သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးသွား သတိပေးချက် အနောက်နိုင်ငံတွေ ထုတ်ပြန်


အမေရိကန်နိုင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ထရိတ်ဒါးစ်ဟိုတယ် ဗုံးပေါက်ကွဲမှု၊
အမေရိကန်နိုင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ထရိတ်ဒါးစ်ဟိုတယ် ဗုံးပေါက်ကွဲမှု၊
မြန်မာနိုင်ငံတွင်း အသေးစား ဗုံးကွဲမှုတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေ တွေ့ရှိတာကြောင့် အမေရိကန် ပြည်ထောင်စုအပြင်၊ ဗြိတိန်၊ ပြင်သစ်နဲ့ သြစတြေးလျနိုင်ငံတို့ကလည်း သူတို့ သက်ဆိုင်ရာ နိုင်ငံသားတွေ မြန်မာပြည်ထဲ သွားလာရာမှာ သတိထားကြဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတဝှမ်း ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး နောက်ထပ်လည်း အချိန်မရွေး ပေါက်ကွဲမှုတွေ ဖြစ်နိုင်တဲ့ အခြေအနေကြောင့် သြစတြေးလျ နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံတွင်း သွားလာရာမှာ အထူးသတိထားကြဖို့ သြစတြေးလျ နိုင်ငံခြားရေးဌာနက အကြံပေး တိုက်တွန်းထားပါတယ်။

အချိန်တိုင်းမှာ မိမိလုံခြုံရေးကို သတိထားပြီး၊ လုံခြုံရေးအခြေအနေ သီတင်းတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို မပြတ် စောင့်ကြည့်ကြဖို့လည်း သြစတြေးလျ နိုင်ငံခြားရေးဌာနက သူ့နိုင်ငံသားတွေကို တိုက်တွန်းပါတယ်။

ဗြိတိန်အစိုးရကလည်း အောက်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း ရန်ကုန်၊ တောင်ငူနဲ့ စစ်ကိုင်းမြို့တွေမှာ အသေးစား ဗုံးကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် အကြမ်းဖက်မှု အန္တရာယ်ရှိနေပြီး အထူးသတိရှိကြဖို့ သူ့နိုင်ငံသားတွေကို အကြံပြု တိုက်တွန်းထားပါတယ်။

ဗြိတိန်အပါအဝင် အနောက်နိုင်ငံအချို့အနေနဲ့ မကြာခင်က ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံတွင်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေကြောင့်လည်း အဲဒီ အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားလာရာမှာ အထူးသတိထားဖို့ သူ့ နိုင်ငံသားတွေကို တိုက်တွန်းခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ညပိုင်းက ရန်ကုန် Traders ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ ဗုံးကွဲမှုကြောင့် အမေရိကန်နိုင်ငံသား အမျိုးသမီးတဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရထားတဲ့ အမေရိကန် အမျိုးသမီးကိုတော့ အခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆေးရုံတရုံမှာ ခေါ်ယူ ကုသထားတယ်လို့ သိရပါတယ်။

မြန်မာအစိုးရ အာဏာပိုင်တွေကတော့ အဲ့ဒီ ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်လို့ သံသယရှိသူတွေကို ဖမ်းမိထားပြီလို့ ကြေညာခဲ့ပါတယ်။
XS
SM
MD
LG