှတဲ့အတွက် မဲဖောက်ရတာလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတက ပြည်သူတွေ သင့်တင့်တဲ့ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်းတွေ သုံးနိုင်အောင်ဆိုပြီး ညွှန်ကြားထားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန်ဖုန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ရုံးမှာပဲ မဲဖောက်ပေးခဲ့တာပါ။
ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် အခြားပြည်နယ်နဲ့ တိုင်းတွေအားလုံးပေါင်းမှ တလကို ဆင်းကဒ် အလုံးရေ သုံးသိန်းခွဲသာ ချပေးနိုင်တဲ့ အခြေအနေမှာရှိနေတဲ့အတွက် အခုလိုမဲဖောက်တဲ့စနစ်ကို ကျင့်သုံးပြီး တိုင်းဒေသကြီး အစိုးရတွေရဲ့ ကွတ်ကဲမှုနဲ့ ရောင်းချပေးတာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဌာနရဲ့ ပြောခွင့်ရှိသူ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးက ပြောပါတယ်။

“မြို့နယ်တခုချင်းစီကို ဘယ်မြို့နယ် ဘယ်နှစ်ယောက်ဆိုတာ တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်ခွင့် ဖြစ်ပါတယ်။ တနိုင်ငံလုံးမှ သုံးသိန်းခွဲပဲ ပေးတာကိုး။ နောက်လမှာလည်း မေမှာလည်း ရောင်းဦးမှာပေါ့လေ။ ဆက်တိုက် ဒါလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။”

ရပ်ကွက်တခုက အိမ်ထောင်စုတစုကို မိုဘိုင်းဖုန်းတစ်လုံးချပေးနိုင်ဖို့ အစိုးရက စီမံထားတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ချထားပေးနိုင်တဲ့ မိုဘိုင်းဖုန်းအရေအတွက်ဟာ အရမ်းနည်းနေတဲ့အတွက် မဲဖောက်ရောင်းချရဖြစ်ပြီးတော့ နောက်ပိုင်းမှာ ရပ်ကွက်အတွင်းမှာရှိနေတဲ့ ဖုန်းလိုအပ်သူတွေအားလုံးကို ဖုန်းရရှိနိုင်အောင် ချထားပေးနိုင်မှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောပါတယ်။

“ကျနော်တို့ နောက်လမှာ ကျန်တဲ့သူတွေကို ဆက် နှိုက်ပေးရင်း၊ နှိုက်ပေးရင်းနဲ့ တရပ်ကွက်လုံးစာ တအိမ်ထောင်ကို ဖုန်းတလုံးစီရသွားတဲ့အချိန်မှာ ပြန်ပြီးတော့ ပထမ ပေါက်ပြီးသား အိမ်ထောင်စုတွေကနေ နောက်ထပ် လိုချင်တဲ့သူတွေရှိရင် ထပ်ပြီးတော့ ကျနော်တို့ ဖောက်ပေးပါမယ်။ အခုလ ကျနော်တို့ ၁၁၅ ခုကျပေမဲ့ ရှေ့လကျရင် ကျနော်တို့ ပိုတိုးပြီးတော့ ရမှာပါ။ ၁၅၀ ဖြစ်မလား၊ ၁၆၀ ဖြစ်မလား ကျနော်တို့လည်း မသိသေးဘူးပေါ့။”

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဖုန်းအသုံးပြုခွင့် မဲပေါက်ခဲ့တဲ့သူတွေကတော့ သူတို့ရရှိမယ့် ဆင်းကဒ်တွေရဲ့နံပါတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွေမှာသွားပြီး မဲနှိုက်ရဦးမှာဖြစ်တယ်လို့လည်း ဦးရဲဝင်းက ပြောပါတယ်။

“မနက်ပိုင်း ကျနော်တို့ဆီမှာ နှိုက်ပြီးတာနဲ့ မြို့နယ်ရုံးမှာသွားပြီးတော့ ဒီမဲပေါက်တဲ့သူတွေက ဆင်းကဒ်နံပါတ်ကို သူတို့က မဲနှိုက်ရမှာ။”

လက်ရှိအစိုးရက ရောင်းချပေးမဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် အမျိုးအစားတွေကတော့ CDMA 800 အမျိုးအစားဖုန်းတွေကို အရင်ချပေးမှာဖြစ်ပြီးတော့ ဆင်းကတ် အလုံးရေ သုံးသိန်းခွဲကို ပြည်နယ်နဲ့တိုင်း ၁၁ ခုမှာ ဧပြီလ ၂၄ ရက်နေ့ စတင် ချပေးမှာဖြစ်ပါတယ်။
ဒီကနေ့ ဖုန်းအသုံးပြုခွင့် ရရှိဖို့အတွက် ရန်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲနှိုက်ပြီး ဦးဆုံးမဲပေါက်ခဲ့တဲ့လူတွေက ဒီလ ၂၄ ရက်ကစပြီး တန်ဖိုးနည်း ၁,၅၀၀ တန်ဖုန်းတွေကို အသုံးပြုခွင့်ရမှာဖြစ်သလို မြို့နယ်တွေအတော်များများမှာ ရရှိတဲ့ခွဲတမ်းဟာ အတော်နည်းတဲ့အတွက် ကံကောင်းတဲ့လူအချို့သာ ဖုန်းမဲပေါက်ခဲ့တယ်လို့ ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ပြီး ဒီကနေ့ ဖုန်းမဲပေါက်ခဲ့တဲ့ မညိုက အခုလိုပြောပါတယ်။

“ဒီနေ့ ကျမတို့ရပ်ကွက်မှာ မိုဘိုင်းဖုန်းဆင်းကဒ်တွေ အသုံးပြုခွင့်ရဖို့အတွက် မဲဖောက်တယ်လေ။ လူဦးရေကတော့ ၈၀၀ ကျော်လောက်တော့ ရှိတာပေါ့။ ပုဇွန်တောင် (၂) ရပ်ကွက်အတွက်က အလုံး ၈၀ လောက်ပဲရှိတယ်ထင်တယ်။ မနက်ပိုင်းကစပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲဖောက်ခဲ့တယ်လေ။ မပေါက်တဲ့သူတွေကတော့ ဒီတခါဖုန်း အသုံးပြုခွင့်ရမှာမဟုတ်ဘူးပေါ့။ ကျမတို့ကတော့ ဒီနေ့ မဲပေါက်တယ်။ မြို့နယ်ရုံးမှာ နံပါတ်ရဖို့သွားပြီးတော့ မဲနှိုက်ရတယ်လေ။ ကျမတို့လို တကယ်အသုံးပြုဖို့ လိုအပ်နေတဲ့သူတွေအတွက်တော့ ကောင်းပါတယ်။ ရှေ့လမှာတော့ အခုရပြီးသားသူတွေရဲ့ စာရင်းကတော့ မပါတော့ဘူးပေါ့။ အခုစာရင်းပေးထားပြီးတော့ မပေါက်တဲ့သူတွေအတွက်တော့ ရမှာပေါ့နော်။”

အခုလို ဆင်းကတ်တွေ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်လာမယ့်အချိန်မှာ မိုဘိုင်းဖုန်း ဟန်းဆက်တွေ ဈေးမကစားနိုင်အောင်လည်း အစိုးရကဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ ပြည်သူတွေလိုအပ်သလောက် ဖုန်းအလုံးအရေအတွက်ကို ရောင်းချပေးနိုင်ဦးမှာမဟုတ်တဲ့အတွက် ဖုန်းရရှိတဲ့ လူတွေကနေ ဈေးကွက်အတွင်းမှာ လက်ရှိချပေးလိုက်တဲ့ ဖုန်းတွေက် ဈေးကြီးကြီးနဲ့ မှောင်ခို ပြန်ရောင်းချတာတွေ ရှိလာနိုင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုထွန်းကြည်က အခုလို သုံးသပ်ပါတယ်။

“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာတုန်းက လုပ်တဲ့ပုံစံမျိုးပဲ မှောင်ခိုကိုမွေးဖွားပေးတဲ့ ပုံစံမျိုးလို့ပဲ သုံးသပ်တယ်။ မြင်လည်းမြင်တယ်။”

အစိုးရကတော့ တန်ဖိုးနည်းဆင်းကဒ်တွေ မှောင်ခိုဖြစ်မလာဖို့အတွက် တိုင်းဒေသကြီး အစိုးရတွေကနေ ကြပ်မတ်တာတွေလုပ်မှာဖြစ်သလို ဝယ်ယူထားတဲ့ ဆင်းကဒ်တွေကို ဖုန်းဝယ်ယူပြီး ၁၅ ရက်အတွင်းမှာ ဖုန်းခေါ်ဆိုခအနေနဲ့ ငွေကျပ် ၅,၀၀၀ ကို ထည့်သွင်းရမှာဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်ထားတာပါ။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းစဟာ ၇ ရာခိုင်နှုန်းပဲရှိပြီး ရှေ့လာမယ့်နှစ်တွေမှာ တယ်လီဖုန်း သိပ်သည်းဆကို တိုးမြင့်အောင်လုပ်ပြီး ၂၀၁၄ -၂၀၁၅ အရောက်မှာ လက်ရှိထက် ၅၀ ရာခိုင်နှုန်း တိုးတက်အောင်လုပ်ဖို့ ရှိတယ်လို့လည်း သမ္မတက ပြောခဲ့ပါဖူးတယ်။
XS
SM
MD
LG