သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံးအကြိမ် တိုင်းရင်းသားပေါင်းစုံ ဝါဆိုကန်တော့ပွဲကျင်းပ


ပထမဆုံးအကြိမ် တိုင်းရင်းသားပေါင်းစုံ ဝါဆိုကန်တော့ပွဲကျင်းပ
ပထမဆုံးအကြိမ် တိုင်းရင်းသားပေါင်းစုံ ဝါဆိုကန်တော့ပွဲကျင်းပ
ဒီကနေ့ဟာ ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာအခါတော်နေ့ ဖြစ်တာနဲ့အညီ ပထမဆုံးအကြိမ် တိုင်းရင်းသားပေါင်းစုံ ကန်တော့ပွဲတရပ် ကျင်းပပြီး ဝါရင့်တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်ကြီးတွေကို တိုင်းရင်းသားလူငယ်တွေက ဦးဆောင်ပြီး ဂါရဝ ပြုခဲ့ကြပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အကန်တော့ခံ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကလည်း အမှာစကား ပါးခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

ဝါဆိုလပြည့် အဘိဓမ္မာ အခါတော်နေ့မှာ ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ဖိတ်ကြားပြီးတော့ ဂါရဝပြု ကန်တော့ကြတဲ့ တိုင်းရင်းသားပေါင်းစုံ ကန်တော့ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တိုင်းရင်းသား လူငယ်များကွန်ရက်အဖွဲ့က ဦးဆောင်ပြီးတော့ ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ကြပါတယ်။

အသက် ၈ဝ ကျော် ဝါရင့်နိုင်ငံရေး သမားကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်တဲ့ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့ ရှမ်းပြည် ငြိမ်းချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ဆေထင် အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်တွေကို ဂါရဝပြုတဲ့ အခမ်းအနား ဖြစ်ပါတယ်။

ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ အသီးသီးက ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ မျိုးဆက်သစ် လူငယ်တွေက လာရောက် ဂါရဝပြု ကန်တော့ခဲ့ကြတာ ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့တဲ့ ပင်လုံကတိစကားနဲ့ ပတ်သက်ပြီး ဂါရဝပြု တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။

“ဖေဖေက အင်မတန်မှ ရယ်ခဲ၊ ပြုံးခဲပါတယ်။ ဒါပေမဲ့ ဖေဖေ ပြုံးပြီး ရယ်နေတဲ့ပုံကတော့ ကချင်အမျိုးသမီးတွေ ဝိုင်းနေတဲ့ပုံပဲ။ ဘာဖြစ်လို့လဲဆိုတာကို ကချင်အမျိုးသမီးကြီး ဒေါ်လာနန်းဂျာနန်ကို ကြည့်လိုက်လို့ရှိရင် သိမယ်လို့ ထင်ပါတယ်။ ဒီလိုပဲ ကျမတို့ အချင်းချင်းကို ပြုံးနိုင်ရယ်နိုင်အောင်လို့ လုပ်ပေးနိုင်တဲ့အခြေအနေတွေ ကျမတို့ ပြန်ရဖို့ဆိုရင် အဲ့ဒါကတော့ အခြေခံ သစ္စာတရားပေါ်မှာ တည်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သစ္စာရှိဖို့ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုပါတယ်။ သစ္စာရှိတယ်ဆိုတာဟာ ယုံကြည်မှုပေါ်မှာ မူတည်ပါတယ်။ တခြားလူကို ယုံကြည်ရမယ်။ ကိုယ်ယုံကြည်တဲ့ လူပေါ်မှာသာ ကိုယ် သစ္စာရှိဖို့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်တဲ့သူက ဘယ်လိုလုပ် တခြားလူကို ယုံကြည်နိုင်မလဲ။ အဲ့ဒါကို ကျမပြောတာပါ။”

ဂါရဝပြုခံ ဝါရင့် နိုင်ငံရေးခေါင်းဆောင်တွေက တိုင်းရင်းသားဒေသတွေ ငြိမ်းချမ်းစေဖို့၊ နောက် ပင်လုံ ကတိကဝတ်တွေကို အလေးအနက်ထားဖို့နဲ့ ပြည်ထောင်စုစိတ်ဓာတ် ထားပြီး ဖက်ဒရယ်စနစ် ရရှိရေးတွေကို အလေးအနက်ထား အမှာစကား ပြောကြားခဲ့ကြတယ်လို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင် က ပြောပါတယ်။

“လုပ်သင့်လုပ်ထိုက်တဲ့ ပွဲပါပဲ။ လူငယ်ကွန်ရက်အနေနဲ့လည်း တာထွက်ကောင်းပါတယ်။ အားလုံးကတော့ ဒီလိုပါပဲဗျ။ ပင်လုံရဲ့ ကတိကဝတ် အခုထိ မပီခဲ့ဘူးပေါ့နော်။ ဒါကို ပြန်သုံးသပ်ဖို့။ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးကို သွားနိုင်တဲ့ ဖွဲ့စည်းပုံမျိုး ရေးဆွဲပြီးမှပဲ ပြည်တွင်းငြိမ်းချမ်းရေးကို ရမယ်။ ဒါမျိုး ညီလာခံကြီးတခုကို အားလုံးပါဝင်အောင် ဆောင်ရွက်သင့်တယ်။ လက်ရှိ နိုင်ငံရေး အလားအလာတွေလည်း ထောက်ပြသွားကြပါတယ်။ ခေါင်းဆောင်တွေအားလုံးလေ။ ရှမ်းခေါင်းဆောင် ဦးဆေထင် ပြောတဲ့ အသုံးအနှုန်းဆိုရင် အင်္ဂလိပ်ကျွန်ဘဝကနေ ဗမာကျွန် မဖြစ်စေရလို့ ဗိုလ်ချုပ်ဦးအောင်ဆန်းသုံးခဲ့တာ ပင်လုံစာချုပ်မှာ မတိုင်ခင်လေးမှာ ရှိတယ်လေ။ ဒါတွေကို ပြန်သုံးသပ်ပါ။ တိုင်းရင်းသားခေါင်းဆောင် အားလုံးကတော့ဖြင့် ပြည်ထောင်စုကို ညီညီညွတ်ညွတ်လေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ တည်ဆောက်ချင်ကြတဲ့ သဘော အကုန်ရှိပါတယ်။”

အခုလို နိုင်ငံရေးမျိုးဆက်သစ် တိုင်းရင်းသားလူငယ်တွေ စုစည်းပြီး တိုင်းရင်းသားခေါင်းဆောင်တွေကို အလေးအနက်ထား ဂါရဝပြု ကန်တော့ဖို့ စီစဉ်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ပွဲကို တက်ရောက် ကန်တော့ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း က အခုလို ပြောပါတယ်။

“ရည်ရွယ်ချက်ကတော့ တိုင်းရင်းသားပေါင်းစုံမှာရှိနေတဲ့ ဒီတိုင်းပြည် လွတ်လပ်ရေး ရတဲ့အချိန်ကစပြီး ဒီကနေ့ ဒီအချိန်ထိ နိုင်ငံရေးထဲမှာ အဆက်မပြတ် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို တိုင်းရင်းသားကွန်ရက်ကနေ စုပေါင်းပြီးတော့ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံးပေါ့နော် မွန်တွေရော၊ ရှမ်းတွေရော၊ ကချင်တွေရော၊ စုပေါင်းပြီးတော့ ကန်တော့ပွဲ လုပ်တာပေါ့နော်။ အဲ့ဒီထဲမှာ ဦးသာဘန်းတို့၊ ဗိုလ်ချုပ်ဆေထင်ရောပေါ့ နိုင်ငံရေးလုပ်ခဲ့တဲ့ အမျိုးသမီးခေါင်းဆောင်တယောက်ပါတယ်။ ကျန်တဲ့လူတွေကလည်း ကရင်တွေ၊ ချင်းတွေ၊ ရှမ်းတွေ၊ အဲ့လိုဟာတွေ အကုန်လုံး စုပေါင်းပြီးတော့ ဦးနိုင်ငွေသိန်းတို့ သူတို့တွေလည်း ပါတယ်လေ။”

ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဇူလိုင်လ ၂၂ ရက်နေ့ အဘိဓမ္မာအခါတော်နေ့ ဝါဆိုလပြည့်နေ့မှာ မနက် ၉ နာရီကနေ နေ့လည်အထိ ကျင်းပခဲ့တဲ့ တိုင်းရင်းသားပေါင်းစုံ ကန်တော့ပွဲမှာ တိုင်းရင်းရိုးရာ အကတွေနဲ့လည်း ဖျော်ဖြေခဲ့ကြပြီး ဒီပွဲကို နိုင်ငံရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ရာနဲ့ချီပြီး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
XS
SM
MD
LG