သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီတွေ မီဒီယာလွတ်လပ်မှု ပိုလိုလား


အမေရိကန်သတင်းမီဒီယာ
အမေရိကန်သတင်းမီဒီယာ
အမေရိကန်သတင်းမီဒီယာတွေရဲ့ လွတ်လပ်ခွင့်အပြည့်အဝရှိမှုနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာအပေါ် အစိုးရအပါအဝင် နိုင်ငံရေးပါတီတွေကအစ တလေးတစားနဲ့ သတိထားဆက်ဆံပုံတွေကို လေ့လာတွေ့ရှိခဲ့တယ်လို့ အမေရိကန် မီဒီယာဌာနတွေကို သွားရောက်လေ့လာနေကြတဲ့ မြန်မာနိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာအပေါ် ထိန်းချုပ်မှုတွေနဲ့ အမေရိကန်နိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်မှုတွေကို ယှဉ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မီဒီယာအပေါ် ထားတဲ့သဘောထားကို လေ့လာရေးရောက်ရှိနေတဲ့ ပါတီကိုယ်စားလှယ်အချို့ကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ မဆုမွန်က တင်ပြပေးထားပါတယ်။

ဟုတ်ကဲ့ပါရှင်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားမှုနဲ့ Managing Media and Public relations ဆိုတဲ့ သတင်းမီဒီယာ နဲ့ ပြည်သူ့ဆက်ဆံရေး အစီအစဉ်နဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမူဆက်ဆံရေးနဲ့ သတင်းမီဒီယာ ကဏ္ဍတွေကို လာရောက် လေ့လာနေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီအင်အားစုတွေပါဝင်တဲ့ လေ့လာရေးအဖွဲ့ဟာ အခုဆိုရင် ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့ကို ရောက်ရှိနေကြပါတယ်။

အဲ့ဒီ့နိုင်ငံရေးပါတီ ၈ဖွဲ့က ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်နိုင်ငံတွင်းက အစိုးရပိုင်သတင်းနဲ့ ပုဂ္ဂိုလ်ပိုင်သတင်း မီဒီယာ Online Media တွေကို သွားရောက် လေ့လာခဲ့ကြပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာ အခြေအနေနဲ့ အမေရိကန်နိုင်ငံရဲ့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီက ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင် ကိုကျော်သူရက သူ့အမြင်ကို အခုလိုပြောပါတယ်။

“ မီဒီယာလွတ်လပ်မှုက အပြည့်ရှိတဲ့အတွက်ဗျာ ထုတ်တင်တွေ တင်ထုတ်တွေ ပြောနေစရာမလိုပဲ ကိုယ့်ဘာသာကို ထုတ် ကိုယ့်ဘာသာ တာဝန်ယူ ကိုယ့်ဘာသာကိုယ် ဒီမိုကရေစီ နှုန်းစံတွေနဲ့ အခြေခံဥပဒေတွေနဲ့ သက်ဆိုင်ရာ ဥပဒေတွေနဲ့ မငြိစွန်းသေးသရွေ့ သူတို့ရဲ့ Expression ကို လွတ်လွတ်လပ်လပ် တင်ပြလို့ရတယ်ပေါ့။ ဖော်ထုတ်လို့ရတယ်။ ရေးသားလို့ရတယ်ပေါ့။

ကျနော်တို့ နိုင်ငံမှာကတော့ အဲ့ဒီ့အဆင့်ကို ရောက်ဖို့ဆိုလို့ရှိရင် ကျနော်တို့ တဆင့်ခြင်း တဆင့်ခြင်း ဖြတ်နေရတာပေါ့။ အဲ့သလို ရုန်းကန်နေရတဲ့အခါမှာလည်း မီဒီယာတွေက ခုနက ကျနော်ပြောသလို ကိုယ့်ရဲ့ Rights ကို မီဒီယာလွတ်လပ်ခွင့်ကို ကြိုးစားနေရသလို မီဒီယာလွတ်လပ်ခွင့်နဲ့အတူ လူ့အဖွဲ့အစည်းရဲ့ လွတ်လပ်မှု ကျနော်တို့ နိုင်ငံရဲ့ တည်ဆောက်မှု အသားကျမှု ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ ကျနော်တို့ Media တွေက ပိုပြီးတော့ Focus လုပ်နေရတာပေါ့ဗျာ။”

အခုဆိုရင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း လက်ထက်က ရေးဆွဲထားခဲ့တဲ့ မီဒီယာဆိုင်ရာ ဥပဒေမူကြမ်းကို အသုံးမပြုတော့ပဲ ဥပဒေသစ် အစကနေ ပြန်ရေးဆွဲဖို့ ပြန်ကြားရေး ဝန်ကြီးအသစ် ဦးအောင်ကြည်က စီစဉ်နေပါတယ်။ သတင်းမီဒီယာလောကမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတဲ့ သတင်းစာနယ်ဇင်းသမားတွေနဲ့ မကြာခင်မှာ ဖွဲ့စည်းတော့မယ့် စာနယ်ဇင်းကောင်စီကနေ ဦးဆောင်ပြီး အဲဒီ မီဒီယာ ဥပဒေမူကြမ်းကို ရေးဆွဲကြမှာဖြစ်ပါတယ်။
သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်ပြီး အခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ချင်းအမျိုးသားပါတီ အတွင်းရေးမှုး ၁ ကိုငယ်ပီးက ပြောပါတယ်။

“ ကျနော်တို့ဆီမှာ သတင်းမီဒီယာ Lawက ထွက်လာမှာပါ။ ဒါပေမယ့် draft က ဘယ်လိုလည်းဆိုတာတော့ ကျနော်တို့ သိခွင့်မရသေးဘူး။ ကျနော်တို့ ကြိုတင်ခန့်မှန်းရတာကတော့ အရင်က ရှိပြီးသားအတိုင်း ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေတဲ့ သတင်းမျိုး အရေးအသားမျိုးဆိုရင် ကန့်သတ်ဦးမယ် တူပါတယ်။ ဒီမှာတော့ အဲ့တာတွေ တခုမှ မရှိပါဘူး။”

မြန်မာပြည်တွင်းက စာပေစိစစ်ရေးလက်အောက် သတင်းမီဒီယာ လွတ်လပ်ခွင့် လက်ရှိအခြေအနေ၊ နိုင်ငံရေးပါတီတွေအပါအဝင် အသင်းအဖွဲ့တွေကြား သတင်းမီဒီယာ စီမံခန့်ခွဲမှုနဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးလည်း မီဒီယာရဲ့ ရပ်တည်မူကို NDF ပါတီက ကိုကျော်သူရက သူ့ရဲ့အမြင်ကို အခုလိုပြောပြပါတယ်။

“သူတို့နိုင်ငံနဲ့ ကျနော်တို့ နိုင်ငံရဲ့ မီဒီယာတွေရဲ့ ရပ်တည်ပုံက မတူပါဘူး။ ကျနော်တို့ နိုင်ငံမှာက နိုင်ငံကို တည်ဆောက် ထူထောင်ဖို့အတွက် မီဒီယာတွေအနေနဲ့ တဘက်က ကြိုးစားရသလို တဘက်ကလည်း မီဒီယာကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ Rights တွေ ကိုယ့်နိုင်ငံသား Rights တွေ ရရှိဖို့အတွက် မျက်နှာစာ နှစ်ဖက်ကို ဖြန့်ကျက်ဖို့ ကြိုးစားနေရတဲ့ အပိုင်းမှာ ရှိပါတယ်။

သူတို့ ဒီနိုင်ငံတွေကျတော့ သူတို့ရဲ့ မီဒီယာတွေ ဥပမာ ဒီမိုကရက်က လွှမ်းမိုးတဲ့ မီဒီယာပဲဖြစ်ဖြစ် ရီပတ်ကလင်ကန်က လွှမ်းမိုးတဲ့ မီဒီယာပဲဖြစ်ဖြစ် သူတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက် သူတို့ရဲ့ နောက်ခံ ဘက်ဂရောင်း အခံ အခြေအနေပေါ်မှာ မူတည်ပြီးတော့ Public Interest ထက် စာရင် သူတို့ရဲ့ နိုင်ငံရေးယုံကြည်မူအပေါ် အခြေခံတဲ့ ပါတီတွေအပေါ် မျက်နှာသာပေးတဲ့ လူထုကို သတင်းတွေပေးတယ်လို့ လေ့လာတွေ့ရတာပေါ့ဗျာ။”

မြန်မာနိုင်ငံရေးပါတီအင်အားစုတွေအနေနဲ့ အခုလိုမျိုး လေ့လာခဲ့ရတဲ့ အမေရိကန် သတင်းမီဒီယာတွေစီမံခန့်ခွဲမှုနဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့ အခြေအနေတွေအပါအဝင် မိမိတို့ သက်ဆိုင်တဲ့ ပါတီတွေရဲ့ သတင်းထုတ်ပြန်ချက်အပါအဝင် ပြည်သူတွေကြားထဲမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာကဏ္ဍကို ပိုပြီးတော့မှ ပွင့်လင်းလွတ်လပ်လာတဲ့ အနေအထားကို ရရှိဖို့ သက်ဆိုင်ရာ ပါတီတွေအနေနဲ့ လိုလားကြောင်း ပြောခဲ့ပါတယ်။
XS
SM
MD
LG