သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဘောနစ်မြုပ်မှုအတွင်း မြန်မာနိုင်ငံသား ၁၄ ဦး ပျောက်ဆုံးနေဆဲ


ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (နိုဝင်ဘာ ၂၀၀၇)
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (နိုဝင်ဘာ ၂၀၀၇)
ဖိလစ်ပိုင်နိုင်ငံအနီး နစ်မြုပ်သွားခဲ့တဲ့ ကုန်တင်သင်္ဘောပေါ် က ပျောက်ဆုံးနေတဲ့ မြန်မာသင်္ဘောသား ၁၄ ယောက်ကို ၂ ရက်လောက် ကြာလာတဲ့အချိန်အထိ ပြန်ရှာလို့ မတွေ့သေးဘဲ ဖြစ်ပါနေ တယ်။ အသက်ရှင် လွတ်မြောက်လာတဲ့ မြန်မာသင်္ဘောသားတွေ ကတော့ ဖိလစ်ပိုင်နိုင်ငံကတဆင့် မြန်မာနိုင်ငံ ကို ပြန်ဖို့ ပြင်ဆင်နေကြပါပြီ။ သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်လို့ အသက်မသေ ကျန်ရစ်သူတွေ ကိုယ်တိုင် ပြောပြချက်တွေနဲ့အတူ ဆက်သွယ်စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက် က အပြည့်အစုံ တင်ပြထား ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ဦးတည် မောင်းနှင်လာတဲ့ MV Harita Bauxite ကုန်တင်သင်္ဘောမှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ထဲက ပျောက်ဆုံးနေသူ ၁၄ ယောက်ကို ဆက်လက် ရှာဖွေနေဆဲပဲလို့ သင်္ဘောရဲ့ ရန်ကုန်ကိုယ်စားလှယ်ရုံးဖြစ်တဲ့ Sam Sea Ray ကုမ္ပဏီ တာဝန်ခံ ဦးဝင်းဌေး က ဗွီအိုအေ ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ မိနစ်ပိုင်းလောက်က ပို့ထားတဲ့ သတင်းအရကတော့ပေါ့နော် သူတို့ ရှာဖွေနေတာ မရပ်သေးပါဘူးခင်ဗျ”

မေး။ ။ ကယ်လိုရတဲ့ ၉ ယောက်ထဲက ၂ ယောက်က ဆေးရုံမှာ အခုထိ ရှိနေတုန်းလား ရှင့်။

“ဆေးရုံမှာ ဟုတ်ကဲ့ ၂ ယောက်က ၂ ယေက်က Fitter ချိုအေးနဲ့ သန့်စင်မိုး”

မေး။ ။ နောက် ၇ ယောက်ကရော သူတို့ ဘယ်မှာရှိနေလဲ။

“သူတို့က လောလောဆယ် ဟိုတယ်မှာရှိနေပါတယ်ခင်ဗျ။ End of the Road Inn ဆိုတဲ့ ဟိုတယ်မှာပါ။ ဟိုတယ်မှာရှိနေတာက ၇ ယောက်၊ ဆေးရုံပေါ်မှာက ၂ ယောက်ပေ့ါနော်။ အဲဒီမှာ ရှိတာ ၇ ယောက် ဆေးရုံမှာ ၂ယောက်ပေ့ါနော်။ ရှိတာက Chief Officer ကြည်ဝင်း၊ နောက် 3rd Officer ခင်မောင်ဝင်း၊ နောက်တယောက်က 2nd အင်ဂျင်နီယာ ခင်မောင်ဝင်း၊ နောက် AB အောင်သူဝင်း၊ နောက်တယောက်က AB ဝင်းစော၊ AB ရဲမြင့်ဌေးက ပျောက်နေတဲ့ အထဲမှာ ပါတယ်။ နောက်တယောက်က ဝင်းမင်းသိန်း OS၊ နောက် Oiler အောင်သန်းဝင်း”

အသက်ရှင်ကျန်ရစ်သူတွေထဲက 2nd အင်ဂျင်နီယာ ဦးအောင်ကျော်ခိုင် က သင်္ဘောနစ်မြုပ်ရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ သင်္ဘောရောက်နေတဲ့ ဧရိယာက ဗမာလိုတော့ ဆွဲ လို့ခေါ်တာပေါ့။ ရေလှိုင်း swell က အရမ်းကြီးတဲ့ နေရာကြီးပေါ့။ တကယ်က common swell ဧရိယာမှာ ကျွန်တော်တို့ ရှိတယ်။ အဲ့ဒီအချိန်မှာ စက်ခန်းက အင်ဂျင်ကလည်း trouble ဖြစ်ပြီးတော့၊ အင်ဂျင်ချို့ယွင်း သွားတာပေါ့နော်။ အဲ့ဒီတော့ အင်ဂျင်ကို ကျွန်တော်တို့ ရပ်လိုက်ရတယ်။ ပြင်ဆင်ချိန် ၂ နာရီလောက် ကြာသွားတာပေါ့။ ကာဂို (Cargo) ကလည်း အထူး loading ကာဂိုပေါ့၊ သင်္ဘောက နဲနဲ စောင်းသွားတယ်ခင်ဗျ။ ၅ ဒီဂရီလောက် စောင်းသွားတယ်။ အင်ဂျင်ကို ပြင်ပြီးတော့ ကျွန်တော်တို့ ပြန်ထွက်မယ်ဆိုပြီး အင်ဂျင်ကို စနှိုးမယ် ပြင်တဲ့အချိန်မှာ သင်္ဘောကြီးက ၂၅ ဒီဂရီလောက် စောင်းသွားတယ်ခင်ဗျ။ စောင်းသွားပြီးတော့ ၅ မိနစ်အတွင်းမှာပဲ တခါထဲ တုံးလုံးကြီး လဲသွား တယ်။ အမှန်တော့ စောင်းလိုက်တဲ့အချိန်မှာ လှိုင်းက ရိုက်လိုက်တော့ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ဆီမှာ ကရိန်းတွေ ပါတော့ အဲ့ဒီကရိန်းတွေကလည်း တခါထဲကို ဘယ်ဘက်ကိုပါ စောင်းပြီးတော့ တခါထဲကို တုံးလုံးလှဲချလိုက်သလို အဲ့ဒီလို တန်းဖြစ်သွားတာပါ။ ၇ မိနစ်အတွင်းမှာပဲ တခါထဲ တန်းမြုပ်သွားတာ သင်္ဘောကြီးက။”

မေး။ ။ အသက်ရှင် ပြန်လွတ်လာတဲ့ အခြေအနေလေး ပြောပြပါဦး။

“ကျွန်တော်က အင်ဂျင်ခန်းက ဝန်ထမ်းဆိုတော့ ကျွန်တော် သင်္ဘော ၂၀ ဒီဂရီလောက် စောင်းနေ တဲ့အချိန်မှာ ကျွန်တော် တက်ပြေးသွားတယ်။ စက်ခန်းကိုလည်း လှည့်မကြည့်နိုင်တော့ဘူး။ လွတ်တဲ့အပေါက်ကို ထွက်ပြေး သွားပြီးတော့ ဘောတကွင်းကို ဆွဲပြီးတော့ ရေထဲ တခါတည်း ခုန်ဆင်းသွားတာ။ အသက်ကယ် ဖောင်နဲ့ သွားတွေ့တာပေါ့။ အသက်ကယ်ဖောင်နဲ့ မျှောပြီး သွားတော့ တခါတည်း သင်္ဘောကြီးက အဲ့ဒီအချိန်မှာ မြုပ်သွားတာပေါ့။ လွတ်လာတာ ၁၀ ယောက်ပေါ့၊ ၁၀ ယောက်မှာ ကျွန်တော်တို့ ဖောင်အဖွဲ့ထဲမှာ ၆ ယောက်၊ နောက် အသက်ကယ် ဘောနဲ့ သူတို့ ကူးနေတာက ၃ ယောက်၊ နောက်ဆုံးသွားတဲ့ Chief Cook စားဖိုမှူးက ၁ ယောက်ရယ်ဆိုတော့ အားလုံး စုစုပေါင်း ၁၀ ယောက်ပေါ့။”

မေး။ ။ ဆုံးသွားရတဲ့သူက ဘယ်လိုပုံစံနဲ့ ဆုံးသွားတာပါလဲရှင့်။

“ဒီည ၁၀ နာရီမှာ သင်္ဘောနစ်တယ်။ မနက် ၈ နာရီမှာ တရုတ်သင်္ဘော တစင်းက လာကယ်တယ်။ ၁၀ ယောက် ကယ်ဆယ်ရေး သင်္ဘောပေါ် ရောက်တယ်။ အဲ ရောက်တဲ့ ၅ မိနစ်လောက်အတွင်းမှာ ဒီ ကိုမြင့်အောင် chief cook ကြီးက ဆုံးသွားတယ်။ သူ့ဘော်ဒီကို စစ်ဆေးတော့ နောက်ကျော မှာ ဟောင်းလောင်းကြီး ငါး အကိုက်ခံ ထားရတယ်အမ။”

မေး။ ။ ဖိလစ်ပိုင်ကမ်းခြေကို ဘယ်လိုရောက်လာလဲ ပြောပြပေးပါအုံး။

“ည သင်္ဘော ၁၀ နာရီမှာ မြုပ်တယ်ဆို ဆယ်နာရီကနေ မနက် ၈ နာရီအထိ ကျွန်တော်တို့ကတော့ အသက်ကယ်ဖောင်နဲ့ မျောနေတာပေါ့။ မနက်ခင်းမှာ တရုတ်သင်္ဘောက လာကယ်တယ်။ ညနေ ၄ နာရီလောက်ကျတော့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ် (Coast Guard) က ကျွန်တော်တို့ကို လာခေါ်သွားတာပေါ့။ သူတို့ ကျွန်တော်တို့ကို စောင့်ရှောက်ထားပါတယ် အခု။”

မေး။ ။ ဖိလစ်ပိုင် ဘယ်မြို့မှာ ရောက်နေလဲရှင့်

“ဒီကျွန်းမြို့တမြို့ပဲ”

မေး။ ။ အခု ပျောက်ဆုံးနေတဲ့ ၁၄ ယောက်ရဲ့ အခြေအနေ ဘယ်လို ရှိမယ်လို့ ကိုအောင်ကျော်ခိုင် ခန့်မှန်းပါလဲ။

“ခန့်မှန်းလို့တော့ မရဘူးဗျ။ ကိုယ်ကလည်း အသက်လုပြီးတော့ ပြေးလာတယ်ဆိုတော့ ကိုယ့်လိုလည်း ပြေးတဲ့လူလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဖြစ်တဲ့အချိန်ကလည်း ည ၁၀ နာရီဆိုတော့ မှောင်နေတဲ့ အချိန်ပေါ့။ သိပ်မမြင်ရဘူး။ တယောက်နဲ့တယောက် ကျတော့လေ။ ဒီနေ့ဆို သုံးရက်မြောက်ပေါ့။ ရှာဖွေဆဲပါပဲ။ ဒီမှာတော့လေ။ လောလောဆယ်ကတော့ တယောက်မှ ရှင်နေရက်သော်လည်းကောင်း၊ သေဆုံးတဲ့ အလောင်းကိုသော်လည်း မတွေ့သေးပါဘူး။ ရှာဖွေဆဲပါတဲ့ Coast Guard က ကျွန်တော်တို့ကို အကြောင်းကြားပေးပါတယ်။”

မေး။ ။ တချို့သတင်းတွေမှာ သူတို့က မရှာတော့ဘူးလို့ ပြောနေကြပါတယ်။

“အဲ ရှာနေပါတယ်ခင်ဗျ။ ရှာနေတယ်။ ဒီနေ့ မနက် ဒီနေ့ ကျွန်တော်တို့က နေ့ခင်း ၁ နာရီလောက် အထိက ရဟတ်ယာဉ် (Helicopter) ရော၊ Navy ရေတပ်ရောက ရှာနေပါတယ်။ ကျွန်တော်တို့ သိပါတယ်။”

မေး။ ။ စက်ပြင်နေတယ် ဆိုတော့ အင်ဂျင်ခန်းရဲ့ အတွင်းခန်းထဲမှာ ရှိနေတာဆိုတော့ သင်္ဘောမြုပ်ရင် သူတို့ ပါသွားနိုင်တဲ့ သဘောမျိုးများ ရှိလားရှင့်။

“တကယ်လို့ ရှိခဲ့ရင် ပါသွားနိုင်ပါတယ်။ ကျွန်တော်လည်း အင်ဂျင်ခန်းထဲကပါ။ ကျွန်တော်လည်း တက်ပြေးလာတာပါ။”

မေး။ ။ မြန်မာနိုင်ငံကို ဘယ်တော့လောက်များ ပြန်ပို့နိုင်မယ်လို့ သံရုံးက ပြောလဲရှင့်။

“သံရုံးဝန်ထမ်းတွေလည်း ဒီမှာ ရောက်နေပါတယ်။ ဒီည ဒီမှာ လဝက ကိစ္စတွေ၊ နောက် စာရွက်စာတမ်း ကိစ္စတွေ အကုန်ပြီးပြီလို့ ဆိုပါတယ်။ ဒီဒဏ်ရာရသူ ၂ ယောက် ဆေးရုံက ဆင်းနိုင်လို့ ရှိရင်တော့ ကျွန်တော်တို့ ဒီညကို မနီလာ သွားဖို့ အစီအစဉ် ရှိပါတယ်။”

အသက်မသေဘဲ ကျန်ခဲ့သူတွေထဲက တဦးဖြစ်တဲ့ ဦးအောင်ကျော်ခိုင် ပြောပြခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG