သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ် အတိအကျမရှိ


ထိုင်း-မြန်မာနယ်စပ်မှ ကရင်ဒုက္ခသည်များ (၂၃ မတ် ၁၉၉၈)
ထိုင်း-မြန်မာနယ်စပ်မှ ကရင်ဒုက္ခသည်များ (၂၃ မတ် ၁၉၉၈)
မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေကို မြန်မာနိုင်ငံမှာ ပြန်လက်ခံဖို့ မြန်မာ အစိုးရက စိတ်ဝင်စားမှု ရှိပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက်တော့ ဘာမှ အစီအစဉ် အတိအကျ မရှိသေးဘူးလို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောပါတယ်။

UNHCR ကနေ ဒီကနေ့ ထုတ်ပြန်တဲ့ ၂၀၁၂ နိုင်ငံတကာ ဒုက္ခသည်များ အခြေအနေ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကာလ ဒုက္ခသည်အရေအတွက်နဲ့ သိပ်ပြီးတော့ မကွာခြားပေမဲ့လို့ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ဒုက္ခသည် အရေအတွက်ကတော့ တိုးလာပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ ၂၀၁၂ နိုင်ငံတကာ ဒုက္ခသည်များ အခြေအနေ အစီရင်ခံစာမှာတော့ တကမ္ဘာလုံးက ဒုက္ခသည် အရေအတွက်ဟာ ၁၈ နှစ်အတွင်းမှာ အမြင့်ဆုံး တိုးများလာတယ်လို့ ဖော်ပြပါတယ်။

အဓိကကတော့ ဆီးရီးယားနိုင်ငံ ပဋိပက္ခကြောင့်ပါ။ နိုင်ငံရေး၊ စီးပွားရေးအရ ပြောင်းလဲမှုတွေ ရှိလာတဲ့ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်နဲ့ယှဉ်ရင် သိပ်ပြီး ကွာဟမှု မတွေ့ရပါဘူး။

မြန်မာဒုက္ခသည် အရေအတွက်ဟာ ၂၀၁၂ အတွင်း ရာဂဏန်းလောက်ပဲ တိုးလာတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက် UNHCR ရုံး ပြောခွင့်ရသူ ဗီဗီယန် တန် က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တုန်းကထက်စာရင်တော့ မှတ်ပုံတင်ထားတဲ့ မြန်မာဒုက္ခသည် ၇၀၀ ပဲ တိုးလာပါတယ်။ ကမ္ဘာ့နိုင်ငံအရပ်ရပ်ကနေ UNHCR အကူအညီ တောင်းခံလာတဲ့ ဒုက္ခသည်အသစ်တွေ ဖြစ်ကြပါတယ်။ အမေရိကန်၊ သြစတြေးလျ စတဲ့ တတိယနိုင်ငံတွေကို အခြေချသွားတဲ့ မြန်မာဒုက္ခသည်တွေလည်း ရှိကြပါတယ်။ ဒါကြောင့် ယေဘုယျဆိုရင် ၂၀၁၁ ကနေ ၂၀၁၂ အတွင်း မြန်မာဒုက္ခသည်တွေက ၇၀၀ ပဲ တိုးလာပါတယ်။”

UNHCR ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာဒုက္ခသည် အရေအတွက် ၄ သိန်းကျော် ပြထားပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲက နိုင်ငံမဲ့ ဒုက္ခသည် ၂ သိန်းနီးပါးကို ထည့်သွင်းထားတာပါ။ တချိန်တည်းမှာပဲ ၂၀၁၂ အတွင်း မြန်မာဒုက္ခသည် စုစုပေါင်း ၁ သောင်း ၇ ထောင်ကျော်ကို တတိယနိုင်ငံတွေကို အခြေချနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်လာပြီး တိုးတက်မှုတွေ ရှိလာတာကြောင့်၊ ထိုင်း-မြန်မာနယ်စပ်မှာ ကျန်ရှိတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ပြန်နိုင်ရေးကိစ္စတွေ ပြောဆိုလာတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ဒီဒုက္ခသည်တွေ မြန်မာနေရပ် ပြန်နိုင်ဖို့ ကိစ္စမှာ ဆွေးနွေးရုံပဲရှိပြီး၊ အစီအစဉ် အတိအကျ မဆွဲနိုင်သေးဘူးလို့ ဗီဗီယန် က ပြောပါတယ်။

“ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ပတ်သက်လို့ တချိန်ချိန်မှာ သူတို့ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာအစိုးရက စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြေခံအားဖြင့်တော့ ဒုက္ခသည်တွေ ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်ဖို့ဆိုတာ လတ်တလော ဖြစ်လာဖို့ မရှိသေးပါဘူး။ သူတို့ ပြန်နိုင်ဖို့ အချိန်ဇယား သတ်မှတ်မှုလည်း မရှိသေးပါဘူး။ သူတို့တွေ ပြန်နိုင်ဖို့ ဘာတွေလုပ်ဖို့လိုသလဲ ဆိုတာတွေ ဆွေးနွေးတာတွေတော့ ရှိပါတယ်။ လုပ်စရာတွေကလည်း အများကြီးပါ။”

လုပ်စရာတွေ အများကြီး ကျန်နေသေးတယ် ဆိုတဲ့ကိစ္စမှာ ဒုက္ခသည်တွေ ပြန်အခြေချ နေထိုင်နိုင်မယ့် ဒေသတွင်း မြေမြုပ်မိုင်း ရှင်းလင်းရေးကိစ္စ၊ ပြန်လည်နေရာချထားဖို့နဲ့ ရပ်တည်နေထိုင်ရေး ကိစ္စတွေ အစစအရာရာ ပါဝင်တယ်လို့ မစ် ဗီဗီယန်က ရှင်းပြပါတယ်။

တချိန်တည်းမှာတော့ ရခိုင်ပြည်နယ် ပဋိပက္ခနောက်ဆက်တွဲ ကြုံတွေ့နေရတဲ့ ပြည်တွင်းဒုက္ခသည်တွေ ကိစ္စပါ။ အခု UNHCR က ဖော်ပြတဲ့ မြန်မာဒုက္ခသည်စာရင်းမှာ သူတို့ အကျုံးမဝင်ပါဘူး။ ဒီ အရေအတွက်စာရင်းကို အတိအကျသိနိုင်ဖို့ လိုအပ်နေတယ်လို့ မစ်ဗီဗီယန် က ပြောပါတယ်။

“သူတို့အတွက် ယာယီတဲဖျင်တွေထားတဲ့ နေရာတွေမှာ ကျမတို့ ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ လူပေါင်း ၁ သိန်းခွဲနီးပါးရှိတဲ့ IDP ဒုက္ခသည်စခန်းတွေကို စီမံခန့်ခွဲမှု ကိစ္စတွေမှာ ကူညီဆောင်ရွက်ပေးနေပါတယ်။ အခု ကျမတို့ ရရှိထားတဲ့ လူဦးရေစာရင်းကလည်း ခန့်မှန်းချက်ပါ။ အတိအကျ စာရင်း မသိရပါဘူး။ ဒါကြောင့် အဲ့ဒီဒုက္ခသည်စာရင်းကို မှတ်ပုံတင်ပြုစုဖို့ အစိုးရကို ဆွေးနွေးထားပါတယ်။ ဒါမှ သူတို့တွေကို အကူအညီပေးရာမှာ ပိုပြီး ထိရောက်မှာပါ။”

၂၀၁၂ အတွင်း စာရင်းအရဆိုရင် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် IDP ခေါ်တဲ့ အိုးအိမ်စွန်ခွာ ထွက်ပြေးကြရတဲ့ ပြည်တွင်းဒုက္ခသည် အရေအတွက်ဟာ ၁ သိန်း ၁ သောင်း ၅ ထောင်ရှိပြီး၊ နောက်ပိုင်းမှာ ၁ သိန်းခွဲနားအထိ တိုးလာတယ်လို့ သိရပါတယ်။ ဒါကြောင့် အရင်က မြန်မာနိုင်ငံတွင်းရှိထားတဲ့ ပြည်တွင်းဒုက္ခသည် စာရင်းနဲ့ပေါင်းရင် မြန်မာ IDP အရေအတွက်ဟာ ၄ သိန်း ၃ သောင်းဝန်းကျင်မှာ ရှိတယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG