သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာ-ခရစ်ယာန်တွေ အီစတာပွဲတော်ဆင်နွှဲ


ဒီကနေ့ တနင်္ဂနွေနေ့ဟာဆိုရင် ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ Easter Sunday နေ့ လို့ခေါ်တဲ့ ယေရှု ခရစ်တော် ရှင်ပြန်ထမြောက် လာတဲ့နေ့ ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေက Easter ပွဲတော်အထိမ်းအမှတ် အခမ်းအနားတွေကို ကြီးကျယ်ခမ်းနားစွာ ဆင်နွှဲကျင်းပနေချိန် အမေရိကန်ပြည်ထောင်စုက မြန်မာခရစ်ယာန်တွေကလည်း မြန်မာနိုင်ငံက ခရစ်ယာန်တွေ ငြိမ်းချမ်းစေကြောင်း Easter အထိမ်းအမှတ် ဆုမွန်တောင်းပေးကြတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ရာ တနင်္ဂနွေနေ့အဖြစ် ခရစ်ယာန် ဘာသာဝင်တွေ ယုံကြည်တဲ့ Easter Sunday နေ့မှာ တကမ္ဘာလုံးက ခရစ်ယာန်တွေက အထိမ်းအမှတ် အခမ်းအနားတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေကြချိန်မှာပဲ မြန်မာနိုင်ငံမြောက်ပိုင်းက ခရစ်ယာန်ဘာသာဝင်တွေ အများအပြား ရှိနေတဲ့ ကချင်ပြည်နယ်တွင်းမှာတော့ ဒေသတွင်း စစ်ရေးတင်းမာမှုတွေဖြစ်နေလို့ ဘုရားရှိခိုးကျောင်းတွေမှာ ဘာသာရေး အခမ်းအနားတွေ ကျင်းပဖို့ အခက်အခဲဖြစ်နေကြရပါတယ်။ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရလို့ ဒုက္ခရောက်နေရတဲ့ ကချင်ပြည်သူတွေ ငြိမ်းချမ်းစေကြောင်း Easterနေ့မှာ ဆုတောင်းပေးနေသူကတော့ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားနေတဲ့ ကချင်လူငယ် ကိုမော်ထွန်းအောင်ပါ။

“အားပေးချင်တာက ဘာပဲပြောပြော ဘုရားသခင်က သူတို့နဲ့အတူ ရှိတယ်။ သူတို့နဲ့အတူ ဝေမျှခံစားပြီးတော့ ဆုတောင်းပေးနေတယ်။ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ သူတို့ရဲ့ ညီအစ်ကိုတွေ၊ သူတို့ကိုချစ်ခင်တဲ့ အားပေးထောက်ခံတဲ့သူတွေ၊ သူတို့ကို ဆုတောင်းပေးနေပါတယ်လို့၊ အီစတာဆန်းဒေးမှာလည်း ကျနော်တို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ယေရှုခရစ်တော်က ပြန်လည်ပြီးတော့ သေခြင်းကနေ ရှင်ပြန်ထမြောက်သလို ဒုက္ခခံနေရတဲ့သူတွေကလည်း အသစ်တဖန်ပေါ့နော်၊ အသစ်တော်၊ အသက်တာကို ယေရှုခရစ်တော် အသက်ပြန်လည်ရှင်သန် ထမြောက်သလိုမျိုး ပြန်လည်ပြီးတော့ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာပေါ့နော်။ သူတို့ပြေးနေရတဲ့ အယောက်စီတိုင်း ကောင်းမွန်တဲ့ဘဝသစ်ကို ပြန်လည်ရမယ်ဆိုတာလေးကို ကျနော့်အနေနဲ့ ကောင်းချီးမင်္ဂလာစကားလေး ပါးချင်ပါတယ်လို့။”

ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်တော်မွေးတဲ့နေ့ ခရစ်စမတ်နေ့ကို အလေးအမြတ်ထားကြသလို ခရစ်တော် ကားစင် တင်ခံရတဲ့နေ့ Good Friday နေ့အပြီး သုံးရက်တာ လွန်မြောက်ပြီးတဲ့နေ့မှာ သခင်ယေရှု တဖန်ရှင်ပြန် ထမြောက်လာတဲ့နေ့အဖြစ် Easter Sunday နေ့ကို ခရစ်ယာန်ဘာသာဝင်တွေက ယုံကြည်သက်ဝင်ကြပြီး အထိမ်းအမှတ်တွေကို ကျင်းပကြတာဖြစ်တယ်လို့ ကိုမော်ထွန်းအောင်က ရှင်းပြပါတယ်။

“အီစတာဆန်းဒေးမှာတော့ အထိမ်းအမှတ်က Easter Egg ပေါ့နော်။ ကြက်ဥလေးတွေကို အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် လက်ဆောင် ပေးကြတယ်။ အဓိပ္ပာယ်ကတော့ ကျနော်တို့ ယေရှုခရစ်တော်ကို သောကြာနေ့မှာ ဂူသွင်းသင်္ဂြိုဟ်တယ်။ ဒါပေမဲ့ ရှင်သန်ထမြောက်ရာနေ့ အီစတာ ဆန်းဒေးမှာ အဲ့ဒီ့ဂူထဲမှာ ယေရှုခရစ်တော်က ရှိမနေတော့ဘူး။ ပြန်လည်ရှင်သန်ထမြောက်သွားပြီပေါ့နော်။ တနည်းအားဖြင့် ဒီကြက်ဥလေးဟာ Empty Tomb ပေါ့နော်။ ဂူထဲမှာ လူမရှိတော့တဲ့ ရှင်ပြန်ထမြောက်သွားတဲ့ ဂူင်္သချိုင်းထဲက လွတ်မြောက်သွားတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တယ်။

"အထူးသဖြင့် Easter Egg လေးတွေ လက်ဆောင်ပေးကြတယ်။ နောက် ဘုရားကျောင်းမှာ ကြက်ဥလေးတွေနဲ့ အလှဆင်ကြတယ်။ ကလေးတွေဆိုရင် အထူးသဖြင့် US အမေရိကန်မှာဆိုရင် သမ္မတအိမ်မှာ ကြက်ဥလှိမ့်ကြတယ်။ အဲ့လိုမျိုး Tradition ရိုးရာအစဉ်အလာလေးတွေ ရှိပါတယ်။”

အီစတာဆန်းဒေးပွဲတော်နေ့မှာ ကလေးငယ်တွေကလည်း ကြက်ဥကောက်ပွဲတော်ကျင်းပကြသလို ဘုရားရှိခိုးကျောင်းတွေမှာ Easter Sunday ပွဲတော်ကို ကျင်းပဖို့ပြင်ဆင်နေတဲ့အကြောင်း နယူးယောက်မြို့က အနုပညာကောလိပ် ပထမနှစ်ကျောင်းသူလည်းဖြစ်တဲ့ ဆန်းဒေးစကူးကျောင်းက ဆရာမလုပ်ဖူးတဲ့ မရွှေနှင်းဆီက ပြောပြပါတယ်။

“ဘုရားသခင်က လက်ဝါးကပ်တိုင်မှာ အသေခံပြီးတော့ သူ့အသက်ကို သူစွန့်ခဲ့ပြီးတော့မှ လူသားတွေ အပြစ်အတွက် ပေးဆပ်ခဲ့တယ်ပေါ့နော်။ သမီးတို့ ခရစ်ယာန်တွေက အဲ့လိုမျိုး ယုံကြည်တော့ အီစတာဆန်းဒေးကျတော့ ဘုရားသခင် သုံးရက်မြောက်နေ့မှာ ရှင်သန်ထမြောက်တဲ့နေ့ဆိုတော့ သမီးတို့တွေက အဲ့တာကို အလိုလိုနေရင်းနဲ့ကို ပျော်တယ်။ ပြီးတော့ နောက်ထပ် စိတ်ခံစားမှုတစ်ခုက ကလေးဘဝတုန်းက ကစားခဲ့ကြတုန်းက ကြက်ဥ လိုက်ကောက်တုန်းက အရမ်းပျော်တယ်လေ။ ငါရတဲ့ ကြက်ဥထဲမှာ ချောကလက်ပဲရှိမလား၊ ဂျယ်လီပဲရှိမလား။ အဲ့တာကို အရမ်းပျော်တယ်။ ပြီးတော့ အရုပ်ကလေးရရင်လည်း အရမ်းပျော်တယ်။ အဲ့တာတွေက အမှတ်တရပါ။
မနက်ဖြန် ဘုရားရှိခိုးကျောင်းမှာကျတော့ နှစ်ခြင်းမင်္ဂလာခံမယ်။ ပြီးတော့ နေ့လည်စာ အတူစားမယ်။ တရားဟောတဲ့အစီအစဉ်ကျတော့ သင်းအုပ်ဆရာက အီစတာဆန်းဒေးက ဘယ်ကစတာလဲဆိုတာ ရှင်းပြမယ်ပေါ့။”

Easter ပွဲတော်နေ့မှာ မိသားစုတွေ ဆုံတွေ့ကြသလို နှစ်စဉ်နှစ်တိုင်း ယေရှုခရစ်တော် ပြန်လည် ရှင်ပြန်ထမြောက်ခြင်း အီစတာ (Easter) ဘာသာရေးနေ့ ကို ဗာတီကန် နန်းတော်က စိန့်ပီတာရင်ပြင် (St. Peter Square) မှာ ကျင်းပကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း အိမ်ဖြူတော်မှာ သမ္မတ မိသားစုကလည်း ကလေးငယ်တွေနဲ့အတူ အီစတာဆန်းဒေးပွဲတော် ကြက်ဥကောက်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။
http://burmese.voanews.com/media/photogallery/easter-pick-up-egg-2014/1897099.html
XS
SM
MD
LG