သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲအလားအလာ ကန်လွှတ်တော်ကြားနာ


ရွေးကောက်ပွဲနီးလာချိန်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ တိုးတက်မှု ရှိ - မရှိ အမေရိကန်အောက်လွှတ်တော်မှာ ကြားနာစစ်ဆေး (၂၁ အောက်တိုဘာ ၂၀၁၅)
ရွေးကောက်ပွဲနီးလာချိန်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ တိုးတက်မှု ရှိ - မရှိ အမေရိကန်အောက်လွှတ်တော်မှာ ကြားနာစစ်ဆေး (၂၁ အောက်တိုဘာ ၂၀၁၅)

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေဆဲ ဆိုပေမဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး စိုးရိမ်စရာတွေ ရှိနေဆဲ အခြေအနေတွေကို အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြားနာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေဟာ အောင်မြင်မှုရှိတယ်လို့ မကြာခဏ ပြောဆိုနေပေမဲ့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကန့်သတ်မှုတွေ ရှိနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကိုလည်း ဥပဒေပြု အမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော်မှာ ဆွေးနွေးကြားနာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေ တုန်းက အပြောင်းအလဲတွေနဲ့အတူ အမေရိကန်အစိုးရက ထိတွေ့ဆက်ဆံလာခဲ့တဲ့ မူဝါဒတွေဟာ လက်တွေ့ ကျရဲ့လား ဆိုတာကိုလည်း ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Steve Chabot တို့လို ဥပဒေပြုအမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။

“အမေရိကန် အစိုးရက ကျနော်တို့ရဲ့ ဆက်ဆံရေးသစ်၊ မြန်မာနိုင်ငံသစ်ဟာ အောင်မြင်မှုတခု အဖြစ် ပြသဖို့ ကြိုးစားနေပါတယ်။ ကျနော်ထင်ပါတယ် အပြုသဘောပြောမယ်ဆိုရင်တောင် အပြတ်ပြောနိုင်တဲ့ အခြေအနေမျိုးမှာ မရှိသေးပါဘူး။ ပြဿနာတွေ ကြီးကြီးမားမား ရှိနေတဲ့အထဲမှာ ရိုဟင်ဂျာအရေးလည်း ပါပါတယ်။ ကျနော်အနေနဲ့ ဝေဖန်ရမယ်ဆိုရင်တော့ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ်နဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲရေး ကတိတွေအတိုင်း ဆောင်ရွက်တာမျိုးကိုလည်း ထင်ထင်ရှားရှား သက်သေမပြနိုင်သေးပါဘူး။ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိနေဆဲဖြစ်ပြီး၊ ဒါတွေဟာလည်း စစ်တပ်နဲ့ပတ်သက်နေပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေပါ။”

အားလုံးပါဝင်ခွင့်မရှိဘဲ ကန့်သတ်မှုတွေကြားက ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတာ၊ ရိုဟင်ဂျာမူဆလင်တွေကို နိုင်ငံသား အဖြစ် မြန်မာအစိုးရက လက်မခံဘဲ ခွဲခြားဆက်ဆံတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရနိုင်သေးတာ၊ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီး အရေးယူထားတာတွေကိုလည်း အဓိကဆွေးနွေး ကြားနာခဲ့ကြပါတယ်။ သီတင်း ၃ ပတ်လောက်သာ ကျန်တော့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် မဲပေးခွင့် မရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း အောက်လွှတ်တော် အာရှနဲ့ပစိဖိတ် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Matt Salmon က မေးခွန်းထုတ်ခဲ့ပါတယ်။

“မနေ့တနေ့ကပဲ ကြားရတဲ့သတင်းအရ ခန့်မှန်းချေ မြန်မာနိုင်ငံသား ၄ သန်းလောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့် မရဘူးလို့ သိရပါတယ်။ ဒါဟာ တရားဝင် မဲပေးခွင့်ရှိသူ ၃၃ သန်းခွဲထဲမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီရွေးကောက်ပွဲဟာ အများက ယုံကြည်လက်ခံနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာလားဆိုတာ ဘယ်လိုများ ဆန်းစစ် အကဲဖြတ်ထားသလဲဆိုတာ သိချင်ပါတယ်။ ဒါဟာမြန်မာပြည်သူတွေက ရွေးကောက်ပွဲကို လက်ခံသလားဆိုတဲ့ အပေါ်မှာ လုံးဝမူတည်နေတယ်လို့ ကြားပါတယ်။ လေ့လာအကဲခတ် သိလာရတဲ့ အပေါ်မှာ ကျနော်တို့ တခုခုဆုံးဖြတ်မယ်လို့လည်း ကြားပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ တကယ်လို့သာ ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်ရော ဘာလုပ်မှာလဲ။”

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ဒုတိယအကြီးအကဲ Jonathan Stivers တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်က စိန်ခေါ်မှုတွေကို အမေရိကန် အစိုးရတာဝန်ရှိသူတွေအနေနဲ့ သတိပြုမိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မမြင်သလို လုပ်နေမှာတော့ မဟုတ်ကြောင်း၊ နောက်တက်လာမယ့် အစိုးရကိုလည်း အမေရိကန်က ဆက်လက် ကူညီသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ထပ်ပြီး လျှော့ချဖို့ဆိုတာဟာ ဖြစ်စဉ်တခုလုံးပေါ် မူတည်တယ်လို့လည်း ဝန်ကြီး Russel က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သတိထားရမယ့် စိန်ခေါ်မှုတွေကိုလည်း အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ အခုလို ဖြေကြားသွားခဲ့ပါတယ်။

“အခြေခံအားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ကျနော်တို့ ခေါင်းထဲမှာ အမြဲထည့်ထားပါတယ်။ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်တွေက နေရာယူထားတာဟာ ဘယ်လိုမှ တရားမျှတမှုမရှိပါဘူး၊ White Card ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ မဲပေးခွင့်မရတာဟာလည်း တရားမျှတမှု မရှိပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ နိုင်ငံရေးပါတီတွေက ဒီချို့ယွင်းချက်တွေ ရှိနေတယ်ဆိုတဲ့ အသိနဲ့ပဲ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ ကျနော်တို့ အနေနဲ့လည်း မြင်တွေ့ ကြားသိရတာတွေအပေါ် အခြေခံပြီး အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တခြား နိုင်ငံရေးပါတီတွေ၊ ပြီးတော့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ပြောဆိုမှုတွေအပေါ် အခြေခံပြီး ဆန်းစစ်အကဲဖြတ်သွားမှာပါ။ ဒီအထဲမှာ IFES၊ IRI၊ NDI၊ ကာတာစင်တာ၊ အီးယူရွေးကောက်ပွဲ စောင့်ကြည့်ရေး စတဲ့ အဖွဲ့တွေ ပါဝင်ကြတာဟာလည်း ဒီနေရာမှာ အရေးကြီးပါတယ်။ ပြည်တွင်းက ထောင်နဲ့ချီတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေရဲ့ ပြောဆိုချက်တွေကိုလည်း ကျနော်တို့က နားထောင်သွားမှာပါ။ မြန်မာသတင်းမီဒီယာတွေနဲ့ မြန်မာပြည်သူတွေရဲ့ ပြောဆိုချက်တွေလည်း နားထောင်ပြီးတော့ ကျနော်တို့အနေနဲ့ ချင့်ချိန် အကဲဖြတ် သွားမှာပါ။”

ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေအပေါ် ဆက်ဆံမှုတွေကို အထူး စိုးရိမ်မိသလို၊ ရွေးကောက်ပွဲရက်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်စေနိုင်တဲ့ အမုန်းစကား ပြန့်ပွားမှုကိုလည်း ဝန်ကြီး Russel က သတိပေးသွားခဲ့ပါတယ်။ မြန်မာ့အရေး အောက်လွှတ်တော် ကိုယ်စားလှယ်များရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Joe Crowley ကလည်း - လာမယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ တကယ့်ဆန္ဒအမှန်ကို အကောင်အထည် ဖော်ပေးနိုင်လိမ့်မယ်ဆိုတဲ့အပေါ် သံသယရှိနေတာပါ။

“ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒတွေကို ဖော်ထုတ်နိုင်မယ်လို့ ကျနော်ကတော့ မယုံကြည်ပါဘူး။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို နေရာယူထားဦးမှာပါ။ ဒါတွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ဒါကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သတင်းစကားပါးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရီပတ်ပလစ်ကန်ရော၊ ဒီမိုကရက် ပါတီ ၂ ရပ်စလုံးကပါ - ဒါတွေ ပြောင်းလဲဖို့လိုအပ်တယ်လို့ သဘောတူ လက်ခံထားကြပါတယ်။”

ဒါ့အပြင် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ Ed Royce ကလည်း - မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အမည်မဲစာရင်းမှာ ထည့်သွင်းဖို့ အမေရိကန် ဘဏ္ဍာရေးဌာနကို တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ ကြားနာပွဲမှာတော့ လူမျိုးတုန်းသတ်ဖြတ်မှု အဆုံးသတ်ရေး လှုပ်ရှားနေတဲ့ United to End Genocide အဖွဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ U.S. Campaign for Burma တို့က တာဝန်ရှိသူတွေလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေးအရ နောက်ပြန်ဆွဲတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG