သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အခြေအနေ အပေါ် လူများစု အကောင်းမြင်


၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အနှံ့ မြို့ပေါင်း ၃၀၀ က လူပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့။
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အနှံ့ မြို့ပေါင်း ၃၀၀ က လူပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရပ်ရပ်အပေါ် လူထုအများစုက အကောင်းမြင် သဘောထား ရှိတယ်ဆိုတာကို မကြာသေးခင်ကထွက်လာတဲ့ လူထုသဘောထား စစ်တမ်းတစ်ခုရဲ့ ရလာဒ်တွေမှာတွေ့ရပါတယ်။ ရလာဒ်တွေဟာ သိပ်ကြီး အကောင်းမြင်လွန်းတယ်လို့ ဝေဖန်သူတွေရှိပေမဲ့လည်း ဒီရလာဒ်တွေကနေ မတူကွဲပြားမှုကို မြင်အောင်ကြည့်ဖို့ အချိန်ယူရပါမယ် လို့ စစ်တမ်းကောက်ယူခဲ့တဲ့အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

မြန်မာနိုင်ငံသားအများစုဟာ ဒီမိုကရေစီကလွဲလို့ တခြား ဘယ်လိုအစိုးရ ပုံစံမျိုးကိုမှ မလိုချင်ဘူး ဆိုတာ ဒီ လူထုသဘောထားစစ်တမ်း ကနေ တွေ့လိုက်ရ ပါတယ်လို့ စစ်တမ်းကို ကမကထပြု ကောက်ယူခဲ့တဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် International Republican Institute
(IRI)၊ အာရှဌာနခွဲ ရဲ့ ညွှန်ကြားရေးမှူ း Julija Belej Bakovic က ဗွီအိုအေကိုပြောပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်ပြီး သိပ်ကို အဆိုးမြင်လွန်း တဲ့ မေးခွန်းတွေအပေါ် စစ်တမ်းမှာ ပါဝင်သူတွေရဲ့ တုန့်ပြန်ဖြေကြားပုံ ရလာဒ်တွေကို သူက ထောက်ပြပြီး ပြောခဲ့တာပါ။

“ဒီမိုကရေစီဟာ တရားဥပဒေစိုးမိုးရေးကို ကောင်းကောင်းမထိန်းသိမ်းနိုင်ဘူး၊ ဒီမိုကရေစီမှာ စီးပွားရေးစနစ်ဟာ ဆိုးဆိုးရွားရွား လည်ပတ်တယ်၊ ဒီမိုကရေစီမှာ ဆုံးဖြတ်ချက်မချနိုင်ဘဲ အငြင်းအခုန် သိပ်များလွန်းတယ် စတဲ့မေးခွန်းမျိုးတွေ ကို မေးခဲ့ပါတယ်။ ပါဝင်သူ ၇၆% က ဒီမိုကရေစီမှာ ပြဿ နာ တွေ ရှိကောင်း ရှိနိုင်ပေမယ့် တခြား ဘယ်လိုအစိုးရပုံစံမျိုးထက်ဖြစ်ဖြစ် ပိုကောင်းတယ် လို့ ဖြေခဲ့ကြပါတယ်။”

နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့အခြေအနေ အရပ်ရပ် အပေါ် မြန်မာနိုင်ငံသားတွေရဲ့ သဘောထားအမြင်တွေကို ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ယူတာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ် ပါတယ်။ ပြောရရင် မြန်မာနိုင်ငံသားတွေဟာ အခုလို သဘောထားအမြင် စစ်တမ်းကောက်ယူတာမျိုးအပေါ် ရင်းနှီးကျွမ်းဝင်မှုနဲ့ အတွေ့အကြုံ မရှိကြသေးပါဘူး။ ဒါကြောင့်လည်း ဖြေဆိုသူတွေအနေနဲ့ စစ်တမ်းမှာ ပါတဲ့ မေးခွန်းတွေကို အသေအချာ နားလည်ရဲ့လား ဆိုတာက မေးခွန်း ထုတ်စရာပါ။

အဲဒါကြောင့်လည်း ဒီမိုကရေစီနဲ့ပတ်သက်လို့ သိပ်ကို အဆိုးမြင်ပြော ထားတဲ့ မေးခွန်းတွေကို မေးမြန်းခဲ့တာဖြစ်ပြီးတော့ လူပုဂ္ဂိုလ် တစ်ဦးချင်းစီက ဒီမိုကရေစီကို ဘယ်လိုအဓိပ္ပါယ်ဖွင့်သလည်းဆိုတဲ့ တိုက်ရိုက်မေးခွန်းမျိုးကိုတော့ မမေးခဲ့ဘူးလို့ မစ္စဂျူလီယာက ပြောပါတယ်။

စစ်တမ်းရဲ့ ရလာဒ်အများစုမှာ အကောင်းမြင် သဘောထားတွေကိုပဲ တွေ့ရတဲ့ အပေါ် ဘဝင်မကျသူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ တစ်ဦးကတော့ အရင် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ စိန်ဝင်း ဖြစ်ပါတယ်။

" အမြင်အနေနဲ့ပြောရင်တော့ အဲ့တာတွေက ဒီ ကျနော်တို့ရဲ့ အတွေ့အကြုံ အနေနဲ့ရော၊ optimistic ဖြစ်လွန်းတယ်လို့မြင်တယ်။ တချို့ ဟာတွေမှာ။ ဥပမာ ဒီ USDP နဲ့ NLD ယှဉ်ထားတာပေါ့နော်။ ယှဉ်ထားတော့ တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာဘူး။ "

IRI အဖွဲ့ဟာ နိုင်ငံအများအပြားမှာ ပထမဆုံး လူထုသဘောထား စစ်တမ်းတွေကို ကောက်ယူခဲ့ဖူးတဲ့အဖွဲ့ဖြစ်ပြီး ပထမဆုံး စစ်တမ်း ရလာဒ်တွေ ထွက်လာတဲ့အခါမှာ ဒီလိုတုန့်ပြန်ချက်မျိုးကို ပုံမှန်တွေ့ရလေ့ရှိပါတယ်လို့ မစ္စဂျူလီယာကပြောပါတယ်။

လူတွေအနေ နဲ့ သတင်းအချက်အလက်မျိုးစုံကို ကိုယ့်ရဲ့ အရင်းအမြစ်မျိုးစုံကနေ လက်ခံရယူပြီး ကိုယ်ပိုင်သဘောထားအမြင်တွေ ချမှတ်နေကြ တာကြောင့် နိုင်ငံလူထုကို ကိုယ်စားပြုတဲ့ အမြင်တွေလို့ မပြောနိုင်ဘဲ အကန့်အသတ်ရှိကြောင်း၊ ဒါကြောင့်လည်း အခုလို နိုင်ငံ တဝန်းမှာ လူထုသဘောထားစစ်တမ်းတွေ ကောက်ယူပြီး လူထုတစ်ရပ်လုံးရဲ့ သဘောထားအမြင် ဘယ်လိုရှိနေတယ်ဆိုတာကို ခန့်မှန်းလေ့လာရ တာဖြစ်ပါတယ်လို့ မစ္စဂျူလီယာက ပြောပါတယ်။

“ကျမတို့ရဲ့အရင်းအမြစ်တွေ၊ ကွန်ယက်တွေက နေရလာတဲ့ သတင်း အချက်အလက်တွေကို တစ်နိုင်ငံလုံးမှာကောက်ယူတဲ့ လူထု သဘောထား စစ်တမ်းတွေကနေ ထွက်လာတဲ့ ရလာဒ်တွေနဲ့ နှိုင်းယှဉ်ကြည့်ပြီးတော့ မတူကွဲပြားမှုကို မြင်နိုင်ဖို့အတွက် အချိန်အနည်းငယ် ယူရပါလိမ့်မယ်။ ဒီလို မတူကွဲပြားတဲ့ အမြင်တွေ ရှိမယ်ဆိုတာ ခန့်မှန်းထားပြီးသားဖြစ်ရမှာပါ။”

နိုင်ငံရေးပါတီတစ်ခုကို ရွေးချယ်တဲ့အခါ အရေးအကြီးဆုံး အကြောင်းပြချက်က ဘာလည်း ဆိုတဲ့မေးခွန်းကို ပါတီခေါင်းဆောင်လို့
ဖြေကြားသူ ၃၆% ရှိပြီး ၃၄% ကတော့ ပါတီရဲ့မူဝါဒလို့ ဖြေတာတွေ့ရပါတယ်။ ဒါဟာ လူပုဂ္ဂိုလ်တစ်ဦးပေါ် အလေးထားတဲ့ နိုင်ငံ ရေးကို ဦးစားပေးနေဆဲ ရှိသေးတယ်ဆိုတာမျိုး မပြောနိုင်ဘဲ နှစ်ချက်စလုံးဟာ အရေးကြီးပြီးတော့ ရလာဒ်ကလည်း ကွာခြားမှု သိပ်မရှိပါဘူးလို့ မစ္စဂျူလီယာက တုန့်ပြန်ပါတယ်။

ဒီစစ်တမ်းကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကနေ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်အနှံ့ မြို့ပေါင်း ၃၀၀ က လူပေါင်း ၃,၀၀၀ ကို မေးမြန်းကောက်ယူခဲ့တာပါ။ ဒီစစ်တမ်းကောက်ယူဖို့ အဓိက ပံ့ပိုးခဲ့တဲ့ အဖွဲ့ ကတော့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID ဖြစ်ပါတယ်။

မတ်လ ၃ ရက် ကြာသပတေးနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ တရားဝင်ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းရလာဒ်ကို လူထုအားလုံးသိနိုင်ဖို့ အတွက် မြန်မာနိုင်ငံတွင်း သတင်းမီဒီယာတွေ အားလုံးဆီ ဖြန့်ချိပေးပို့ ထားတယ်လို့လည်းပြောပါတယ်။ ဒါ့အပြင် အဲဒီတစ်ရက်ထဲ မှာပဲ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေကို ရှင်းလင်းပြောပြခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီတွေကို လည်း ရှင်းလင်းပြောပြသွားဖို့ စီစဉ်ထားပါတယ်။

လာမယ့်သီတင်းပတ် အင်္ဂါနေ့မှာလည်း သတင်းမီဒီယာတွေနဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေကို ရှင်းလင်းပြောပြဖို့ရှိတယ်လို့ မစ္စဂျူလီယာကပြောပါတယ်။
အလားတူ စစ်တမ်းမျိုးကို နောက်ထပ်တစ်ကြိမ်ကောက်ယူဖို့ အစီအစဉ်ရှိပေမယ့် ဘယ်တော့လုပ်ဖြစ်မယ်ဆိုတာကိုတော့ အတိအကျ မစီစဉ်ရသေးဘူးလို့ IRI အာရှဌာနခွဲရဲ့ ညွှန်ကြားရေးမှူ း Julija Belej Bakovic က ဗွီအိုအေကို ပြောခဲ့ပါ တယ်။
XS
SM
MD
LG