သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဘာသာ ဝေဖန်ရေး Time ဆောင်းပါး မြန်မာပိတ်ပင်


ဇူလိုင်လထုတ် Time မဂ္ဂဇင်းမျက်နှာဖုံး
ဇူလိုင်လထုတ် Time မဂ္ဂဇင်းမျက်နှာဖုံး
ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်ဖို့ ကာကွယ်တဲ့အနေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါး မျက်နှာဖုံးပါ ဇူလိုင်လထုတ် Time မဂ္ဂဇင်းရဲ့ “The Face of Buddhist Terror” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးကို မြန်မာအစိုးရက အင်္ဂါနေ့က ပိတ်ပင်လိုက်ပါတယ်။ ဒီဆောင်းပါးမှာ အစ္စလာမ်ဘာသာကို ပုတ်ခတ်ဟောပြောနေတဲ့ အစွန်းရောက် သံဃာတစ်ပါးဖြစ်တဲ့ ဦးဝိရသူနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မမေစန္ဒီ က တင်ပြထားပါတယ်။

ဇူလိုင်လထုတ် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကို မြန်မာနိုင်ငံတွင်းမှာ ဖြန့်ချိခွင့် မပြုဖို့ အစိုးရက တားမြစ်ပိတ်ပင်လိုက်တဲ့အကြောင်း ဇွန်လ ၂၅ ရက်နေ့ပါ ရက်စွဲနဲ့ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကြေညာလိုက်ပါတယ်။

အဲ့ဒီကြေညာချက်အရ လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်ရန် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကို မြန်မာနိုင်ငံတွင်း မူရင်းဖြစ်စေ၊ မိတ္တူဖြစ်စေ၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း မပြုဖို့ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းကလည်း Time မဂ္ဂဇင်းပါအချက်ဟာ ဘာသာမတူတဲ့ လူအချင်းချင်း ယုံကြည်မှု တည်ဆောက်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေကို ပျက်ပြားစေနိုင်တဲ့အကြောင်း အင်္ဂါနေ့တုန်းက ထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာအစိုးရ ပြောခွင့်ရ ဦးရဲထွဋ်ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာလည်း Time မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ “The Face of the Buddhist Terror” ဆောင်းပါးပါ အချက်အလက်များဟာ ပြည်တွင်း၌ တည်ဆောက်နေသော ဘာသာပေါင်းစုံအကြား နားလည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အပြင် မလိုလားအပ်သော ဘေးအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ နှင့် ၃၆၄ ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကိုလည်း ဖောက်ဖျက်ရာ ကျရောက်နိုင်ကြောင်း သုံးသပ်တွေ့ရှိရတဲ့အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်လို့ အင်္ဂါနေ့တုန်းက ဖော်ပြထားခဲ့ပါတယ်။

ဒီလို ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင်က မြန်မာ အာဏာပိုင်တွေဟာ ပြည်တွင်းမီဒီယာတွေအပေါ် ပြုမှု ဆက်ဆံသလို ပြည်ပမီဒီယာတွေကိုလည်း ထိန်းချုပ်ဖို့ ကြိုးပမ်းလိုက်တာ
ဖြစ်တယ်လို့ အခုလို ပြောဆိုပါတယ်။

“ပြည်ပမီဒီယာတွေကို သွားလုပ်ရင်တော့ ဘယ်ရမလဲဗျာ။ ပြည်ပမီဒီယာ ဆိုတာက ကမ္ဘာနဲ့အဝှမ်း သြဇာရှိတဲ့ စာနယ်ဇင်းတွေကတော့ ဘာပဲပြောပြော လွတ်လပ်တဲ့ စာနယ်ဇင်းတွေ ဖြစ်တယ်ဆိုတာကို သူတို့ သဘောမပေါက် ဘူးထင်တယ်။ အဲ့တော့ ပြည်တွင်းက ဘာလဲဆိုတော့ ပြည်တွင်းက မီဒီယာတွေကို သူတို့ လည်ပင်းညှစ်ချင်လို့ ညှစ်ရမယ်မှန်း သိသလိုပဲ ပြည်ပ မီဒီယာတွေကိုလည်း သူတို့က လည်ပင်းညှစ်ချင်တာပေါ့။ လည်ပင်းညှစ်လို့ မရရင်တောင်မှ ပြည်ပမီဒီယာတွေကို လိမ်လည်ချင်တယ်။ လှည့်ဖျားချင်တယ်။ ဟန့်တားချင်တယ်ပေါ့။ အဲ့ဒါတွေ ရှိနေတယ်လို့ ကျနော် ယူဆတယ်။ အဲ့ဒါကြောင့် သူတို့ လုပ်ရမယ့်ကိစ္စက ဘာလဲဆိုတော့ ကိုယ့်ဘက်ကိုယ်သာ ထိန်းသိမ်းဖို့၊ ပြင်ဆင်ဖို့၊ ပြောင်းလဲဖို့ သို့မဟုတ် မှန်ကန်စွာ တုံ့ပြန်ဖို့ လိုအပ်တယ်ဆိုတာကို အခုထိ သဘောပေါက်ပုံ မရသေးဘူးလို့ ကျနော် အဲ့ဒီလိုပဲ ယူဆပါတယ်။”

မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ အစွန်းရောက် ဗုဒ္ဓသံဃာတစ်ပါးဖြစ်တဲ့ ဦးဝီရသူရဲ့ ရုပ်ပုံနဲ့ ဖော်ပြထားပြီးတော့ “The Face of Buddhist Terror” ဗုဒ္ဓဘာသာရဲ့ ကြမ်းတမ်းသော မျက်နှာစာဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူဟာ မြန်မာနိုင်ငံတွင်း မူဆလင် လူနည်းစုတွေဟာ လူမျိုးရေးနဲ့ အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်ဆိုပြီး အစွန်းရောက် ဟောပြောမှုတွေကို စခဲ့တဲ့ သံဃာတစ်ပါးလည်း ဖြစ်ပါတယ်။

ဒါ့ပြင် မူဆလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့နဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြား အမျိုးသားတွေနဲ့ လက်ထပ်ထိမ်းမြားတဲ့အပေါ် ကန့်သတ်ချက်တွေ ချမှတ်ထားတဲ့ မျိုးစောင့်ဥပဒေမူကြမ်းဆိုတာကို ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ ဦးဝီရသူနဲ့ သံဃာတချို့က ကြိုးစားခဲ့ပါတယ်။

ဒီဆောင်းပါးခေါင်းစဉ်ကြောင့် ဗုဒ္ဓဘာသာဝင်အများအပြား ဒေါသထွက်ခဲ့ပြီး ဒါဟာ ဗုဒ္ဓဘာသာကို ညှိုးနွမ်းစေတယ်ဆိုပြီး ကန့်ကွက်ချက်ကို သမ္မတရုံးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်း ဖြစ်မှုတွေကြောင့် မူဆလင်ဘာသာဝင်တွေ အများစုပါဝင်တဲ့ လူပေါင်း ၂၅၀ နီးပါး သေဆုံးခဲ့ပြီး ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တာပါ။

မြန်မာအစိုးရဟာ တိုင်းပြည် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေထဲက မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး လုပ်နေတဲ့အချိန်မှာ အခုလို ဇူလိုင်လထုတ် Time မဂ္ဂဇင်းပါ “The Face of Buddhist Terror” ဆောင်းပါးကို မြန်မာနိုင်ငံ တွင်းမှာ ဖြန့်ချိခွင့် မပြုဖို့ တားမြစ်ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။
XS
SM
MD
LG