သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားခရီးစဉ်အပေါ် ဒီမိုအုပ်စုတွေ မျှော်လင့်ချက်ထား


အမေရိကန်သမ္မတ Barack Obama
အမေရိကန်သမ္မတ Barack Obama
သမ္မတတာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံကို လာရောက်တဲ့ ပထမဆုံးသော အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ပတ်သတ်ပြီး ပြည်တွင်းမြန်မာနိုင်ငံရေး အင်အားစုတွေကရော ဘယ်လို သဘောထားကြပါသလဲ။ သမ္မတအိုဘားမားရဲ့ ဒီခရီးစဉ် အပေါ် မြန်မာ့နိုင်ငံရေးလောကမှာ အများစုက ကြိုဆိုကြတာရှိသလို အခုလိုမျိုး လာရောက် တာဟာ မြန်မာနိုင်ငံအခြေအနေအရ စောနေသေးတယ်လို့ ယူဆကြပါတယ်။ ဒီလိုနိုင်ငံရေးခေါင်းဆောင် အသီးသီးရဲ့ အမြင်သဘောထားတွေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

လာမယ့်နိုဝင်ဘာလ ၁၇ရက်နေ့ကနေ၂၀ရက်နေ့အထိ အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အိမ်ဖြူတော်က ကြာသပတေးနေ့က တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရ လက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်မှာ ပထမဆုံးအကြိမ် အမေရိကန်သမ္မတ တဦးရဲ့ သမိုင်းဝင်ခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးလောကမှာ သုံးသပ်မှုအမျိုးမျိုးရှိသလို မတူကွဲပြားတဲ့ အမြင်တွေလည်းရှိနေပါတယ်။

အပြည့်အဝလွတ်လပ်မှုမရသေးတဲ့အခြေအနေမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး အမြဲတမ်း တောင်းဆိုဖိအားပေးခဲ့တဲ့ အမေရိကန်သမ္မတအနေနဲ့ အစိုးရကို ဆွေးနွေးဖြေရှင်းသွားမယ်လို့ မျော်လင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် သတင်းစာဆရာကြီးဦးဝင်းတင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“မစ္စတာအိုဘားမားဟာ တလျောက်လုံး မြန်မာပြည်ရဲ့ လူ့အခွင့်အရေးကိစ္စ၊ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကိစ္စ၊ ပြည်တွင်းပဋိပက္ခတွေ တည်ငြိမ်ရေးကိစ္စ၊ မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိစ္စတွေကို အမြဲတမ်းအာရုံထားတဲ့ ပုဂ္ဂိုလ်ပီပီ၊ မြန်မာပြည်ကို လာရောက်တဲ့အခါမှာလည်းပဲ၊ ဒီကိစ္စတွေကို ဆောင်ရွက်နိုင်ပါစေ။ ဆက်လက်ပြီးတော့ တွန်းအားပေးနိုင်ပါစေ။ ဆက်လက်ပြီးတော့ ဆွေးနွေးနိုင်ပါစေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာပြည်မှာ အားလုံးသိကြတဲ့အတိုင်း၊ ဒီနေ့အထိတော့ လူ့အခွင့်အရေးပြဿနာနဲ့ပတ်သက်လာရင်၊နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီကနေ့အထိ မြန်မာပြည်မှာ ထောင်ထဲမှာ အများကြီးကျန်ရှိနေပါသေးတယ်။

အလားတူပဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ရှိရင်လည်း ပြည်တွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီနေ့အထိ ပေါ်ပေါက်လျက်ရှိပါတယ်။ ဒါ့ထက်ပိုပြီးတော့ ပြောရရင် မြန်မာပြည်မှာ လွတ်လပ်ခွင့်တွေပေါ့ဗျာ။ စာနယ်ဇင်းလွတ်လပ်ခွင့်တို့၊ ပြည်သူများရဲ့လွတ်လပ်ခွင့်တို့၊ ဒီလိုဟာမျိုးတွေမှာ အများကြီး အခုထက်ထိ နည်းနည်းလျော့ပါးြ့ပီးတော့ ရှိနေသေးတဲ့ အခြေအနေမှာ ရှိနေသေးတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့လည်း မစ္စတာအိုဘားမားဟာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနဲ့ ဆွေးနွေးဖြေရှင်း လမ်းစဖော်ပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်လို့ ကျနော်ကတော့ အဲ့လိုပဲပြောချင်ပါတယ်။”

ဒါပေမယ့် အခုလိုမျိုး အမေရိကန်သမ္မတ တစ်ဦး မြန်မာနိုင်ငံကို လာတာဟာ စောလွန်းနေတယ်လို့လည်း တိုင်းရင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က သုံးသပ်ပါတယ်။ ပြည်တွင်းရေးငြိမ်းချမ်းရေးတွေ တည်ဆောက်ဆဲကာလဖြစ်တဲ့အတွက် စစ်အစိုးရလက်အောက်ကနေ အရပ်သားအစိုးရအပြောင်းအလဲကာလမှာ အပြောင်းအလဲတွေက အမှန်တကယ်ပဲ တိုးတက်ပြောင်းလဲ လာချိန်မှာမှ ရောက်လာသင့်တယ်လို့လည်း ဦးအေးသာအောင်က မြင်ပါတယ်။

“ကျနော်တို့ကတော့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့အခြေအနေက အပြောင်းအလဲဖြစ်ဖို့ ကြိုးစားဆဲကာလပဲဖြစ်တယ်။ အထူးသဖြင့် ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ဖို့၊ ကြိုးစားနေဆဲကာလဖြစ်တယ်။ ဒီကာလမျိုးမှာ အမေရိကန်ရဲ့ သမ္မတ လာတာကို ကျနော်တို့ကတော့ စောတယ်လို့ သုံးသပ်တယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲအတွက် အတော်များများ ပြုပြင်ပြောင်းလဲပြီးပြီ၊ ပြည်တွင်းစစ်လည်း ရပ်စဲပြီးပြီ၊ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း တည်ဆောက်ပြီးပြီဆိုတဲ့၊ အချိန်မျိုးကျမှ အမေရိကန်သမ္မတအိုဘားမားလာတာ ပိုပြီးတော့ သင့်တော်လိမ့်မယ်လို့ ကျနော်က ဒီလိုသုံးသပ်ပါတယ်။”

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကတော့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် တစိုက်မတ်မတ် ထောက်ခံအားပေး ဆောင်ရွက်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်မယ့်ကိစ္စကို ကြိုဆိုကြောင်းနဲ့ အမေရိကန်နိုင်ငံရဲ့ ယခင်ဖိအားပေးဆက်ဆံမှုကနေ ထိတွေ့ဆက်ဆံမူ မူဝါဒကိုပြောင်းပြီး ကျင့်သုံးလာတဲ့အပေါ်ကို အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ကတော့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိုဘားမားရဲ့ လက်ထက်ကစပြီးတော့ မြန်မာပြည်ကို ထိတွေ့ဆက်ဆံတဲ့ပုံစံ ရယ်၊ ဖိအားပေးတဲ့ပုံစံရယ် ဒီနှစ်ခုပေါ့။ အဲ့နှစ်ခုကို ချမှတ်ပြီးတော့ မြန်မာပြည်ကို ဆက်ဆံတာပေါ့နော်။ အဲ့ဆက်ဆံမှုဟာ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ နောက်တခုက အမေရိကန်သမ္မတက အစိုးရတာဝန်ထမ်းဆောင်တဲ့အခါမှာ နှစ်ဆက်တာဝန် ထမ်းဆောင်တဲ့အခါ ပိုမိုပြီး ပြီးပြည့်စုံအောင် လုပ်နိုင်တယ်လေ။ အဲ့တော့ ဆိုကြမယ်ဆိုရင် မြန်မာပြည်အရေးနဲ့ပတ်သက်လာရင် သမ္မတအိုဘားမားက ဖိအားပေးတဲ့ပုံစံရော၊ နောက်ပြီးတော့ ထိတွေ့ဆက်ဆံတဲ့ပုံစံရော၊ နှစ်ခုစလုံးကို စအကောင်အထည်ဖော်တာဖြစ်တယ်။ ပြီးတော့ ဒါကို သူက နောက်သက်တမ်းတခုမှာ အဆုံးသတ်နိုင်အောင် သူကြိုးစားလိမ့်မယ်။ အဲ့တော့ ဒါ ဘာပဲဖြစ်ဖြစ် ဒါ ကောင်းမွန်တဲ့ ဆက်ဆံရေးတခုတော့ ရလာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

အခုလိုမျိုး အမေရိကန်နိုင်ငံမှာ ဒုတိယအကြိမ်သမ္မတသက်တမ်းပြန်အရွေးခံပြီးနောက် ပထမဆုံးအကြိမ် ထွက်မယ့် နိုင်ငံခြားခရီးစဉ်မှာ အာရှနိုင်ငံတွေဆီကို လာရောက်မယ့် သမ္မတအိုဘားမားဟာ အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်ပြီး ဒေသတွင်း အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံမှာဖြစ်သလို မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာလည်း မြန်မာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ နိုင်ငံရေးလူပ်ရှားသူတွေနဲ့ လူထု အခြေပြု အဖွဲ့အစည်တွေနဲ့ တွေ့ဆုံပြီးတော့ မြန်မာနိုင်ငံမှာ လက်ရှိဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေး အားပေးတိုက်တွန်းမှာဖြစ်ပါတယ်။
XS
SM
MD
LG