သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်သံလွှင့် ဥပဒေကြမ်းကို သတင်းသမားတွေ ကန့်ကွက်


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်မှာ အောက်တိုဘာလ ၁၄ ရက်က အတည်ပြုခဲ့တဲ့ ရုပ်သံလွင့် မီဒီယာ ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ဥပဒေပြုလွှတ်တော်အမတ်တွေက အသေးစိတ် မလေ့လာနိုင်ဘဲ အတည်ပြုခဲ့ပုံရတယ်လို့ သတင်းမီဒီယာ နဲ့ ရုပ်သံလွင့် မီဒီယာ အသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။ အဓိကအားဖြင့်တော့ ဒီ ဥပဒေ မူကြမ်းထဲမှာ ပါဝင်တဲ့ ရုပ်သံလွှင့် သတင်းမီဒီယာ ကောင်စီဖွဲ့စည်းရေး အပေါ် မေးခွန်း ထုတ်နေကြတာ ဖြစ်ပါတယ်။ ဒီဥပေဒကြမ်းအရ ဖွဲ့စည်းမယ့် ကောင်စီဝင်တွေ အနေနဲ့ ဥပဒေနဲ့အညီ ရဲရဲဝင့်ဝင့် လုပ်ရဲကိုင်ရဲဖို့ လိုတယ်လို့ အမျိုးသားလွှတ်တော်အမတ်တဦးကတော့ သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း ရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အမျိုးသား လွတ်တော်မှာ ဒီရက်ပိုင်းအတွင်း အတည်ပြုခဲ့တဲ့ ရုပ်သံလွှင့် မီဒီယာ ဥပဒေမူကြမ်း အပေါ်မှာ ရုပ်သံလွှင့် သတင်းမီဒီယာသမားတချို့က သဘောမတူပဲ ကန့်ကွက်ဝေဖန်မှုတွေ ရှိလာတာပါ။ ဒီ Broadcast Law လို့ခေါ်တဲ့ ရုပ်သံလွှင့် မီဒီယာ ဥပဒေထဲမှာ ပါရှိတဲ့ အချက်တစ်ချို့ဟာ ပြန်ကြားရေး ဝန်ကြီးဌာန ဘက်က ရုပ်သံလွှင့် သတင်း မီဒီယာ လောကကို လွှမ်းမိုးဖို့ လက်ဦးထားတဲ့ သဘော တွေ ပါရှိနေတဲ့ အတွက် သဘောမတူဘဲ ကန့်ကွက်ပြောဆိုတာလို့ ပြည်တွင်း၊ ပြည်ပ အခြေစိုက် ရုပ်သံလွှင့် သတင်းဌာန တွေက ဆိုပါတယ်။

အမျိူးသားလွှတ်တော်မှာ ဒီဥပဒေကို အစိုးရပြန်ကြားရေး ဝန်ကြီးဌာန ဘက်က တင်ပြပြီး သိပ်မကြာခင်မှာပဲ မြန်မြန်ဆန်ဆန် အတည်ပြုခဲ့တာဟာ အမျိုးသား လွှတ်တော် ဘက်က ကိုယ်စားလှယ်တွေ ဒီဥပဒေ ကို သေချာ မလေ့လာခဲ့ပဲ အတည်ပြုခဲ့ တာလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ အကြောင်း ဒီမိုကရက် တစ် မြန်မာ့အသံ (DVB) ရဲ့Planning Editor ကိုသန်းဝင်းထွဋ် ကပြောပါတယ်။

" အဲ့ဒီ့ Broadcast Law မူကြမ်း ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ သိပ်ဆွေးနွေး ကြတာ မရှိဘူး။ နောက်ပြီးတာ့ Broadcast Law နဲ့ပတ်သက်ပြီးတော့ အမျိုးသား လွှတ်တော်မှာကို တင်ပြပြီးတော့ အဲ့လိုပဲ ချက်ခြင်းပဲ အတည်ပြုလိုက်တယ် ဆိုတာလည်း တော်တော် အံ့သြစရာကောင်းတယ်။ Broadcast Law မှာ ဆွေးနွေး စရာတွေ အများကြီး ပါတာကိုလေ။ လွှတ်တော်ကိုယ်စားလှယ်တွေ သတိမထား မိတာလား။ မတွေးမိတာလား။ Broadcast Law နဲ့ပတ်သက်ပြီး Status မှာ ထားတာ နောက်တခု ရှိတာက Public Service Media ပေါ့နော်။ သေသေချာချာ မဖတ်ထားကြတာလား။ Broadcast Law ထဲမှာ ပါတဲ့ တချို့အချက်တွေက ဗမာပြည်ရဲ့ နောင်ရေး အတွက် Media Pluralism အတွက် တော်တော် အန္တရာယ်ကြီးတဲ့ အချက်တွေ ပါတယ် ဆိုတာကို သတိမထားမိတာလား။ သူတို့ကိုယ် သူတို့ သမိုင်း တရားခံဖြစ်မှန်းမသိ ဖြစ်သွားတာလား။ ကျနော်တော့ မပြောတတ်ဘူး။"

ရုပ်သံလွှင့် သတင်းမီဒီယာ ဥပဒေ မူကြမ်းထဲမှာ အငြင်းပွားစရာ ရှိနေတဲ့ အချက် နောက်တစ်ချက် ကတော့ ဒီဥပဒေသာ ဥပဒေ ဖြစ်လာခဲ့ရင် ပေါ်ပေါက် လာမယ့် ရုပ်သံလွှင့် သတင်းမီဒီယာကောင်စီ ရဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒီပေါ်ပေါက် လာမယ့် ကောင်စီဟာ အစိုးရသက်တမ်း ကုန်ခါနီး ပြန်ကြားရေး ဝန်ကြီးဌာန ရဲ့ထိပ်ပိုင်း ဝန်ထမ်းတွေကို နေရာပေးဖို့ နေရာ တစ်ခု ဖြစ်လာအောင် စီစဉ်ထားတဲ့ သဘော ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ရဲ့အတွင်းရေးမှူး လည်းဖြစ်၊ The voice သတင်းစာရဲ့ အယ်ဒီတာချုပ်လည်း ဖြစ်တဲ့ ဦးကျော်မင်းဆွေ က အခုလို သုံးသပ်ပါတယ်။

"ဝန်ကြီးကနေ စလို့ Executive Level တွေ နေရာရွှေ့ဖို့ ကြံထားတဲ့ Broadcast Law ကို ပြောင်းလိုက်တာပေါ့။ Broadcast Law မှာ Broadcast Council မှာ ဘယ်သူတွေ နေရာ ဝင်ယူမယ် ဆိုတာမျိုးတောင်မှ အခုသတင်းထွက်နေတာ ရှိတယ်လေ။ ဆိုလိုတာက ဒီ Broadcast Law မှာက အဲ့ဒီ့သူတို့ Executive Level တချို့ အဲ့ကို ပြောင်းဖို့ ပြင်ထားတာပေါ့။ ဝန်ကြီးဆိုတာကလည်း ဝန်ကြီးက တစ်နှစ် ခွဲလောက် လုပ်ပြီးရင် ပြီးပြီလေ။ ပြီးပြီဆိုတော့ ဝန်ကြီးပြီးသွားလို့ရှိရင် ဘာလုပ်မလဲ ဆိုတာက ရှိတာကိုး။ အဲ့တော့ သူက နေရာပြင်ထားတာပေါ့နော်။ ဒါတွေက နေရာပြင် ထားတဲ့ ကိစ္စတွေက Broadcast Law ရဲ့ ကောင်စီမှာ နေရာ ယာ ထားတယ် ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။"

ဦးကျော်မင်းဆွေလိုပဲ နောက်ထပ် ဒီကောင်စီ နဲ့ ပတ်သက်ပြီး ထောက်ပြသူ တစ်ဦး ကတော့ ပြည်တွင်းမှာ အွန်လိုင်း သတင်းရုပ်သံမီဒီယာ တစ်ခု ဖြစ်တဲ့ ကမာရွတ် မီဒီယာရဲ့ အကြီးအကဲ ကိုနေသန်မောင်ဖြစ်ပါတယ်။ ဒီဥပဒေထဲမှာ အခုလို ကောင်စီ ရဲ့အခန်းကဏ္ဍဟာ အငြင်းပွားစရာ ရှိနေသလို Cross Ownership လို့ ခေါ်တဲ့ မီဒီယာ ပိုင်ဆိုင်မှု ကလည်း ဒီဥပဒေ ထဲက နောက်ထပ် အငြင်းပွားစရာ အချက်ဖြစ် တယ်လို့ သူက ဆိုပါတယ်။

" နောက်တခုက ပုဂ္ဂလိကတွေကို ဒီချယ်နယ်တွေ၊ Free to Air တွေ Frequency တွေပေါ့နော် ထိန်းချုပ်ပြီး ပြန်ပြီးပေးမယ့်ဟာမှာ ဖွဲ့မယ့်ကောင်စီက အစိုးရ အဖွဲ့ပဲ ဖြစ်နေတယ်။ ကျွမ်းကျင်တဲ့ Independence ပညာရှင်တွေပေါ့နော်။ Professional တွေနဲ့ ဖွဲ့ပေးမှာ မဟုတ်ဘူး။ အစိုးရပဲ ဖွဲ့မှာဆိုတော့ အစိုးရကပဲ Policy ချတဲ့ သဘောပေါ့ဗျာ။

နောက် တတိယအချက်ကတော့ Cross Ownership ကို ပိတ်ထားတာ ကိစ္စပေါ့။ ပြန်ကြားရေး ကိုယ်တိုင်ကလည်း ရေဒီယို၊ တီဗီ၊ ရုပ်သံ၊ သတင်းစာတွေကို အကုန်လုံးကို လုပ်နေတာ။ သူတို့ချည်းပဲ မောင်ပိုင်စီးပြီး အကုန်လုံး လုပ်ပြီးတော့ ကျန်တဲ့ ပုဂ္ဂလိက ကျမှ Cross Ownership မလုပ်ရဘူး ဆိုပြီး ပိတ်ထားတော့ ဒီ ဘယ်လိုမျိုး အရေးယူ ပြန်ပြီးဆောင်ရွက်မလဲ ၊ ဘယ်လိုမျိုး ပြန်ပြီး တည့်မတ်မလဲ ဆိုတဲ့ကိစ္စက အငြင်းပွားစရာရှိပါတယ်။ အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း သည် မြန်မာ့အလင်းနှင့် ကြေးမုံဖြစ်သည်။ မြန်မာ့ ရုပ်မြင်သံကြားဖြစ်သည် ဆိုတဲ့ definition နဲ့ သွားတာ ဆိုတော့ ကျန်တဲ့ ပုဂ္ဂလိကက ဒီလိုမျိုး လုပ်ခွင့် မရှိဘူး ဆိုတဲ့ သဘောဗျ။ အဲ့တာ တော်တော်ကြီးကို လက်ခံလို့မရတဲ့ ကိစ္စပါ။"

အမျိုးသား လွှတ်တော်ကို ဒီဥပဒေ မူကြမ်း ရောက်ရှိလာချိန်တုန်းက ဒီ ဥပဒေ မူကြမ်းမှာ ထူးထူးခြားခြား ကန့်ကွက်ပြင်ဆင်စရာမျိုး ပါရှိတာတော့ မတွေ့ရဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကပြောပါတယ်။ ဒါပေမဲ့ အများ ဝေဖန်နေကြတဲ့ ကောင်စီ ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အဲ့ဒီကောင်စီ မှာ တာဝန်ယူမယ့် သူတွေအနေနဲ့ ဥပဒေနဲ့အညီ ရဲရဲဝင့်ဝင့် ဆောင်ရွက်ဖို့လိုတယ်လို့ သူကပြောပါတယ်။

" ကျနော်တို့နိုင်ငံမှာ အဓိက ဥပဒေက ဥပဒေတွေနဲ့စာရင် လူတွေက ပိုအရေးကြီးနေ တယ်။ လက်ရှိ အခြေအနေအရ။ အဲ့ဒီ့တော့ ရဲရဲဝင့်ဝင့် လုပ်ရဲ ကိုင်ရဲတဲ့လူတွေ၊ ဥပမာ သမ္မတက သုံးယောက်၊ အမျိုးသား(လွှတ်တော်) က သုံးယောက်၊ ပြည်သူ (လွှတ်တော်) က သုံးယောက် ကိုးယောက် ခန့်ရမယ်ဆိုပြီး အဲ့ဒီ့အထဲမှာ ပါတယ်။ အဲ့ဒီ့တော့ အဲ့ဒီ့လူတွေက ရဲရဲဝင့်ဝင့် လုပ်ရဲ ကိုင်ရဲတဲ့သူတွေ ပါလာရင် ဘာမှ ဖြစ် စရာ အကြောင်း မရှိဘူး။ အဲ့ဒီ့လူတွေသာ.. လူပဲ အရေးကြီးတာလေ။ "

ရုပ်သံလွှင့် သတင်းမီဒီယာ ဥပဒေ မူကြမ်း ဟာဆိုရင် လက်ရှိ အချိန်မှာ အမျိုးသား လွှတ်တော်ဘက်က အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဒီဥပဒေ မူကြမ်းကို ပြည်သူလွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေတာပါ။ ပြည်သူ့လွှတ်တော် ကလည်း ဒီဥပဒေ ကို အတည် ပြု ခဲ့မယ် ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်က ဥပဒေအဖြစ် ပြဋ္ဌာန်း နိုင်ဖို့ နိုင်ငံတော် သမ္မတ ဆီကို ပေးပို့မှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG