သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေထွက်ပစ္စည်းစက်ရုံ မြန်မာအလုပ်သမား ၂,၀၀၀ ဆန္ဒပြ


ထိုင်းရောက် မြန်မာအလုပ်သမားတချို့။
ထိုင်းရောက် မြန်မာအလုပ်သမားတချို့။
ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာရှိတဲ့ ပင်လယ်ရေထွက် စားသောက်ကုန် ထုတ်လုပ်တဲ့ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ထောင်နဲ့ချီ ဟာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမား ၁၀၀ ကျော် အကြောင်းမဲ့ အလုပ်ဖြုတ် ခံရပြီးနောက် ဒီအလုပ်သမားတွေကို အလုပ်ပြန်ခန့်ရေး တောင်း ဆိုတဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာပါ။ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေ အခုလိုမျိုး အလုပ်ဖြုတ်ခံရတာတွေ မကြာခဏ ဖြစ်လာနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက် ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာရှိတဲ့ CP ပင်လယ်ရေထွက် အစားအသောက် ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂ ထောင်ကျော်ဟာ ဒီကနေ့မနက် ၁၁ နာရီလောက်ကစပြီး ဆန္ဒပြခဲ့ကြတာ ပါ။ အကြောင်းကတော့ အဲ့ဒီ CP ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား ၁ ရာနဲ့ ၁၆ ယောက်ကို အလုပ်သမားပွဲစားတွေက အလုပ်ဖြုတ်ပစ်ခဲ့တာကြောင့်ဖြစ်ပြီး၊ ဒီအလုပ်သမားတွေကို အလုပ်ပြန်ခန့်ရေး အပါအဝင် အချက် ၃ ချက်ကို အဓိက တောင်းဆိုခဲ့ကြတယ်လို့ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးကွန်ရက်မှ ကိုအောင်ကျော်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့တောင်းဆိုချက်ကတော့ နောက်နောင်ကိုလည်း ဒီလိုမျိုး အလုပ်သမားတွေကို အကြောင်းမဲ့သက်သက် အလုပ်ထုတ်ပယ်ခြင်း မပြုလုပ်ဖို့၊ ဒီနေ့ စာရင်းထဲမှာ ပါသွားတဲ့ လူဦးရေ ၁၁၆ ယောက်ကို လုပ်ငန်းခွင် မှာ ပြန်လည် ထမ်းဆောင်ခွင့် ရဖို့၊ အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆို လိုက်တာပါ။ နှစ်ဦးနှစ်ဘက် ညှိနှိုင်းလို့ အဆင်ပြေသွားပါပြီ။ ထိုနည်းတူစွာပဲ အခုရက်ပိုင်းတွေမှာဆိုရင် တခြားတခြားသော စက်ရုံအသေးလေးတွေမှာလည်း အလုပ်ထုတ်မှုတွေ၊ လုပ်သားဦးရေ လျှော့မှုတွေ၊ ကျနော်တို့ ရံဖန်ရံခါ ကြားနေရပါတယ်။ လတ်တလော ကျနော်တို့ကိုယ်တိုင် သိလိုက်ရတဲ့ အနေအထားမှာတောင် ဒီရက်ပိုင်းမှာ ၃ ခုလောက်ရှိနေပါပြီ။”

လက်ရှိ CP စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားဦးရေ ၃ ထောင်လောက်ရှိပါတယ်။ ကုမ္ပဏီပိုင်ရှင်ကတော့ ဒီ အလုပ်သမား ၁၁၆ ယောက် အလုပ်ဖြုတ်ခံခဲ့ရတာ သူ မသိကြောင်းနဲ့၊ အလုပ်ဖြုတ်ခံရသူ အားလုံးကို ပြန်ခန့်ပေးမှာ ဖြစ်တဲ့အကြောင်း အလုပ်သမားတွေရဲ့ တောင်းဆို ချက်တွေကို ညနေစောင်းမှာ လိုက်လျောပေးခဲ့တယ်လို့လည်း ကိုအောင်ကျော် က ပြောပြပါတယ်။ ဒီ CP စက်ရုံမှာ အခုလို အလုပ်သမားတွေ အလုပ်ဖြုတ်ခံရလို့ ဆန္ဒပြတာ ဒါ ဒုတိယအကြိမ်ဖြစ်ပြီး၊ ဒီနှစ် ဇန်နဝါရီလ ၂၉ ရက်မှာတုန်းကလည်း အခုလိုပဲ ဆန္ဒပြတာ ဖြစ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် မကြာသေးခင် လအနည်းကစလို့ ထိုင်းနိုင်ငံမှာ အခုလိုမျိုး မကြာခဏ အလုပ်သမားတွေ အလုပ်ဖြုတ်ခံရတာ ပိုများလာ ပါတယ်။ အလုပ်ရှာပေးတဲ့ ပွဲစားတွေက သူတို့ အကျိုးအမြတ် ရရှိအောင်လို့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ နေရာမှာ အလုပ်သမားသစ်တွေကို အစားထိုးမှုတွေ လုပ်လာနေတာ ဖြစ်တယ်လို့လည်း ကိုအောင်ကျော် က ပြောပါတယ်။

ဒါပေမဲ့လည်း ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အမြဲတမ်း ဖိနှိပ်ဆက်ဆံလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ အလုပ်ရှင်တွေ အနေနဲ့ အရင်လို အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ၊ အိမ်ရှင်ထိုင်းနိုင်ငံသားရဲ့ အနိုင်ကျင့်မှုတွေကတော့ လုံး၀ ပပျောက်သွားတာမျိုး မဟုတ်ပေမဲ့၊ လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ သိသိသာသာ လျော့နည်းသွားတာ တွေ့ရပြီး၊ ဒါတွေဟာ နိုင်ငံတကာရဲ့ ဖိအားတွေကြောင့်ရော၊ မြန်မာနိုင်ငံ အပြောင်းအလဲကြောင့်ရော ပါတယ်လို့ ကိုအောင်ကျော် က ဆက်ပြောပြပါတယ်။

“ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ဟာ နိုင်ငံတကာက သိရှိသွားတဲ့အချိန်မှာ စက်ရုံအလုပ်ရုံတွေဟာ သူတို့ ပုံမှန်အလုပ်တွေ လည်ပတ်နိုင်စွမ်း မရှိတော့ဘဲ နိုင်ငံတကာက အော်ဒါတွေ၊ ဝယ်လက်တွေကနေပြီးမှ အဝယ်လျှော့လာတာမျိုးတို့၊ အရေးယူပိတ်ဆို့ ဒဏ်ခတ်တာမျိုးတွေ ဖြစ်ပေါ်လာတဲ့အခါကျတော့ သူတို့အနေနဲ့လည်း အလုပ်သမား အခွင့်အရေးကို ဒီ့ထက်ပိုမိုပြီး ကောင်းမွန်အောင် လုပ်မှသာလျှင် ထိုင်းနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးတွေ လည်ပတ်သွားမယ်ဆိုတာကို သူတို့ သိလာတဲ့အတွက်ကြောင့် သူတို့ဘက်က လျှော့လာတာက တစ်ပိုင်း၊ နောက်တခါ မြန်မာအလုပ်သမားတွေကိုယ်၌ကလည်း တရားဝင် အလုပ်သမားတွေ ဖြစ်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ဒီလို အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေကို ငုံ့ခံနေစရာ မလိုဘူး။ ပြန်ပြီး ဆွေးနွေးတာ မျိုးတွေ လုပ်လာတဲ့အတွက်ကြောင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်တဲ့ ကဏ္ဍတွေမှာ လျော့ပါးလာတာကို ကျနော်တို့ တွေ့ရှိရတယ်ခင်ဗျ။”

“နောက်တခါ ဒီထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေဟာ ဆယ်စုနှစ် သုံးစုလောက်အထိ ကိုယ့်ကြမ္မာ ကိုယ့်ဟာကိုယ် ဖန်တီးပြီး ရပ်တည်လာခဲ့ရင်း ကနေ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီးတော့ မြန်မာအစိုးရကနေ ဒီမှာရှိတဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို တွေ့ဆုံတာမျိုးတွေ၊ ကြည့်ရှုတာတွေ၊ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း လာတယ်။ အဲ့ဒီကနေစပြီးတော့မှ အတော်လေးကို ပြောင်းလဲလာခဲ့တယ်။ သို့သော် ပိုပြီးမှ ထိုင်းနိုင်ငံကို မြန်မာအစိုးရ အလုပ်သမား ဝန်ကြီးတွေလာတာ တော်တော်လေး စိပ်လာတယ်ခင်ဗျ။ စက်ရုံအလုပ်ရုံတွေမှာ အခုလို ပြဿနာတွေဖြစ်ရင် လည်း ဖြစ်လေရာနေရာတွေမှာ သူတို့ တတ်နိုင်သလောက် ကူညီပြီးတော့ ဖြေရှင်းတာမျိုးတွေ၊ ညှိနှိုင်းတာတွေ၊ ဆွေးနွေးတာမျိုး တွေ လုပ်လာခဲ့တဲ့အတွက်ကြောင့် အစိုးရနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကြောင့်လည်း အလုပ်သမားတွေရဲ့ အခွင့်အရေးဟာ ဖွံ့ဖြိုး တိုးတက်လာတယ်ဆိုတာကလည်း တခန်းတကဏ္ဍ ပါပါတယ်ခင်ဗျ။”

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားဦးရေ ၂ သန်းနီးပါးရှိပြီး၊ ဒီအထဲက ၁ သန်းကျော်သာ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ရှိကြတာဖြစ်ပါတယ်။
XS
SM
MD
LG