သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း တင်းမာမှုပြဿနာ ကုလစိုးရိမ်


၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ ဥပဒေသစ် ပြဌာန်းမှုတွေနဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီးလုပ်နေပေမဲ့ ရခိုင်ပြည်နယ်တွင်း တင်းမာမှုတွေ အခုထိ မလျော့ပါးသေးတာအတွက် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လကနေ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့က တင်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိပေမဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တင်းမာမှုတွေကြောင့် အကြမ်းဖက်မှု၊ အသက်ဆုံးရှုံးမှု၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ပြန်ပြီး ဖြစ်ပေါ်စေခဲ့တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မစ္စတာ ဗွီဂျေး နမ်ဘီးယားက ထောက်ပြ ပြောဆိုသွားတာပါ။

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်နဲ့ အောက်တိုဘာလမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံရေးအရ ကွဲပြားမှုဟာ အတော်လေး နက်ရှိုင်းလာခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ မူဆလင် အသိုင်းအဝိုင်းနှစ်ခုကြားမှာ စိတ်ဝမ်းကွဲပြားမှု ပိုပြီး ကြီးမားလာခဲ့သလို အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေသူတွေရဲ့ အခြေအနေဟာ အတော်လေးကို ပြင်းထန်ဆိုးရွားတဲ့အဆင့် ရောက်နေတာမို့ အထူးစိုးရိမ်မိကြောင်း ပြောသွားပါတယ်။ အခုလို အခြေအနေတွေ တင်းမာနေတဲ့ ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရက ရခိုင် Action Plan စီမံကိန်း ရေးဆွဲခဲ့တာကို တွေ့ရပြီး ဒီစီမံကိန်းဟာ ကောင်းမွန်တယ်လို့ မစ္စတာ နမ်ဘီးယားက ပြောပါတယ်။

ဒါပေမဲ့လို့ တတိယကော်မတီ အစည်းအဝေးမှာ ကိုယ်တိုင် တက်ရောက်နားထောင်ခဲ့တဲ့ မြန်မာနဲ့ နိုင်ငံတကာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ ဦးဆောင်လှုပ်ရှားနေသူ မဝေေ၀နု ကတော့ ဒီစီမံကိန်းမှာ တရားမျှတမှုရှိတာ မတွေ့ရဘူးလို့ ပြောပါတယ်။

“သူပြောသွားတာ မဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့လည်း ပြန်ကြည့်ရမှာက ရေရှည်အတွက် တည်မြဲမယ့် အဖြေမျိုးဖြစ်ဖို့လိုတယ်။ Rakhine Action Plan မှာ တကယ်ပဲ အဲ့ဒါ ရနိုင်မလားဆိုတာကို ကျမတို့ ပြန်ဆန်းစစ်ဖို့ လိုတယ်။ ဒီ Rakhine Action Plan ဆိုပြီး ချပြီးတော့ အစိုးရတင်သွင်းလာတဲ့ကိစ္စဟာ တကယ်ပဲ ဒီလူတွေအတွက် တရားမျှတမှု ရှိမလား။ မျှတတဲ့အဖြေ၊ တရားတဲ့အဖြေ ဖြစ်မလားဆိုတဲ့ဟာလည်း အရေးကြီးပါတယ်။ နောက်ပြီးတော့ အဲ့ဒီ Action Plan တခုလုံးကလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီရဲ့လား ဆိုတဲ့ဟာကိုလည်း ဆန်းစစ်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်။ တကယ့် Stakeholder တွေ သူတို့ ထည့်သွင်းပြီးတော့ လုပ်ဆောင်တာမျိုး မတွေ့ရဘူး။ အစိုးရက သူ့ဟာနဲ့သူ ဒီဟာကို ရေးဆွဲပြီးမှ နောက်ဆုံးမှာ တချို့ NGO တွေ၊ UN အေဂျင်စီတွေနဲ့ Concern လုပ်ပြီးတော့ ဒါကို သူတို့ အတည်ပြုချင်တဲ့ သဘောမျိုးမှာ တွေ့ရတယ်။ ဆိုတော့ အဓိက Stakeholder ဖြစ်တဲ့ ရခိုင် Community နဲ့ ရိုဟင်ဂျာ Community နှစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ပါသင့်တယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ဆိုရင်တော့ ဒါ တဘက်သတ် တင်သွင်းတဲ့ Action Plan ဖြစ်မယ်။ ဒီ Action Plan ရဲ့ Process တခုချင်းစီမှာလည်း အများကြီး လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရတယ်။ နောက်ပြီး တကယ်လို့သာ အတင်းအဓမ္မ အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ ပြဿနာတွေ ဆိုးရွားလာနိုင်စရာ ရှိပါတယ်။”

မစ္စတာ နမ်ဘီးယားက မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်နေတာ တွေ့ရပြီး လွှတ်တော်ကနေ ဥပဒေသစ်တွေ ပြဌာန်းပေးနိုင်ခဲ့သလို ဒီဥပဒေတွေဟာ မြန်မာ့အသွင် ကူးပြောင်းရေးအတွက် လိုအပ်ချက်တွေ၊ တာဝန်ယူမှုတွေကို အထောက်အကူ ဖြစ်စေတယ်လို့ ပြောပါတယ်။ နောက်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေ ရှိနေပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးအတွက် မူဘောင်တွေ ချမှတ် တည်ဆောက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာကိုလည်း ထည့်သွင်းပြောသွားပါတယ်။

မြန်မာ့အသွင်ကူးပြောင်းရေးကာလမှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ ဗွီဂျေး နမ်ဘီးယားရဲ့ ပြောဆိုချက်တွေဟာ အချိန်စောနေသေးတယ်လို့ မဝေေ၀နုက ပြောပါတယ်။

“Special Advisor က ကျမတို့ ဒီအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြောသွားဘူး။ ဒီအမျိုးသမီးတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ၊ နောက် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံနေရမှုတွေ၊ ဒီတိုင်းရင်းသားဒေသတွေမှာ ဒါတွေကိုလည်း သူ ဘာမှ Highlight မပြောသွားသလို၊ အမျိုးသမီးတွေ ပါဝင်မှု အခန်းကဏ္ဍတွေကိုလည်း သူ ဘာမှ မပြောသွားဘူး။ နောက်တခါ လယ်ယာမြေသိမ်းဆည်းရေး ပြဿနာတွေ အကြီးအကျယ်ဖြစ်နေတယ် တတိုင်းပြည်လုံးနီးပါး။ ဒါဟာ အမြန်ဆုံး ဖြေရှင်းရမယ့် ကိစ္စတခုဖြစ်တယ်။ လယ်သမားတွေ အများကြီး ဒုက္ခရောက်နေပါတယ်။ ဒီကိစ္စကိုလည်း သူ Highlight လုပ်သွားတာ မတွေ့ရဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတယ်လို့ ပြောပေမဲ့လည်း ထပ်ထပ်ပြီး ဖမ်းတဲ့ဟာတွေ၊ ပြန်ပြန်ပြီး ဖမ်းတဲ့ဟာတွေ၊ အဲ့ဒါတွေ အများကြီးကို ကျမတို့ တွေ့ရတယ်။ တကယ်တမ်း ထုတ်ဖော်စည်းဝေးခွင့်တွေ ခုန ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း ခံထားရတာတွေကိုလည်း ပိုပြီး Highlight လုပ်ဖို့ ကောင်းတယ်ပေါ့နော်။ ဒီလို Report မျိုး တင်မယ်ဆိုရင် ပိုပြီးတော့ ကျမတို့ Civil Society အောက်ခြေမှာရှိတဲ့လူတွေ ပိုပြီးတော့ Consult လုပ်သင့်တယ်။ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံသင့်တယ်၊ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံဟာ လက်ရှိမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက် လုပ်ဆောင်လာတာကို တွေ့ရတယ်လို့ မစ္စတာ နမ်ဘီးယားက ပြောသွားပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ မြန်မာနိုင်ငံဟာ အစိုးရရုံးဆိုက်ရာ နေပြည်တော်မှာ ဒေသတွင်း အာဆီယံ အစည်းအဝေးတွေအပြင် နိုင်ငံတကာ အစည်းအဝေးတွေကိုလည်း အောင်အောင်မြင်မြင် ဦးစီးကျင်းပပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂနဲ့ လူ့အခွင့်အရေး ဆွေးနွေးပွဲတွေ အပါအဝင် အခြားဖွံ့ဖြိုးရေး ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာ တွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ ပြဌာန်းချက်တွေ အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂအေဂျင်စီနဲ့ ရန်ပုံငွေထောက်ပံ့ရေး အစီစဉ်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာ တွေ့ရပြီး ကုလသမဂ္ဂဘက်ကလည်း မြန်မာနိုင်ငံနဲ့ အနီးကပ်လက်တွဲပြီး ဆက်လက် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က ပြောဆိုသွားပါတယ်။

XS
SM
MD
LG