သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်မင်းမြတ် မွေးနေ့ မြန်မာ အကျဉ်းသားများ လွှတ်ပေးဖို့ မေတ္တာရပ်ခံ


၂၀၁၁ ခုနှစ် မွေးနေ့တုန်းက မြင်တွေ့ရတဲ့ ထိုင်းဘုရင်မင်းမြတ်။
၂၀၁၁ ခုနှစ် မွေးနေ့တုန်းက မြင်တွေ့ရတဲ့ ထိုင်းဘုရင်မင်းမြတ်။
အခုလာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျရောက်မယ့် ထိုင်းဘုရင်ကြီး ဘူမိဘောရဲ့ မွေးနေ့မှာ ထိုင်းထောင်တွေမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံ သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ မြန်မာအစိုးရက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကတဆင့် မေတ္တာရပ်ခံထားပါတယ်။

ထိုင်းထောင်စာရင်းအရ ထောင်ကျသူ မြန်မာ ၃ ထောင်ကျော်ပဲ ရှိတယ်လို့ဆိုပေမဲ့ မြန်မာနိုင်ငံသားဘက်က အကူအညီတောင်းခံတဲ့ စာရင်း သောင်းဂဏန်းအထိ ရှိတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုး ပြစ်မှုတွေနဲ့ ထိုင်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေအတွက် အခုလာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကျရောက်မယ့် ၈၆ နှစ်မြောက် ထိုင်းဘုရင်ကြီး (Bhumibol Adulyadej) မွေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရေးနဲ့ ပြစ်ဒဏ်
လျော့ပေါ့စေရေး မြန်မာအစိုးရဘက်က မေတ္တာရပ်ခံစာ ပေးပို့ တောင်းဆိုထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“မိဖုရားကြီးမွေးနေ့၊ ဘုရင်ကြီးမွေးနေ့ဆိုရင် ကျနော်တို့က မတိုင်ခင်ကတည်းက ကြိုပို့ထားတာပေါ့နော်။ ကြိုပို့တဲ့အခါမှာ နာမည်စာရင်းတွေ ပြုစုပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့် ကျနော်တို့တွေ တင်ပါတယ်။ ပြီးတော့ ဟိုဟာပေါ့ဗျာ လွတ်ငြိမ်းချမ်းသာခွင့် မရသည့်တိုင်အောင် သက်သာခွင့်ရအောင်ပေါ့လေ
ပြစ်ဒဏ်သက်သာခွင့်ရအောင် ကျနော်တို့က တင်ပေးပါတယ်။”

ထိုင်းတာဝန်ရှိသူတွေအဆိုအရ ထိုင်းအကျဉ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသား အကျဉ်းသား ထောင်ဂဏန်းပဲ ရှိတယ်လို့ ထိုင်းအစိုးရဘက်ကပြောပေမဲ့
ထောင်ကျနေတဲ့ မြန်မာနိုင်ငံသားတွေဆီက မြန်မာသံရုံးဆီ အကူအညီ တောင်းခံစာတွေအရဆိုရင်တော့ သောင်းဂဏန်း ရှိနေတယ်လို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက ဆိုပါတယ်။

“ထိုင်းတာဝန်ရှိသူတွေပေါ့ ထိုင်းတာဝန်ရှိသူတွေဘက်က မြန်မာနိုင်ငံ သားပေါ့လေ အကျဉ်းသားတွေက ၃ ထောင်ကျော်ကျော်လောက် ရှိတယ်ပြောတယ်။ ဒါပေမဲ့ အကျဉ်းသားလေးတွေ ရေးတဲ့စာထဲမှာတော့ သူက ၂ သောင်းလောက်ရှိတယ်လို့ ပြောတယ်။ အဲတော့ ကျနော်တို့က ဒီဘက်က တာဝန်ရှိသူတွေ ပြောတာကို ယူရမှာပေါ့လေ။ အကြမ်းမျဉ်းအားဖြင့်တော့။ အကျဉ်းသားလေးတွေဆီက စာတွေရတယ်။ နာမည်စာရင်းတွေရတယ်။ လက်မှတ်ထိုးထားတာတွေရတယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ စုစည်းပြီးတော့မှ ကျနော်တို့က တင်ပေးတာပေ့ါနော်။ တင်ပေးတာတွေကတော့ စုစည်းလို့ရသလောက်တွေ တင်ပေးတာပေ့ါလေ။ တင်ပေးတဲ့အရေအတွက်တွေ ကတော့ ရာဂဏန်းရှိမှာပေါ့နော်။ အားလုံးပေါင်းဆိုရင်တော့ ကျနော်ထင်တယ် ၅၀၀ ကျော်ကျော်လောက်တော့ရှိပြီ။ ခန့်မှန်းချေပေါ့နော်။”

ထိုင်းအစိုးရရဲ့မူအရ မူးယစ်ဆေးဝါးမှုကလွဲလို့ တခြားပြစ်မှုတွေကိုပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတဲ့အတွက် မူးယစ်မှုနဲ့ ထောင်ကျနေတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေကိုတော့ ပြစ်ဒဏ်လျှော့ပေါ့စေရေးကိုပဲ လုပ်ဆောင်ပေးနိုင်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဗွီအိုအေကို ပြောပါတယ်။

“အကြမ်းမျဉ်းအားဖြင့်ပေါ့ဗျာ ဒီမှာရှိတဲ့မူတွေပေါ့နော် မူတွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့နေရာမှာ မူးယစ်ဆေးဝါးပေါ့နော် မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ရှိရင် ကင်းလွတ်ခွင့်မရနိုင်ဘူးပေါ့။ အခြားပြစ်မှုတွေသာလျှင် ရနိုင်တာပေ့ါ။ အဲ့ဒီမှာ လေ့လာကြည့်လိုက်လို့ရှိရင် လာသမျှ စာတွေမှာပေါ့ ခန့်မှန်းကြည့်တာပေ့ါနော် ရာခိုင်နှုန်းအားဖြင့်ဆိုရင် ၉၀ ရာခိုင်နှုန်း၊ ၉၅ ရာခိုင်နှုန်းကတော့ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ ပြစ်ဒဏ်တွေချည်းပဲ
ဖြစ်တယ်။ မြန်မာအကျဉ်းသားလေးတွေကနေ သံရုံးကို မေတ္တာရပ်ခံတဲ့ ကိုယ်ရေးအချက်အလက် ပုံစံလေးတွေနဲ့ သူတို့က ပို့ပို့ပေးတာပေ့ါ။ အဲ့ဒီမှာကြည့်လိုက်လို့ရှိရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်တွေချည်းပဲ များတယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ ကျနော်တို့က ဒါကို စုစည်းပြီးတော့မှ တင်ပေးတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရအောင်၊ တနည်းအားဖြင့် သက်တောင့်သက်သာဖြစ်အောင်ပေါ့လေ။ အဲ့ဒါမျိုးလေးတွေ စုစည်းပြီးတော့ ကျနောတို့က တင်တင် ပေးခဲ့တာပေ့ါလေ။”

ထိုင်းဘုရင်ကြီးနဲ့ မိဖုရားကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကနေ ပြန် လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက နယ်စပ်တွေကနေတဆင့် တရားဝင် မိမိတို့နေရပ်ရင်းကို ပြန်ခွင့်ရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါ တယ်။

“အများအားဖြင့်တော့ သူတို့ လွတ်သွားတာကို သိကို မသိလိုက်ဘူး သံရုံးက။ တခါတရံမှာ အကြောင်းကြားတာရှိပါတယ်။ အကြောင်းကြားရင်တော့ ကျနော်တို့က ညှိနှိုင်းပြီးတော့ နယ်စပ်ပို့တာတို့၊ ဘာတို့ပေါ့နော်။ သက်ဆိုင်ရာကိုပြောတာရှိတယ်။ ကျနော်တို့ဆီကို အကြောင်းကြားတာ တော်တော်ကို နည်းပါတယ်။ ကာယကံရှင်တွေလည်း ကျနော်တို့ဆီကို အဲ့ဒီအချိန်မှာ အကူအညီ တောင်းတာတွေလည်း နည်းတယ်။ နည်းတယ်ဆိုတာ မရှိသလောက်ပဲ။”

နိုဝင်ဘာလ ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ထိုင်းနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေအရေးနဲ့ ပတ်သက်ပြီး သင်္ဃန်းကျွန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ကို မေးမြန်းရာမှာတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ကလည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတွေအနေနဲ့ ထိုင်းဘုရင်ကြီးနဲ့ မိဖုရားကြီးမွေးနေ့တွေမှာ ထောင်ကျနေတဲ့ မြန်မာနိုင်ငံသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး မေတ္တာရပ်ခံ တောင်းဆိုထားတယ်ဆိုတာကို ပြန်လည် ဆွေးနွေးခဲ့ပါသေးတယ်။
XS
SM
MD
LG