သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးမှုကြောင့် Facebook သုံးစွဲသူတွေ စိုးရိမ်


FB စွပ်စွဲချက်နဲ့ အထိန်းသိမ်းခံရသူ ကချင်အမျိုးသား ပက်ထရစ်ကွမ်ဂျာလီ
FB စွပ်စွဲချက်နဲ့ အထိန်းသိမ်းခံရသူ ကချင်အမျိုးသား ပက်ထရစ်ကွမ်ဂျာလီ

ပြီးခဲ့တဲ့ ရက်တွေအတွင်း ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကာကွယ်ရေး ဦးစီးချုပ်ကို သရော်တဲ့ ဓာတ်ပုံတချို့တင်ခဲ့တဲ့အတွက် ဖမ်းဆီးမှုတွေ လုပ်ခဲ့တာကြောင့် ဖေ့စ်ဘုတ် သုံးစွဲသူတွေကြား စိုးရိမ်မှုတွေတိုးလာနေပါတယ်။ ဒါပေမယ့်လည်း ဖေ့စ်ဘုတ်ပေါ်မှာ အမုန်းစကားတွေ ရေးသားပြောဆိုကြသလို၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို သရော်ဝေဖန်ရေးသားမှုတွေရှိနေပေမယ့် သူတို့တွေကိုတော့ ဘာကြောင့် အရေးမယူတာလဲဆိုတဲ့ မကျေ မနပ်အသံတွေ ထွက်လာနေပါတယ်။ အကြောင်းစုံကိုတော့ နန်းလောင်ဝ် က မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စစ်တပ်ကို လှောင်ပြောင် တဲ့ ဓာတ်ပုံတင်ခဲ့သူ ၂ ယောက်ကို ဖမ်းဆီး အရေးယူမှုတွေဖြစ် လာတာကြောင့် မြန်မာနိုင်ငံ ထဲက ဖေ့စ်ဘုတ် သုံးစွဲသူတွေကြား စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ ဒါပေမယ့်လည်း မုန်းစကားတွေဖြန့် တာတွေ၊ ဘာသာရေး၊ လူမျိုးရေးနဲ့ ဆိုင်တဲ့ ဝေဖန်ရေးသားမှုတွေ၊ လှောင်ပြောင် သရော်တဲ့ ဓာတ်ပုံ၊ အတိုက်အခံ ပါတီတွေကို ဝေဖန်တိုက်ခိုက်တဲ့ စာသားတွေ၊ ဓာတ်ပုံတွေကို သန်းနဲ့ချီတင်နေကြပေမဲ့လည်း စစ်တပ်နဲ့ဆိုင်တဲ့ ဝေဖန်ရေးလုပ်ခဲ့သူတွေကို ဘာကြောင့် ဖမ်းဆီးရတာလဲဆိုတဲ့ မေးခွန်းတွေ ဖေ့စ်ဘုတ် သုံးစွဲ သူတွေကြား ပြောဆို စရာတွေဖြစ် လာနေတာကို ဒါန-ရှေ့ဆောင်မြန်မာ ရဲ့ ဥက္ကဋ္ဌ ကိုချမ်းငြိမ်းအောင်က VOA ကို ခုလိုပြောပါတယ်။

" တခြားသော Anonymous အကောင့်အတုတွေနဲ့ User မမှန်တဲ့သူတွေ ကို လျှောက်ပြီး Share ထားတယ်။ တဖက်လူကို ပုတ်ခတ်တဲ့ ဟာတွေကိုကျတော့ ဘာမှ အရေးတယူ မလုပ်ဘူးဆိုတဲ့ Screenshot ထားတဲ့ ဓာတ်ပုံတွေ Screenshot ရိုက်ထားတာတွေ၊ ပြီးတော့ အတိုက်အခံပါတီကို ထိခိုက်အောင် ရေးထားတဲ့ဟာတွေ ပြီးတော့ ဒီ မဘသ တို့ မျိုးစောင့်နဲ့ပတ်သက်တဲ့ဟာတွေ ပြီးတော့ တခြား ဘာသာရေးကို ထိခိုက်အောင် လုပ်ထားတဲ့ ပုံတွေကိုကျတော့ အရေးယူခြင်း မရှိဘူးပေါ့နော်။ တချို့ဆိုရင် သက်ဆိုင်ရာ လူကြီးတွေရဲ့ အနွယ်တွေဖြစ်တယ်။ သူတို့ရဲ့သားသမီးတွေရှိမယ်။ သူတို့ရဲ့ အမျိုးသမီးတွေဖြစ်မယ်။ ကတော်တွေကျတော့ Share တာတွေကျတော့ ဘာမှ အရေးမယူဘူးလားဆိုပြီး အဲ့လိုမျိုး Screenshot ရိုက်ပြီး တောက်လောျက် တင်နေတဲ့ဟာတွေကျတော့ ကျနော်တို့ Facebook တခွင်မှာတော့ လက်ရှိကြုံတွေ့နေရပါတယ်။"

ဒီကိစ္စနဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ သဘောဆိုပြီး လူတွေကြားပိုပြီး ပြောဆိုမှုတွေဖြစ် လာတဲ့အပြင် လှောင်ပြောင်တဲ့ ကာတွန်းတွေရေးပြီး သူတို့တွေရဲ့ ဆန္ဒတွေ ထုတ်ဖော် လာတာမျိုးတွေရှိတယ်လို့ ကိုချမ်းငြိမ်းအောင်က ဆိုပါတယ်။ ဒီလိုသာ ဖမ်းဆီးမယ် ဆိုရင် လူတဖက်သားကို ထိပါးစော်ကားတဲ့ပုံတွေကိုတော့ ဘာကြောင့် အရေးမယူသလဲ ဆိုပြီၤး ပြောဆိုမှုတွေ ရှိလာတာကို တွေ့လာရတယ်လို့ဆိုပါတယ်။

ဖမ်းဆီးခြင်းခံရသူ မချောစန္ဒီ
ဖမ်းဆီးခြင်းခံရသူ မချောစန္ဒီ

ရန်ကုန်မြို့ခံ ကိုနေမျိုးအောင်ကတော့ ခုလိုမြင်ပါတယ်။

"အေးပေါ့။ တွန့်သွားတဲ့သဘောပေါ့။ တွန့်သွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ အချင်းချင်းကြားမှာတောင် ပြောနေကြတာ။ ဒါတွေ မလုပ်ကြနဲ့တော့ သူများတွေကတော့ တချို့လူတွေကတော့ အကောင့်အတုတွေနဲ့ ရှယ်တဲ့သူလည်း ရှယ်ကြမှာပေါ့နော်။ သိသလောက် ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေထဲမှာဆို သိပ်တောင် မတွေ့တော့ဘူး။ အရင်တုန်းက ဒီအချိန်ဆို ရေးကြ ရှယ်ကြတဲ့သူတွေတောင်မှ မတွေ့ကြတော့ဘူး။"

ဒီလိုဖမ်းဆီးလိုက်တဲ့အပေါ် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် လို့ ပြည်သူတွေကြား မေးခွန်း ထုတ်စရာ ထုတ်လာတာကို ကိုချမ်းငြိမ်းအောင်က ဆိုပါတယ်။

ဒီလို အပြန်အလှန် ရေးသားနေကြတာ အများကြီးရှိသလို မီဒီယာကို အကြောက်တရား နဲ့ သုံးစွဲနေသူတွေကြား မှာတော့ စိုးရိမ်မှုတွေရှိလာတယ်လို့ ကချင် တိုင်းရင်းသူ မယိမ်းမျှော်က ခုလိုပြောပါတယ်။

" ဒီမြင်နေရတာကတော့ Share တဲ့ သူတွေကတော့ ထပ်ပြီးတော့ Share နေကြတယ်။ နောက်ထပ် ဒီ့ထက်ပိုပြီးမှ ဆိုးတဲ့ပုံတွေကို combine လုပ်ပြီးမှ လုပ်ပြီးမှ ထပ်ပြီးတော့မှ တင်နေတဲ့အနေအထားမျိုးတွေလည်း တွေ့ရတာပေါ့။ တချို့တွေကကျတော့ လူနည်းစုက ကျတော့လည်း နည်းနည်း တွန့်သွားတာပေါ့နော်။ ဒီဥပဒေနဲ့ပတ်သက်ပြီး သေချာ နားမလည်ဘူး။ နဂိုကတည်းကလည်း ဒီဆိုရှယ်မီဒီယာကို အကြောက်တရားနဲ့ သုံးနေရတဲ့အနေအထားမျိုး ရှိတဲ့ Users တွေအနေနဲ့ကတော့ သူတို့ရှယ်ထားတဲ့ ပို့စ်တွေကို ပြန်ဖြုတ်လိုက်တဲ့ အနေအထားမျိုးတွေ တယောက်နဲ့တယောက် မေးကြတာမျိုးတွေ ဒီလိုမျိုး ပို့စ် မဟုတ်တာတောင်မှ တူညီတဲ့ပို့စ်လိုမျိုး တင်တာမျိုး ဥပမာ Users တချို့ဆိုလည်း အချင်းချင်းတွေ လှမ်းမေးကြတာပေါ့နော်။ ချက်ဘောက်စ်ကနေပြီးတော့ ငါရှယ်ထားတာတွေကို တရားဥပဒေနဲ့ မီဒီယာဥပဒေနဲ့ ငြိနိုင်သလား။ မငြိနိုင်သလား စသဖြင့် ဒါမျိုးလေးတွေ အချင်းချင်းတွေ ချက်ဘောက်စ်ကနေ ဆွေးနွေးတယ်။ တိုင်ပင်တယ်။ ဒီလိုမျိုး နည်းနည်းစိုးရိမ်တယ်အဆင့်။ ထိတ်လန့်တဲ့အဆင့်တော့ မဟုတ်ဘူးပေါ့နော်။ စိုးရိမ်မှုတွေ ရှိလာတဲ့သူ Users တချို့လည်း တွေ့ရတယ်။"

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဖေ့ဘုတ်သုံးစွဲ သူတွေများ လာတဲ့ မြန်မာနိုင်ငံ မှာ ပြည်သူတွေဟာ သတင်းလွပ်လပ်ခွင့််ရလာတယ်ဆိုပြီး ဝမ်းသာအားရ နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးကြပြောကြ၊ သတင်းတွေ ဖလှယ်ကြ တာမျိုုးတွေကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြတာပါ။ ဒါပေမယ့်လည်း ဒီလို ရေးသားပြောဆိုမှုတွေ ကို တင်နေတဲ့လူတွေအများကြီးထဲ့မှာမှ ဒီလူ၂ ယောက်ကို ခုလို ဖမ်းဆီး အရေးယူ လိုက်တာ ဟာ ဖေ့ဘုတ် သုံးစွဲသူတွေကို စောင့်ကြည့်နေတဲ့ အုပ်စုတစု ရှိတာ သေချာနေ တာကို ပြသလိုက်တာဖြစ်တယ် လို့ မယိမ်းမျှော်ကပြောပါတယ်။

ဒီလိုပြောဆိုမှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ အစိမ်းနုရောင် ဝတ်စုံသစ် ကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အဝတ်အစား အရောင်နဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ယက် Facebook စာမျက်နှာမှာ တင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီတိုင်း မအူပင်မြို့က မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဒါတင်မက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို လှောင်ပြောင် သရော် ထားတဲ့ ဓာတ်ပုံကို Facebook လူမှုကွန်ယက်မှာ တင်တဲ့ကိစ္စနဲ့ ကိုပက်ထရစ် ကွမ်ဂျာလီကို အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG