သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဦးစီးချူပ်ငြိမ်းချမ်းရေးကမ်းလှမ်း UNFC ကြိုဆို


မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်စဉ်။ (မတ် ၂၇၊ ၂၀၁၂)
မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်စဉ်။ (မတ် ၂၇၊ ၂၀၁၂)
မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ကချင်လွတ်လပ်ရေး တပ်မတော်KIA အနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုရင် အချိန်မရွေး လာရောက်တွေ့ဆုံ ဆွေးနွေးနိုင်ကြောင်း ဖိတ်ခေါ်လိုက်တဲ့အပေါ်မှာ KIA ဖက်က လက်ရှိဆွေးနွေးပွဲတွေအတိုင်း ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကတော့ ဒါကို ကြိုဆိုကြောင်းပြောဆိုထားပါတယ်။ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းအပြည့်အစုံ တင်ပြပေးထားပါတယ်။

KIA ကို အခုလို ဖိတ်ခေါ်လိုက်တာကိုတော့ ဒုဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများနဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်မြေရှိ တပ်နယ် ၆ ခုမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုတွေနဲ့ တွေ့ဆုံ ရှင်းလင်းပြောကြားရာမှာ ထည့်သွင်းပြောဆို သွားခဲ့တာဖြစ် ပါတယ်။ နိုင်ငံရေးလေ့လာ သူတွေက နိုင်ငံတော်သမ္မတက KIAအပေါ် ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့ လွန်ခဲ့တဲ့ နှစ်တွေက အမိန့်ပေးခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေခဲ့တာကြောင့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ဟာ ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာ မူတည်နေသလားဆို သုံးသပ်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဖိတ်ခေါ်ချက်ကို အားလုံးက ထူးခြားမှုတခု အဖြစ်လည်း ရှုမြင်နေတာဖြစ်ပါတယ်။ ဒီဖိတ်ခေါ်ချက်အပေါ် KIAတပ်ဖွဲ့ဖက်က သဘောထားကိုတော့ KIO ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က အခုလို တုန့်ပြန်ပြောဆိုပါတယ်။

“ကျနော်တို့က ဒါကို ဘယ်သူပဲပြောပြော၊ သမ္မတကြီးပဲပြောပြော၊ လွှတ်တော်ကပဲ ပြောပြော၊ အစိုးရအနေနဲ့ ပြောတယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့ ဆွေးနွေးဖို့ဆိုတာက ကျနော်တို့က အရင်ကတည်းက လုပ်နေတာဖြစ်ပါတယ်။ အဲ့ဒီ့ မင်းအောင်လှိုင် ဦးစီးချုပ်ရဲ့ ကမ်းလှမ်းချက်ကတော့ ကျနော်တို့ မသိရသေးဘူး။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ကျနော်တို့က အစိုးရအနေနဲ့ ကျနော်တို့ကို ပြောထားတာ၊ ဆွေးနွေးနေတာတွေကို ဆက်ပြီး လုပ်သွားဖို့ ပြင်ဆင်နေတာ ကျနော်တို့ ရှိနေတာပဲ။ ဒါကို ကျနော်တို့ ဆက်လုပ်သွားဖို့ ရှိပါတယ်။”

ဒီလ ၄ရက်နေ့က KIOနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးချိန်က ဒီလ ကုန်ပိုင်းမှာ ထပ်မံဆွေးနွေးဖို့ နှစ်ဖက် သဘောတူထားတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ထပ်မံ ဆွေးနွေးကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဦးဆွမ်လွတ်ဂမ်က အတည်ပြုချက် မပေးပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြောင်း တပ်ပေါင်းစုရဲ့ အထွေထွေ အတွင်းရေးမှူးနိုင်ဟံသာက ပြောပါတယ်။

“ ကောင်းပါတယ်။ အခုလို တဖက်က ဦးအောင်မင်းတို့ကလည်း ဆက်ဆွေးနွေးနေပြီးဖြစ်တယ်။ လွန်ခဲ့တဲ့ ၄ရက်နေ့တုန်းကလည်း ဆွေးနွေးတယ်။ ဒီလမကုန်ခင်မှာလည်း ဆက်ပြီးဆွေးနွေး မယ်လို့ပဲ ကြားနေရတယ်လေ။ ဒါက ကောင်းပါတယ်။ ကေအိုင်အို ကလည်း ငြင်းပယ် တာမဟုတ်ဘူး။ နောက်တဖက်ကလည်း အဲ့သလို ဆွေးနွေးပွဲ လမ်းပေါက်လာတဲ့အပေါ်မှာ ဒီကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် အဲ့သလိုပြောလာတာကိုလည်း ကျနော်တို့ ကြိုဆိုပါတယ်။"

KIO အဖွဲ့ ဟာ UNFCမှာ ပါဝင် ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ ဒုဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်မှာ လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့ဟာ ဒုတိယအဆင့်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုရပြီးဖြစ်ကြောင်း၊ တပ်မတော်က လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရယူထားတာဟာ အပစ်အခတ် ရပ်စဲပြီး ယာယီငြိမ်းချမ်းရေး ရယူထားခြင်းသာဖြစ်လို့ ဥပဒေဘောင်အတွင်း အပြည့်အ၀ ဝင်ရောက် လာအောင်၊ ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့ ကျန်နေကြောင်းလည်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ဒီအချက်အပေါ်မှာတော့ UNFCရဲ့ အထွေထွေအတွင်းရေးမှူးးနိုင်ဟံသာက အခုလို တုံပြန်ထားပါတယ်။

“ဥပဒေဘောင်ဆိုတာ တဖက်တည်းက သတ်မှတ်တဲ့ ဥပဒေဘောင် ထပ်ပေါ့ဗျာ။ ညှိနှိုင်းစုပေါင်းပြီးမှ အများလက်ခံနိုင်တဲ့ ဥပဒေဘောင်မျိုး ဖြစ်ဖို့ လိုပါတယ်။ အဲ့တာကလည်း နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းမှုမရှိဘဲနဲ့ တဖက်သတ်ကနေ ချမှတ်ထားတဲ့ ဥပဒေ ဘောင်ထဲကို တဖက်က ဝင်ရမယ်ဆိုတဲ့ဟာကလည်း မတရားဘူးလေ။ ဒါကလည်း မဖြစ်သင့်ပါဘူး။ အဲ့တာ နည်းလမ်းရှာဖို့လိုပါတယ်။ နှစ်ဖက်အမြင်ရှိကြဖို့လိုပါတယ်။ တဖက်က ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အတည်ဖြစ်လာတဲ့ပုံစံကရော၊ ရေးသားတဲ့ပုံစံကရော၊ တဖက်က ဒီလက်ရှိ ကျနော်တို့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်လို့ ပြဿနာတက်နေတာဖြစ်တယ်။ ဒီလက်ရှိ အခြေခံဥပဒေနဲ့ မပြေလည်လို့ ကျနော်တို့ ညှိနှိုင်းနေရတဲ့ အနေအထားမျိုးမှာ တဖက်သတ်ပြောနေမယ်ဆိုရင်တော့ ဒါပြေလည်နိုင်စရာမရှိသေးဘူးလို့ ကျနော်က မြင်တယ်ဗျာ။”

UNFCနဲ့ သမ္မတရုံးဝန်ကြီးဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကတော့ နောက်တပတ်အတွင်းမှာ တွေ့ဆုံဖို့ ပြင်ဆင်နေကြောင်းလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ကတော့ အပစ်အခတ်ရပ်စဲထားတဲ့ UNFC တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ပအိုဝ်နဲ့ နာဂ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၉ဖွဲ့လောက်ဟာ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲထားတဲ့ ဝ၊ မိုင်းလားအဖွဲ့တွေနဲ့ အပစ်မရပ်သေးတဲ့ ကချင်နဲ့ ပလောင်အဖွဲ့တွေကတော့ အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။
XS
SM
MD
LG