သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဒဏ်ကြောင့် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ အိမ်ခြေ ၁ သောင်းကျော်ပျက်စီး


မိုးတိမ်တောင်ရာသီဥတုကြောင့် လေပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေကျတာတွေကြောင့် လူ ၁၄ ဦးသေဆုံးပြီး လူနေအိမ် ၁ သောင်းခွဲကျော် ပျက်စီးဆုံးရှုံးတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးက အတည်ပြု ပြောဆိုပါတယ်။ လာမယ့်ရက်တွေအတွင်းမှာလည်း မိုးသက်လေပြင်း ကျရောက်နိုင်တာကြောင့် တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ သတိထားနေရဦးမယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

ဧပြီလ ၂၁ ရက်နေ့ကတည်းက မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ မိုးတိမ်တောင် ရာသီဥတုကြောင့် မိုးသီးကြွေကျတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးပြီး လူနေအိမ် ၁ သောင်းခွဲကျော် ခေါင်မိုးလန်တာ၊ ပြိုကျပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေကို အခုလို အတည်ပြု ပြောဆိုလိုက်ပါတယ်။

“အဲဒါ စစ်ကိုင်းနဲ့ပတ်သက်ရင် စစ်ကိုင်းမှာ ၁ ယောက်၊ ရွှေဘိုမှာ ၁ ယောက်၊ မုံရွာမှာ ၃ ယောက်၊ ကန့်ဘလူမှာ ၁ ယောက်၊ အဲဒါတွေက သေဆုံးတာ။ မန္တလေးမှာဆိုရင် ကျောက်ဆည်မြို့နယ်တွင်းက ရေသယောက်ရွာမှာ ၆ ယောက်။ ဒါပေမဲ့ ကျောက်ဆည်ခရိုင်ပေါ့ ၆ ဦးရှိတယ်။ ရှမ်းဘက်မှာကျတော့ ရွာငံမှာ ၁ ယောက်၊ အားလုံးပေါင်း ၁၄ ဦး။ ပြိုကျတာက ၁၆၂၅ ရတယ်နော်။ အမိုးလန် ပျက်စီးတာက ၁၃၇၈၂ နော် အဲဒါ ပြည်နယ်တိုင်း ၇ ခုစလုံးမှာ အဲ့လိုပျက်စီးခဲ့တယ်ပေါ့။”

ပြီးခဲ့တဲ့လေးရက်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးက နေရာအတော်များများမှာ အရွယ်အစားကြီးတဲ့ မိုးသီးတွေ ကြွေကျတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာတွေ ဖြစ်ပွားခဲ့တာပါ။ လူအသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေလည်း ချက်ခြင်း လုပ်ကိုင်နေတယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ဆက်ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးမှာ ပြိုကျလို့ရှိရင် တအိမ်ကို ၅ သောင်း အမြန်ဆုံး လိုက်ပေးလိုက်တယ်။ နောက်ပြီးတော့ အမိုးလန် ဘာလန်ဆိုရင် ၂ သောင်းလိုက်ပေးတယ်။ ကျန်တာကတော့ ကျနော်တို့ ဝေနေကြနော် မိသားစု ၁ စုဆိုရင် ပစ္စည်း ၉ မျိုးပါတဲ့ အရေးပေါ် အသုံးအဆောင်ပစ္စည်းတွေ အဲဒါတွေ လိုက်ဝေတယ်။ နောက်ပြီးတော့ သွပ် တော်တော်များများ ကျနော်တို့ ပေးနိုင်တယ်။ ဆန်ကတော့ နောက်ပိုင်းမှပဲ လုပ်မှာ။ နောက်ပိုင်း ဆက်ပြီးတော့ ပြန်လည် အခြေချနေထိုင်ရေးနဲ့ ပတ်သက်တဲ့ ဟာတွေကတော့ အခု အရင်ပေါ့နော်။”

ဒီလို ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ဝန်ထမ်းအင်အား မလုံလောက်တဲ့ အခက်အခဲကိုလည်း အဓိက ရင်ဆိုင်နေရတယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ ဒီနေ့အထိလည်း လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအထက်ပိုင်းက တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ ဆက်ပြီး သတိထားကြရမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက အခုလို သတိပေးလိုက်ပါတယ်။

“ဒီကနေ့တော့ လျှပ်စစ်မီးကတော့ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ အဖြစ်များတယ်ပေါ့နော်။ အဖြစ်များတဲ့အတွက်ကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဆိုရင် ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးဆိုရင် ရှမ်းပြည်နယ်ပေါ့နော် အဲဒါတွေ သတိထားနိုင်ပါတယ်။ အဲဒီကနေမှ နည်းနည်းလေး အောက်ဆင်းရင်တော့ မကွေးတိုင်းတို့ ဘာတို့ပေါ့နော်။ မကွေးတိုင်းရဲ့ အထက်ပိုင်းဒေသတွေမှာ သတိထားသင့်ပါတယ်။”

အခုရက်ပိုင်းတွေမှာ မိုးလေဝသ အခြေအနေတွေနဲ့ မိုးသီးကြွေကျတဲ့အခါ၊ လေပြင်းတိုက်ခတ်တဲ့အခါ လိုက်နာဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် ပညာပေးအစီအစဉ်တွေကို သတင်းစာ၊ တီဗွီနဲ့ ရေဒီယို အစီအစဉ်တွေမှာလည်း ထည့်သွင်း ဖော်ပြနေပါတယ်။

XS
SM
MD
LG