သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဆွေးနွေးပွဲရလဒ် ဘန်ကီမွန်းကြိုဆို


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကချင်လက်နက်ကိုင်အဖွဲ့ KIO နဲ့ မြန်မာအစိုးရတို့ကြား သဘောတူညီမှု ရခဲ့တာအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ပြန်လည်သွေးစည်းရေးမှာ ပထမဆုံးခြေလှမ်းတရပ်အဖြစ် ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ထဲမှာ ကျင်းပတဲ့ ပထမဦးဆုံးအကြိမ် ၃ ရက်ကြာ ဆွေးနွေးပွဲတွေနောက်ပိုင်း၊ ရလာတဲ့ ရလဒ်အတွက်ကြိုဆိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ အက်ဒွါဒို ဒူဘွေး (Eduardo del Buey) ကပြောပါတယ်။

“မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ကြား ၂၀၁၁ ခုနှစ်ကစပြီး တိုက်ပွဲတွေဖြစ်ပွားနေရာက ပထမဆုံး မြန်မာပြည် တွင်း တွေ့ဆုံဆွေးနွေးမှုတွေကနေ ဒီကနေ့ သဘောတူညီမှုတွေ ရလာတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ဟာ တရုတ်သံရုံးတာဝန်ခံနဲ့၊ တခြား မြန်မာတိုင်းရင်းသား အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့အတူ အကဲခတ်လေ့လာသူအနေနဲ့ တက်ရောက် နိုင်ခဲ့သလို၊ ဒီဆွေးနွေးပွဲကနေ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အခြေခံခြေလှမ်းတရပ်အဖြစ် အချက် ၇ ချက်ပါ သဘောတူညီမှုတွေရခဲ့တဲ့အထိ နှစ်ဘက်စလုံး မဆုတ် မနစ်ကြိုးစားမှုနဲ့ လုပ်ရဲတဲ့သတ္တိအတွက်ပါ ချီးကျူးလိုက်ပါတယ်။”

ကချင်ဒေသတွင်းမှာ တိုက်ပွဲတွေ တဖြည်းဖြည်း လျော့ပါးလာစေဖို့ နဲ့ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး ရေရှည်တည်တံ့စေဖို့အတွက် အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာနိုင်တဲ့အထိ ကုလသမဂ္ဂကရော အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးကပါ ကူညီထောက်ပံ့မှုတွေ ဆက်ပေးနေမယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကချင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်တာ အတွက် အမေရိကန်အစိုးရကလည်း ကြိုဆိုလိုက်ပါတယ်။ နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကို ရှေ့ရှုတဲ့ ခြေလှမ်းတွေလှမ်းဖို့ တိုးတက်မှု ရှိလာတာနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူညီမှုတွေ ရခဲ့တာအတွက် အမေရိကန်အစိုရက ကြိုဆိုလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ ဂျဲနီဖာ ဆာကီ (Jen Psaki) က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရအောင် နှစ်ဘက်စလုံးက ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက အားပေးနေသလို၊ အခြေအနေကို အနီးကပ် စောင့်ကြည့်နေမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမှာပြုလုပ်တဲ့ ၃ ရက်ကြာဆွေးနွေးပွဲအပြီး နောက်တနေ့ဖြစ်တဲ့ သောကြာနေ့မှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မတီက ဝန်ကြီးဦးအောင်မင်းက ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုကို မတရားအသင်း ကြေညာ ထားတာကနေ တစ်ပတ်အတွင်း ပယ်ဖျက်ပေးမယ်လို့ ပြောကြားခဲ့သလို၊ ဒီလိုပယ်ဖျက်ပေးခဲ့ရင် အစိုးရနဲ့ ကေအိုင်အိုအကြား နာလည်မှု တည်ဆောက်ရာမှာ ယုံကြည်မှုပိုရနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG