သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေးပါတီတွေ အမေရိကန် နိုင်ငံရေးလေ့လာ


အမေရိကန်နိုင်ငံရဲ့ လက်ရှိသမ္မတရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေး ကမ်ပိန်းတွေ စနေချိန်မှာ အမေရိကန်နိုင်ငံရေးကို လေ့လာနိုင်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဖိတ်ကြားခဲ့ပါတယ်။ Managing Media and Public relations ဆိုတဲ့ သတင်းမီဒီယာ နဲ့ ပြည်သူ့ဆက်ဆံရေး အစီအစဉ်နဲ့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီကို ပါတီ ကိုယ်စားလှယ်တွေ ရောက်လာကြတာဖြစ်ပါတယ်။

ဒီအကြောင်းကို လေ့လာရေးခရီးရောက်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းပြီးတော့ မဆုမွန်က တင်ဆက်ပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံးအကြိမ် နိုင်ငံရေးပါတီတွေကို ဖိတ်ကြားတဲ့ သတင်း မီဒီယာနဲ့ ပြည်သူ့ ဆက်ဆံရေးအစီအစဉ်နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၈ ပါတီရဲ့ကိုယ်စားလှယ်တွေ အမေရိကန်နိုင်ငံကို လာရောက်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးပါတီစုံက ကိုယ်စားလှယ်တွေအနေနဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပါလီမန် လွှတ်တော်တွင်းက ဥပဒေပြု အမတ်တွေရဲ့ လွှတ်တော်တွင်း လှုပ်ရှားမှုတွေကို အနီးကပ် လေ့လာခွင့် ရသလို အမေရိကန်နိုင်ငံသမ္မတ ရွေးကောက်ပွဲ မှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကင် ပါတီကြီးနှစ် ပါတီရဲ့ စည်းရုံး လှုံ့ဆော်ရေးဆင်းတဲ့ ကမ်ပိန်းပွဲတွေကို သွားရောက် လေ့လာခွင့်ရခဲ့ကြပါတယ်။

စည်းရုံးဟောပြောပွဲ ကမ်ပိန်းတွေရဲ့ လှုပ်ရှားမှုတွေကို လေ့လာခွင့်ရခဲ့တဲ့အခါ ဒီမိုကရေစီ နည်းစနစ် ကျကျ လှုပ်ရှား မှုတွေမှာ အခြေခံကအစ ကွာခြားမှု ရှိတာကို တွေ့ခဲ့ရတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုသန်းဇော်အောင်က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။

“ထူးခြားတာက ဒီမှာ အားလုံးက နိုင်ငံရေးနဲ့ပတ်သက်ပြီး awareness ရှိတယ်လေ။ ကျနော်တို့ ကမ်ပိန်းတွေမှာဆိုရင် ကလေးလေးတွေကအစ မိဘတွေက ကလေးတွေကိုခေါ်လာတယ်။ ငါးနှစ်၊ ဆယ်နှစ်လောက်ရှိတဲ့ ကလေးတွေပါ လာပြီး တော့ တက်ပြီးတော့နားထောင်တယ်။ နောက်ပြီးတော့ အဲ့ဒီ့မှာပဲ Mitt Romney ကမ်ပိန်းရှေ့မှာပဲ Mitt Romney ကို ဆန့်ကျင်တဲ့ အုပ်စုတွေက ဆန္ဒပြ တယ်ပေါ့လေ။ ဒီလိုမျိုး လွတ်လပ်တဲ့ဟာတွေ ကျနော်တို့တွေ့ခဲ့ရတယ်။ ကျနော်တို့ ဆီမှာလည်း ဒီလိုမျိုးပေါ့။ ပြည်သူတွေက နိုင်ငံရေး ရေချိန်တွေ အများကြီး တက်လာဖို့လည်း လိုတယ်လေ။

အဲ့လိုဖြစ် အောင် ကျနော်တို့ဘက်ကလည်း ကြိုးစားရမှာပေါ့။ မြန်မာပြည်မှာ ပြန်လုပ်ဖို့ကတော့ ပါတီတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့် ကမ်ပိန်းတွေမှာ ဘယ်လို massage ပေးမယ်။ နောက် ပြည်သူ လူထုနဲ့ ဆက်ဆံတဲ့အခါ ဘာတွေကို ထိရောက်အောင် ဘယ်လို ဆောင်ရွက်မယ်ဆိုတာတွေ သိခွင့်ရတယ်လေ။”

ချင်းအမျိုးသားပါတီက အတွင်းရေးမှူး (၁) Salai Thiang Uk Thang ကိုငယ်ပီးက အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့ လက်တွေ့ကျကျ အကောင်အထည် ဖော်နေတာတွေကို လေ့လာမိသလို ပြည်ထောင်စု အစိုးရနဲ့ ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေးအာဏာ ခွဲဝေမှုဆိုင်ရာတွေကို လေ့လာခွင့်ရခဲ့တယ်လို့ အခုလို ပြောပါတယ်။

“ဒီမှာ ထွန်းကားပြီးသား Democratic Value နဲ့ Practice တွေ ရှိပြီးသားတွေ ကျနော်တို့ လာ လေ့လာ ခွင့် ရတယ်။ Public ပေါ်လစီနဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုတွေအကြောင်း သိရတယ်။ အုပ်ချုပ်ရေးကဏ္ဍနဲ့ Civil Society ကဏ္ဍတွေရဲ့ ချိတ်ဆက်မှုတွေလည်း လေ့လာခွင့် ရတယ်။ ပြီးတော့ သူများတွေက ဘယ်လိုလုပ်ထားတော့ ကိုယ်နဲ့ ဘယ်လိုကိုက်ညီမလဲ ဆိုတဲ့ အဖြေရှာမှုတွေအတွက်လည်း အကျိုးပြုမှာပါ။ အဓိက-ကတော့ အာဏာခွဲဝေမှုပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နိုင်ငံမှာ ဘယ်ပုံဘယ်နည်းနဲ့ ချဉ်းကပ်ရင် ကောင်းမလဲဆိုတဲ့ အဖြေ ထုတ်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ပြန်သယ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီမှာတော့ နိုင်ငံသားတိုင်းရဲ့ ထည့်ဝင်ငွေနဲ့ အစိုးရရဲ့ ဘဏ္ဍာငွေက လည်ပတ်တယ်။ ကျနော်တို့ဆီ မှာတော့ တွင်းထွက်ပစ္စည်းတွေနဲ့ ခရိုနီတွေရဲ့ Tax နဲ့ ပြည်သူအားလုံးရဲ့ ပါဝင်မှုကြောင့်မဟုတ်ဘဲနဲ့ လည်ပတ်နေတဲ့ ငွေရေးကြေးရေးပေါ့။ အစိုးရအသုံးစားရိတ်တွေက အစ ကွဲခြားချက် တွေ့ရပါတယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ရန်ကုန်တိုင်းဒေသကြီးရဲ့ ဆက်သွယ်ရေးမှူး ကိုမောင်ဝင်းစိုးကတော့ နိုင်ငံရေးပါတီတွေနဲ့ အခြေခံလူမှု အဖွဲ့အစည်းတွေကြား လက်တွဲ လုပ်ဆောင်နေတဲ့ လူပ်ရှားမှုတွေကို လေ့လာနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

“အမေရိကန်နိုင်ငံနဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒီ Civil Soceity လို့ခေါ်တဲ့ လူ့အရပ်အဖွဲ့အစည်းတွေနဲ့ သူတို့အလုပ်လုပ်တဲ့ ပုံ ပေါ့နော်။ အစိုးရကနေ ပေးတဲ့ မတ်ဆေ့တွေကို ပြည်သူပြည်သားတွေကို ဘယ်လိုပို့ပေးလဲဆိုတဲ့ နည်းစနစ်တွေပေါ့နော်။ အဲဒါကို ကျနော်တို့ အဓိက လေ့လာရပါတယ်။ ကမ်ပိန်းလုပ်နေတဲ့လူကြီးတွေနဲ့ ကျနော်တို့တွေ့ခဲ့ရတယ်။ စကားတွေ ပြောချင်တဲ့ မတ်ဆေ့တွေကို ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောခွင့်ရလို့ အကျိုးရှိပါတယ်။”

အခုလိုမျိုး အမေရိကန်နိုင်ငံရေးလောက-က ပုဂ္ဂိုလ်တွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောခွင့် လေ့လာခွင့် ရခဲ့သလို အမေရိကန် နိုင်ငံ သတင်းမီဒီယာ စီမံခန့်ခွဲမှုနဲ့ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှာ မိမိတို့ရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်တွေ ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး Wali Ullah က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ နယ်ရဲ့အတွင်းရေးမှူး ကိုစိုင်းဝင်းမြင့်ကတော့ အမေရိကန်ပြည်သူလူထုရဲ့ နိုင်ငံရေး အမြင်၊ မြန် မာပြည်သူလူထုရဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ လေ့လာ သုံးသပ်ချက်ကို အခုလို ပြောပါတယ်။

“ဒီမှာက နိုင်ငံရေး awareness တွေအများကြီးရှိပါတယ်။ ကျနော်တို့ဆီမှာနဲ့ လုံးဝကွာခြားပါတယ်။ ကျနော်တို့ဆီမှာက ပြည်သူလူထု မဲပေးတဲ့စနစ်ကအစ သင်ပေးနေရတဲ့အဆင့်၊ ဒီမှာက နိုင်ငံရေး အားလုံးကို နားလည်ပြီးတော့မှ ကိုယ် ကြိုက်တဲ့ ပါတီကို ရွေးချယ် မဲပေးတဲ့အဆင့်။ ဒီလိုမျိုး ကွာခြား မှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ကတော့ ဘယ်ပါတီက လုပ်ဆောင်မှု က ကောင်းတယ်။ ဘယ်ပါတီက လုပ်ဆောင်မှုက မကောင်းဘူးဆိုတာ မရွေးတက်ဘူး။ နိုင်ငံရေး ဆိုတာ ဘာမှန်းကို မသိတဲ့ အခြေအနေမှာပဲ ရှိပါတယ်။ တအား ကွာခြားတဲ့ အချက်ကြီးပေါ့နော်။”

အခုလိုမျိုး မြန်မာ့နိုင်ငံရေးပါတီကြီး ၈ ပါတီက ကိုယ်စားလှယ်တွေအတွက် International Visitors Leadership Programme ဦးဆောင်မှု အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု တဝှန်းလုံးကို လိုက်လံ လေ့လာနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနက စီစဉ်ပေးနေတာဖြစ်ပါတယ်။

လာရောက်လေ့လာသူတွေထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ရန်ကင်း မြို့နယ်ပါတီ အတွင်းရေးမှူး ကိုဇင်မောင်မောင်ဌေး၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ကိုကျော်သူရနဲ့ ချင်းတိုးတက်ရေး ပါတီက အထွေထွေအတွင်းရေးမှူး (၂) ကိုရှိန်းထွန်းတို့လည်း ပါဝင်ပါတယ်။ အခုဆိုရင် လေ့လာရေး အဖွဲ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကမ်ပိန်း လေ့လာရေးခရီးစဉ်တွေ ထွက်နေပြီး သူတို့ရဲ့ ခရီးစဉ်ဟာ သြဂုတ်လက စတင်ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၂၆ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ လေ့လာနေတဲ့ ဒီအဖွဲ့ဟာ အခုဆိုရင် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေ လေ့လာဖို့အတွက် ဖလော်ရီဒါ ကို ရောက်နေပြီးတော့ မနက်ဖြန်တော့ အိုင်အိုဝါပြည်နယ်ကို ရောက်ရှိကြမှာဖြစ်ပါတယ်။
XS
SM
MD
LG