သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဒန်ရောက် ဆန္ဒပြမြန်မာအလုပ်သမားတွေ အရိုက်ခံရ


ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံမှာ လုပ်အားခ တိုးမြင့်ပေးရေး၊ တန်းတူ အလုပ်သမားအခွင့်အရေး ရရှိရေးတို့အတွက် ငြိမ်းချမ်းစွာ တောင်းဆိုနေကြတဲ့ မြန်မာ အလုပ်သမားတွေရှိရာ တန်းလျားကို စက်ရုံဝန်ထမ်းတွေ မနက်အစောကြီး အတင်းဝင်ရောက်ပြီး အရိုက်နှက်ခဲ့တယ်လို့ အရိုက်ခံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျော်ဒန်ရဲဌာနမှာ တိုင်ချက်ဖွင့်ထားပြီး သက်ဆိုင်သူတွေကို အရေးယူဖို့ ဂျော်ဒန်အလုပ်သမား အဖွဲ့အစည်းတွေကလည်း ကူညီနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အလုပ်သမားတန်းလျားမှာ အိပ်နေကြတဲ့ မြန်မာအလုပ်သမားတွေရှိရာကို စနေနေ့မနက် ၅ နာရီ ခွဲလောက်မှာ CMJ အထည်ချုပ်စက်ရုံက တရုတ်နဲ့ အာရဘူဝန်ထမ်းတွေ အမျိုးသမီးဆောင်ကိုရောက်လာပြီး အလုပ်ဆင်းဖို့ အတင်း တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့ အမျိုးသမီးတွေက သူတို့တောင်းဆိုချက်တွေ မရသေးတာရော၊ ကုမ္ပဏီနဲ့ ညှိနှိုင်းနေတဲ့ကိစ္စတွေ မပြီးပြတ်သေးတာရောကြောင့် အလုပ်မဆင်းဖို့ ငြင်းဆန်တဲ့အတွက်
စက်ရုံဘက်က စေလွတ်လိုက်တဲ့သူတွေက တုတ်တွေကိုင်ဆောင်ပြီး လူစုလူဝေးနဲ့ အတင်းဝင်ရောက် ရိုက်နှက်ခဲ့တဲ့အတွက် အမျိုးသမီးတချို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြတာပါ။

သူတို့ကို ဝင်ရောက် ရိုက်နှက်ခဲ့တဲ့ အခြေအနေတွေကို အမျိုးသမီးဝန်ထမ်းတဦးက အခုလို ရှင်းပြပါတယ်။

“ကျမတို့ မနက်မိုးလင်းတော့ သူတို့တွေက အုပ်လိုက်ကျင်းလိုက်၊ သူတို့တွေက တရုတ်တွေရော၊ ဒီနိုင်ငံကလူမျိုးတွေရော အလုပ်ဆင်းဖို့လာခေါ်တယ်။ ကျမတို့က ကျမတို့အဆောင်မှာပဲ ကျမတို့နေတာ။ သူတို့က အတင်းလာခေါ်တာ။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးတော့ ထိုးတာ။ လက်သီးတွေနဲ့ ထိုးတာ။ အခု အခန်းထဲကို ဝင်တယ်။ ကျမတို့က မဆင်းဘူးပြောတယ်။ လှေခါးထစ်မှာလည်း လူတွေ အများကြီးရှိတဲ့အတွက် ကိုယ့်လူတွေကိုယ် ပြန်ခေါ်တယ်။ သူတို့ကမရဘူး အတင်းဆွဲတယ်။ ဒါပေမဲ့ ကျမတို့ဘက် ဘယ်သူမှမလိုက်ဘူး။ သွားတော့နဲ့သွားတယ်။ နှုတ်ခမ်းပေါက်သွားတယ်။ မျက်နှာတွေ ယောင်သွားတယ်။ နှုတ်ခမ်းယောင်သွားတယ်။ ကျမတို့ကို အရေးယူပေးမယ်လို့တော့ ပြောတယ်။”

သူ့လိုပဲ အရိုက်ခံရပြီး မျက်လုံးမှာ ဒဏ်ရာရသွားတဲ့ အမျိုးသမီး အလုပ်သမားကတော့ အသက်အန္တရာယ်ပါ စိုးရိမ်ရတဲ့ အနေအထားဖြစ်လာတာမို့ အဲဒီမှာ ဆက်မနေရဲတော့ဘူး လို့ ပြောပါတယ်။

“အထိုးခံရတယ်။ မျက်လုံးကိုထိမိသွားတယ်။ နားလည်းထိတယ်။ လက်ကိုလည်းထိသွားတယ်။ သူတို့ သံတုတ်နဲ့ရိုက်တာ လက်ထိသွားတယ်။ လက်နဲ့ကာလိုက်တာ မျက်လုံးကတော့ အခု ကြည့်လို့မရဘူး။ မျက်လုံးတော်တော်အောင့်နေတယ်။ ကျမကတော့ အရမ်းဝမ်းနည်းတယ် အစ်ကိုရေ။ ပြန်လည်းပြန်ချင်တယ်။ ဒီမှာ အသက်အန္တရာယ်အရမ်း စိုးရိမ်ရတယ်။ အခုတောင် အခန်းထဲထိ ကိုယ်ထိလက်ရောက် စော်ကားတယ်ဆိုတော့ နောက်ဆိုရင် မတွေးရဲဘူး။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ အင်မတန်လည်း ကြောက်ပါတယ်။”

အခုလို လာရောက် ရိုက်နှက်တဲ့သူတွေထဲမှာ တရုတ်နဲ့ အာရဘူ ဝန်ထမ်း ၇၀ ပတ်ဝန်းကျင်လောက် ပါတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခင်းဖြစ်ပြီးနောက် ဂျော်ဒန်နိုင်ငံက ဒေသခံ အလုပ်သမားအဖွဲ့ဖြစ်တဲ့ INUTC အဖွဲ့က လာရောက် ကူညီပေးခဲ့တာတွေကိုလည်း အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ပြောပြပါတယ်။

“အခုနောက်ဆုံးက INUTC က အမျိုးသမီးတယောက်နဲ့ အလုပ်သမားရုံးက အမျိုးသားတယောက်နဲ့ ကျနော်တို့ ဒီကိစ္စတွေကို ရဲစခန်းကိုသွားပြီး ရှင်းကြပါတယ်။ ရှင်းပြီးတော့ မနက်ဖြန်ကျရင်တော့ ဒီလိုထပ်မဖြစ်အောင် သူတို့ တာဝန်ယူပါတယ်ဆိုပြီး လာပြောသွားပါတယ်။ နောက်ပြီးတော့ ရဲစခန်းကိုသွားပြီး အမှုဖွင့်ဖို့အတွက်ကိုလည်း ဒီ မှုခင်းဖြစ်တဲ့နေရာက ကလေးတွေရဲ့ ပက်စ်ပို့စာအုပ်တွေရယ်၊ နေထိုင်ခွင့်ကဒ်တွေရယ်၊ သူတို့နံမည်တွေ၊ သူတို့ရဲ့ လိပ်စာတွေကို အဓိက ယူသွားပါတယ်။ နောက်ပြီးတော့ ကျနော်တို့ကိုလည်း အာမခံချက်တခုတော့ ပေးသွားပါတယ်။ အဲဒါဘာလဲဆိုတော့ မနက်ဖြန်ကျလို့ရှိရင် ခုလိုပဲလာပြီးတော့ ထပ်ပြီးတော့ အခန်းထဲဝင်ပြီး ရိုက်တာမျိုးတို့၊ လာလုပ်တာမျိုးတို့၊ နောက်ထပ်ဝင်လာတာမျိုးတို့ တကယ်လို့ဖြစ်လာခဲ့မယ်ဆိုရင် သူတို့အနေနဲ့ လာတဲ့သူတွေအကုန်လုံးကို သူတို့အရေးယူပေးပါမယ်ဆိုပြီး အာမခံသွားပါတယ်။”

လတ်တလောဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ဆွေးနွေး တင်ပြရအောင် အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးကို အလုပ်သမားတွေဘက်က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရဘဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“မနေ့ကအထိတော့ သံရုံးက အဆက်အသွယ်ရပါတယ်။ သံရုံးကတော့ မနေ့ကပြောပါတယ်။ ဒီကိစ္စမျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲဒီလိုမျိုး ဖြစ်လာနိုင်တဲ့အတိုင်းအတာမျိုးကို သံရုံးကိုပြောထားပါတယ် ဆိုပြီးတော့ သံရုံးက သံအမတ်ကြီးကနေပြီးတော့ ကျနော့်ကိုပြောပါတယ်။ ဒီနေ့ အဲဒီလိုဖြစ်လာတဲ့ အတိုင်းအတာမှာ လက်ရှိအနေအထားအရ သံရုံးကိုခေါ်တာ မနက်က အမှုခင်းဖြစ်တဲ့အချိန်ကစပြီး ခုချိန်ထိ သံရုံးကို ဆက်သွယ်လို့မရသေးပါဘူး။”

ဂျော်ဒန်နိုင်ငံက အလုပ်သမား အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက စက်ရုံထဲမှာ နောက်နောင် ဒါမျိုးမဖြစ်အောင် သူတို့အနေနဲ့ ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့ပေမဲ့ လည်း မြန်မာအလုပ်သမားတွေကတော့ အခုလို ကိုယ်ထိလက်ရောက် စော်ကားတဲ့ အထိ ဖြစ်လာတာကြောင့် အသက်အန္တရာယ်ပါ စိုးရိမ်လာရပြီး မြန်မာပြည်ပြန်ဖို့ ကူညီ ဆောင်ရွက်ပေးမယ့်သူ အမြန်ဆုံး လိုအပ်နေတယ်လို့ ပြောကြပါတယ်။

အလုပ်ဆင်းတဲ့နေ့တွေမှာ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို ထမင်းချက်ကြွေးပေမဲ့ ရေရှည်မှာ စားမရတော့တဲ့အထိ အရည်အသွေး ညံ့ဖျင်းလာတဲ့အကြောင်း အလုပ်သမားတွေဘက်က စောဒကတက်ရာက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစပြီးတော့ အခုလို သပိတ်မှောက် တောင်းဆိုမှုတွေ ဖြစ်လာတာပါ။

သောကြာနေ့တုန်းကတော့ ဒီတောင်းဆိုမှုကို ဦးဆောင်သူ ၂၁ ဦး မြန်မာပြည်ကိုပြန်ရင် အလုပ်ရှင်ဘက်က လုပ်အားခလစာ ဒေါ်လာ ၁၈၀ အထိ တိုးပေးဖို့ သဘောတူတဲ့အကြောင်း အလုပ်သမားတွေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ စက်ရုံတစ်ခုထဲမှာ အတူတူ အလုပ်လုပ်နေကြတဲ့ တရုတ်ဝန်ထမ်းတွေကိုတော့ အခြေခံလစာ ဒေါ်လာ ၂၀၀ ကျော်အပြင် တခြား ရှားပါးစားရိတ်၊ အချိန်ပိုလုပ်ခ စတာတွေကို အလုပ်ရှင်ဘက်က လိုက်လျောပေးထားတာကြောင့် လက်ရှိရနေတဲ့ လုပ်အားခ ဒေါ်လာ ၁၅၅ ကနေပြီးတော့ ဒေါ်လာ ၂၀၀ အထိ တိုးပေးဖို့ မြန်မာ အလုပ်သမားတွေဘက်ကလည်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဂျော်ဒန်နိုင်ငံ Amman မြို့အပြင်က Al Hassan မြို့မှာ ရှိတဲ့ CMJ အထည်ချုပ်စက်ရုံမှာ မြန်မာ အလုပ်သမား ၁,၃၀၀ ကျော် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG