သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်ပေါ်က တပ်တွင်း အနိုင်ကျင့်မှု စုံစမ်းစစ်ဆေးနေ


စစ်သင်တန်းကျောင်းတခုမှာ တပ်မတော်သားအချင်းချင်း ထိုးကြိတ် ကန်ကြောက်နေတဲ့ ဗွီဒီယိုဖိုင်တချို့ Facebook လူမှုကွန်ရက်တွေပေါ်မှာ ဒီရက်ပိုင်း ပျံ့နှံ့နေတာနဲ့ ပတ်သက်လို့ ဒီကိစ္စက တပ်မတော်တွင်း လက်ခံထားတဲ့ကိစ္စ မဟုတ်သလို၊ တပ်မတော်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ် ဆိုတာကို သူတို့ သိရှိထားပြီး ဒီကိစ္စ စောင့်ကြည့်သွားမယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

စစ်သင်တန်းကျောင်းတခုမှာ တပ်မတော်သားအချင်းချင်း ထိုးကြိတ်ကန်ကြောက်ပြီး အနိုင်ကျင့်နေတဲ့ ဗီဒီယိုဖိုင်တချို့ facebook လူမှုကွန်ရက်တွေပေါ်မှာ ဒီရက်ပိုင်း အတော်ကြီးကို ပျံ့နှံ့နေတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက လက်ခံနိုင်စရာ ကိစ္စ မဟုတ်တဲ့အကြောင်းနဲ့ တပ်တော်တွင်း တာဝန်ရှိသူတွေကလည်း ဒီကိစ္စ စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

" အဓိက ကတော့ ကျနော်တို့ သိသလောက်ကတော့ ဒါမျိုး လက်မခံဘူး။ အခု လူကြီးတွေလည်း တပ်ပိုင်းက လူကြီးတွေလည်း သိနေပြီဆိုတော့ ပြောထားတယ်ပေါ့နော်။ စစ်ရုံးက ဗိုလ်မှူးကြီး တယောက် ပြောထားတယ်။ အဲ့ဒီ့ဗွီဒီယိုမှာ ပါတဲ့ဟာတွေကို ဖြစ်စဉ်ကို စိစစ်ပြီးတော့ မှန်နေတယ်ဆိုရင် အရေးယူသွားမယ် ဆိုပြီး ပြောထားတာရှိတယ်။

အဓိကကတော့ နံပတ်တစ်က ဒါက တပ်မှာက တပ်မတော် စစ်ကျောင်းပေါ့နော်။ ဒါ ဗိုလ်လောင်း သင်တန်းကျောင်း မဟုတ်ဘူး။ နည်းပညာ ကောလိပ် သင်တန်းကျောင်း ဖြစ် တယ်။ သို့သော် ဒါတွေနဲ့ပတ်သက်လို့ အရင်တုန်းကလည်း ကျနော်တို့ တချို့ ဗိုလ်လောင်း သင်တန်းကျောင်းတွေမှာ ရှိခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ဒီလောက် ဆိုးဆိုးရွားရွားတော့ ကျနော်တို့က မတွေ့ဖူးဘူးပေါ့နော်။ အဲ့တော့ ဒီလိုတွေ ဖြစ်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့လည်း တပ်မတော်ပိုင်းကလည်း တားမြစ်ကန့်သတ်ထားတယ်ပေါ့နော်။ သူ့စည်းကမ်းနဲ့။

အဓိက ကတော့ ဗျာ။ ကျောင်းတွေမှာ တက္ကသိုလ်ဖြစ်စေ စစ်တက္ကသိုလ်ဖြစ်စေ ကျန်တဲ့ စစ်ကျောင်းတွေမှာ တက္ကသိုလ်ရဲ့ Charter ရှိတယ်။ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ပဋိဉာဉ် တွေရှိတယ်။ အဲ့ဒီ့ပဋိဉာဉ် တွေမှာလည်း ဒါတွေက ပါပြီးသွားပြီ။ ဒါတွေ ကျနော်တို့သိရတယ်ပေါ့နော်။ ဒါပေမဲ့ ခေတ်ကာလ ရွေ့လျော သွားတဲ့အခါကျတော့ ခုနကပြောတဲ့ဟာတွေလို စည်းကျော် တရားမဝင် အပြစ်ပေးတဲ့ နည်းပေါ့နော်။ ဒါတွေကိုလည်း တပ်မတော်ဘက်က လူကြီးတွေ ထိန်းသိမ်းပြီးတော့ တားမြစ်ပြီးတော့ ပိတ်ပင်နေတယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော်။

အခုဟာက ဖြစ်စဉ်ထွက်လာတဲ့အပေါ် တပ်မတော်က တာဝန်ရှိသူတွေ ဖော် ထုတ်ပြီး ဆောင်ရွက်သွားမယ်လို့ အကြမ်းဖျင်း သိရတယ်။"

ဗီဒီယိုဖိုင်ထဲမှာတော့ စီနီယာကျတဲ့ တပ်သားတွေက တပ်သားသစ်တချို့ရဲ့ မျက်နှာ၊ ရင်ဘတ်နဲ့ ဗိုက်တွေကို ထိုးနှက် ကန်ကြောက်တာတွေနဲ့ အပြစ်ပေးပုံစံမျိုးနဲ့ ဒဏ်ပေးတာတွေကို ရိုက်ထားတာပါ။ ဒီအဖြစ်အပျက်ဟာ ရှမ်းပြည်နယ်ဘက်က နည်းပညာ ကောလိပ်တခုမှာ ဖြစ်ခဲ့တယ်ဆိုတာနဲ့ တာဝန်ရှိသူတွေက ဒီကိစ္စကို အရေးယူကိုင်တွယ်နိုင်ဖို့ စစ်ဆေးနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အခုဖြစ်ရပ်က စစ်တပ်တွင်းဖြစ်တဲ့ အုပ်ချုပ်မှုဖြစ်စဉ်တခုဖြစ်လို့ တပ်မတော်ကပဲ စုံစမ်းစစ်ဆေး ကိုင်တွယ်ရမှာဖြစ်ပြီး ဒီအပေါ်မှာ စောင့်ကြည့်သွားဖို့ပဲ ရှိတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

" တပ်မတော်ရဲ့အပိုင်းဖြစ်တယ်။ နံပတ်တစ် တပ်မတော်ရဲ့အပိုင်းဖြစ်တယ်။ တပ်မတော်ရဲ့အပိုင်းဖြစ်တဲ့အတွက် တပ်မတော်ကပဲ စိစစ်ဖော်ထုတ်ပြီးတော့ အရေးယူဆောင်ရွက်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ရုံးကိစ္စတွေ ခေါင်းဆောင်ပိုင်းတွေ ဘက်က ပြောတာ ဆိုတာတွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့က ထုတ်ဖော်ပြောဖို့လည်း မရှိဘူး။ ပြောစရာလည်း အကြောင်းလည်း မရှိဘူးပေါ့နော်။ အခု ပြဿနာဖြစ်တယ် ဒီဖြစ်စဉ် ဖြစ်တဲ့အပေါ်မှာ တပ်မတော် လည်း လက်မခံဘူး။ တပ်မတော်ခေါင်းဆောင်တွေကလည်း လက်မခံဘူး အဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ပြန်လည်စိစစ်ပြီးတော့ အရေးယူဆောင်ရွက် သွားမယ် ဒါကို သူတို့တပ်မတော်ကပြောထားတယ်။ အဲ့တာကို ကျနော်တို့က ဘာလုပ်ရမလဲဆိုတော့ ဒါကို စောင့်ကြည့်ဖို့ပဲ လိုမယ်။ သွားပြီးတော့ ကျနော်တို့ ဆရာလုပ်လို့မရဘူး။ တပ်မတော်က constitution အရ သီးခြား institution ဖြစ်တယ်ဆိုတာ နားလည်ဖို့လိုတယ်။"

ဒီလ ၂ ရက်နေ့ကစပြီး Facebook လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်တွေကို ဘယ်သူဘယ်ဝါ မသိရတဲ့ သူတဦးက စပြီး တင်လိုက်ရာ ကနေ ပြန်လည်မျှဝေသူတွေနဲ့ တစ တစ ပျံ့နှံ့သွားခဲ့သလို၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း အကြီးအကျယ် ဖြစ်နေတာပါ။ ဦးဇော်ဌေးကတော့ ဗွီဒီယိုထဲမှာတွေ့ရသလို တရားမဝင် အပြစ်ပေးတဲ့ပုံစံမျိုးကို တပ်မတော်မှာ လက်ခံမထားသလို၊ တပ်မတော် ပဋိဉာဉ်မှာလည်း ဒီလိုလုပ်ခွင့် ပေးမထားဘူူး လို့ ပြောပါတယ်။ ဒါကြောင့် တပ်တော်ခေါင်းဆောင်တွေ အနေနဲ့ ဒီကိစ္စကို အလေးထား ကိုင်တွယ်နေတယ်ဆိုတာကို သိထားရတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG