သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံပဋိပက္ခ ဒေသတွင်းရိုက်ခတ်မှာ မလေးရှား စိုးရိမ်


မူဆလင်တွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေဟာ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်း နိုင်ငံတွေမှာလည်း ရှိနေသလို၊ တချိန်တည်းမှာ မြန်မာပြည် အတွင်းမှာလည်း အခုထက်တိုင်အောင် အခြေအနေဟာ မအေးချမ်းနိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒီအခြေအနေတွေကို (၄၆) ကြိမ်မြောက် ဘရူနိုင်းမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာလည်း ဆွေးနွေးခဲ့ကြတာရှိပါတယ်။ ဘာတွေ ဘယ်လို ဆွေးနွေးခဲ့ကြသလဲဆိုတာကို မခွာညိုက တင်ပြထားပါတယ်။

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဘရူနိုင်းအစည်းအဝေးအတွင်း မလေးရှားနိုင်ငံက မြန်မာနိုင်ငံကို မူဆလင်တွေအပေါ် အခုထက်ပိုပြီး ထိထိရောက်ရောက် အကာအကွယ်ပေးရေးနဲ့ ပြစ်မှု ကျူးလွန်သူတွေကိုလည်း ထိုက်သင့်သလို ပြစ်ဒဏ်ကျခံစေရေး စတာတွေတို တိုက်တွန်း လိုက်ပါတယ်။ အခု နောက်ဆုံး အရှေ့တောင်အာရှ ဒေသတွင်းမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေဟာ မြန်မာပြည်တွင်းက အခြေအနေတွေနဲ့ ပတ်သက် ဆက်စပ်နေတယ်လို့လည်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ မူဆလင်တွေဟာ အကြမ်းဖက်ခံရ မှုတွေကြောင့် မြန်မာပြည်ကနေ ထွက်ပြေးခဲ့ကြပါတယ်။ အများစုက မူဆလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံဘက်ကို လှေစီးပြီး ထွက်ပြေးခဲ့ကြပါတယ်။ မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဟာ မြန်မာပြည်အနောက်ပိုင်းက ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်က ပျံ့နှံ့ခဲ့ပြီး အဲဒီကတဆင့် မြန်မာပြည်အလယ်ပိုင်းနဲ့ မြို့တော်ဟောင်း ရန်ကုန်အထိ ပျံ့နှံ့ခဲ့ပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Anifah Aman က ခုလိုပြောပါတယ်။

“အခု ကျနော်တို့ စိတ်ပူမိတာကတော့ ဒါဟာ ရခိုင်ပြည်နယ် တခုတည်းရဲ့ ပြဿနာ မဟုတ်တော့ဘဲနဲ့ မြန်မာပြည်ရဲ့ နေရာ အတော်များများမှာ ပျံ့နှံ့လာနေတဲ့ကိစ္စ ဖြစ်လာနေရုံတင်မက၊ မလေးရှားနဲ့ အင်ဒိုနီးရှားအထိ ရောက်လာတာပါ။ ဒီတော့ ကျနော်တို့အနေနဲ့ ဒီကိစ္စ အရှိန်တက် မလာခင်၊ ပြဿနာ ကြီးထွားမလာခင်မှာ ရပ်တန့်အောင် လုပ်ဖို့ အာရုံစိုက်ကြဖို့ လိုပါတယ်။ မြန်မာတနိုင်ငံတည်းမှာ မဟုတ်ပါဘူး၊ တခြား ရိုဟင်ဂျာတွေ ရှိတဲ့ ဘယ်နေရာမှာ မဆိုမှာ လုပ်ကြရမှာပါ။”

ကမ္ဘာပေါ်မှာ မူဆလင်အများစုရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ လထဲကပဲ မြန်မာသံရုံးကို အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့သေးတာပါ။ ဒီလို ကြံစည်ခဲ့တာကို အချိန်မီ ကြိုတင် တားဆီးနိုင်ခဲ့ပါတယ်။ သံရုံးကို တိုက်ခိုက်ဖို့ ဦးဆောင်သူအဖြစ် သံသယရှိသူလို့ ယူဆရယူက သူတို့က မြန်မာပြည်တွင်းမှာ မူဆလင်တွေကို တိုက်ခိုက်တာတွေအပေါ် လက်တုံ့ပြန်ဖို့အတွက် အခုလို စီစဉ်တာဖြစ်တဲ့အကြောင်း အာဏာပိုင်တွေကို ပြောခဲ့ပါတယ်။

အဲဒီလိုမျိုး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ နေထိုင်ကြတဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာတွေကြားမှာ မကြာသေးခင် သီတင်းပတ်တွေ အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီကနေ တဆင့် ဒေသတွင်းအထိ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာမျိုး စိုးရိမ် ပူပန်မှုတွေလည်း ရှိနေကြတာပါ။

မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၃ သောင်းလောက် ဒုက္ခသည်အဖြစ်နဲ့ မှတ်ပုံတင်ထားကြောင်း၊ ဒါပေမဲ့ ဒီနှစ်အတွင်း ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှု တွေကြောင့် မြန်မာပြည်ထဲက ရွှေ့ပြောင်း မူဆလင်တွေရဲ့ အရေအတွက်ဟာ အခု မှတ်ပုံတင် ပမာဏထက် အဆမတန်များကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက UNHCR က ပြောပါတယ်။

နှစ်ပေါင်း ၅၀ လောက်အတွင်း၊ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ် ဆီကို ပြန်လှည့်စ ကာလအတွင်း ၂၀၁၁ ခုနှစ်ကလမှာ ဖြစ်ပေါ်လာတဲ့ မူဆလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ရပ်တန့်သွားအောင်လုပ်ဖို့၊ ဒါမှမဟုတ် တရားသဖြင့် စီရင်ဆုံးဖြတ်ပေးဖို့အတွက်တော့ မြန်မာအစိုးရက မဖြစ်စလောက် အရေးယူပြတာကိုပဲ တွေ့ခဲ့ရတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

အခုလို အာဆီယံ နိုင်ငံတွေက ဘရူနိုင်းမှာ အစည်းအဝေးကျင်းပပြီး ဒေသတွင်း အတွက်ပါ မြန်မာပြည်နဲ့ ဆက်စပ်ပြီး ဘာသာရေးနဲ့ မူဆလင်ရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာကို စိုးရိမ်လို့ ကာကွယ်ဟန့်တားမှုတွေ ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်းကြ၊ တိုင်ပင်ညှိနှိုင်းကြ လုပ်နေကြတဲ့ တချိန်တည်းမှာပဲ သံတွဲမြို့မှာ အမျိုးသမီးတစ်ဦး ထပ်မံ အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပြန်တဲ့အကြောင်း ပြန်ကြားရေး ဌာန ဒု ဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ် အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီသတင်းကြောင့် မြို့သစ်ရပ်ကွက်မှာ အိမ်နှစ်လုံး မီးလောင်ကျွမ်း ခဲ့ရပြီး ဒေသအာဏာပိုင်တွေက ညမထွက်ဖို့ လှည့်လည်ကြေညာနေသလို၊ မြို့အဝင်အထွက်လမ်းတွေကိုလည်း ပိတ်ထားလိုက်တယ်လို့ သိရကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဒေသခံ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆက်လက် ဖော်ပြထားပါတယ်။
XS
SM
MD
LG