သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးအပေါ် လုပ်ငန်းရှင်တဦးရဲ့အမြင်


မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး အခွင့်အလန်းတွေကို မျှော်မှန်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာရာမှာ ပြည်ပက သာမက ပြည်တွင်း လုပ်ငန်းရှင်တွေလည်း ထိပ်ဆုံးက ပါဝင်လာကြပါတယ်။ ဒီအထဲက စင်္ကာပူအခြေစိုက် ရိုးမကုမ္ပဏီ အကြီးအကဲကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အလားအလာတွေအပေါ် မျှော်လင့်ချက် ကြီးကြီးနဲ့ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားတဲ့အကြောင်း ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။ ရိုးမကုမ္ပဏီ အကြီးအကဲရဲ့ ပြောကြားချက်နဲ့အတူ မြန်မာ့စီးပွားရေး တိုးတက်မှု အလားအလာနဲ့ စိန်ခေါ်မှုတွေ အကြောင်းကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီပြီး စစ်အစိုးရတွေရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီးနောက် အရင်းအမြစ်နဲ့ လုပ်သားအင်အား ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလန်းတွေ ပေါ်လာပြီဆိုတဲ့ တွက်ဆချက်တွေနဲ့ အစပျိုး ရင်းနှီးမြှုပ်နှံ လာကြတဲ့ အထဲမှာတော့ စင်္ကာပူမှာ မှတ်ပုံတင်ထားတဲ့ Yoma Strategic Holdings ကုမ္ပဏီလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ မကြာသေးခင်တုန်းကပဲ ရိုးမကုမ္ပဏီဟာ ကော်ဖီ၊ နို့ထွက်ပစ္စည်း၊ အအေးခန်းကအစ ပညာရေးလုပ်ငန်းအဆုံး လုပ်ငန်းသစ်တွေကိုလည်း တိုးချဲ့ခဲ့တာပါ။ ရိုးမကုမ္ပဏီရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာတော့ နိုင်ငံတကာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (IFC) နဲ့ ကမ္ဘာ့ဘဏ်တို့က ၂၀% အထိ ရင်းနှီးမြှုပ်နှံဖို့နဲ့ ကျွမ်းကျင်မှု အကူအညီတွေ ပေးအပ်သွားဖို့လည်း သဘောတူထားပါတယ်။ ကော်ဖီစိုက်ပျိုးရေး၊ အအေးခန်း လုပ်ငန်းတွေမှာ ဆိုရင်လည်း ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ ဖက်စပ် လုပ်ကိုင်သွားမှာပါ။ ပညာရေး ကဏ္ဍမှာတော့ ကျောင်းသားပေါင်း ၁,၀၀၀ လောက်စီ လက်ခံနိုင်မယ့် မူကြိုနဲ့ မူလတန်းအရွယ် ကျောင်းတကျောင်းနဲ့ နိုင်ငံတကာ ကျောင်းတကျောင်းကို ဖွင့်လှစ်ဖို့လည်း စီစဉ်နေတာပါ။

ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးသိန်းေ၀ ခေါ် Surge Pun ကတော့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍပေါင်းစုံမှာ လုပ်ငန်းတွေ ချဲ့ထွင်နိုင်တဲ့ အခွင့်အလန်းတွေလည်း တပုံကြီး ရှိနေတယ်လို့ ပြောပါတယ်။
“ဖွံ့ဖြိုးမှု အားအကောင်းဆုံး ကဏ္ဍအဖြစ် သတ်မှတ်နိုင်တာကတော့ တခုမက ရှိလိမ့်မယ် ထင်ပါတယ်။ လွယ်လွယ်ကူကူ ဆိုရင်တော့ ဝန်ဆောင်မှုကဏ္ဍလို့ပဲ ပြောရပါလိမ့်မယ်။ ဥပမာ ခရီးသွားလုပ်ငန်းပါ။ ဝင်လာတဲ့ အတိုင်းအတာကတော့ အတော်လေး နည်းပါသေးတယ်။ ဒါပေမဲ့လည်း တခြား အလားအလာရှိတဲ့ ကဏ္ဍတွေ တော်တော်များများ ရှိပါတယ်။ ဥပမာ သယ်ယူပို့ဆောင်ရေးလို အခြေခံအဆောက်အအုံ လုပ်ငန်းတွေပါ။ ဒါတွေက တိုးတက်မှု အားကောင်းနိုင်တဲ့ ကဏ္ဍတွေလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း လယ်ယာစိုက်ပျိုးတဲ့ တိုင်းပြည် ဖြစ်တဲ့အတိုင်း၊ အလားအလာ အကောင်းဆုံးကတော့ စိုက်ပျိုးရေး လုပ်ငန်းပါ။”

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာချိန်မှာတော့ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေ ပေးမယ်ဆိုပြီး ကတိပြုခဲ့တာပါ။ ဒီနောက်ပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေ ပြင်ဆင်တာ အပါအဝင် စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အစိုးရအနေနဲ့ တော်တော်များများ လုပ်ခဲ့ပြီးပါပြီ။ တချို့နေရာတွေမှာ မြန်လွန်းနေတယ်လို့တောင် ထင်ပါတယ် ...

ဒါပေမဲ့လည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ အပြည့်အ၀ အားကောင်းလာစေဖို့ကတော့ ပြုပြင်စရာတွေ ကျန်နေတုန်းပဲလို့ ရိုးမကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Surge Pun ကမြင်ပါတယ်။
“ကျနော့် အမြင်ကတော့ အစိုးရအနေနဲ့ တော်တော်များများ လုပ်ခဲ့ပြီးပါပြီ။ တချို့နေရာတွေမှာ မြန်လွန်းနေတယ်လို့တောင် ထင်ပါတယ်။ သို့သော် ဘယ်လောက်လုပ်လုပ် လုံလောက်ပြီလို့တော့ မဆိုနိုင်ပါဘူး။ ဒါကြောင့်လည်း ဘဏ္ဍာရေးကဏ္ဍတို့ ပညာရေးတို့မှာ မြန်မြန်ဆန်ဆန် ဖွင့်ပေးနိုင်ပါတယ်။ အားလုံးခြုံပြောရမယ် ဆိုရင်တော့ ကျနော်တို့ အစိုးရအနေနဲ့ သိသိသာသာ လုပ်ပြတာတွေ ရှိပါတယ်။ ဒီထက်ပိုပြီး လုပ်နိုင်တာကတော့ သူတို့ရဲ့ စီးပွားရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့ ဆန္ဒရှိယုံသာမက ရည်မှန်းချက်အတိုင်းဖြစ်ဖို့ လိုအပ်ချက်တွေနဲ့ ဖြည့်ဆည်းရမှာတွေကို နားလည်ဖို့လည်း လိုပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် စတော့ခ်အိပ်ချိန်းတခု ဒီနှစ်ကုန်နောက်ဆုံးထား ဖွင့်ချင်တယ်လို့ ကျနော်တို့က ကြေညာထားပါတယ်။ ဒါပေမဲ့လည်း စတော့ခ်ဈေးကွက်တခု အောင်အောင်မြင်မြင် ဖွင့်နိုင်ဖို့ ဘာတွေလိုသလဲ ဆိုတာကို သေချာ နားလည် သဘောပေါက်ပုံ မရပါဘူး။”


မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) နိုင်ငံတွေ စီးပွားရေးအရ တပေါင်းတစည်းတည်း ဖြစ်စေဖို့ စီစဉ်ထားတဲ့ ရှေ့နှစ်အမှီ ရန်ကုန်မှာ စတော့ခ်ရှယ်ယာ ဈေးကွက်တခု ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမဲ့ မရေမရာ အခြေအနေတွေနဲ့ ကြုံနေရတာပါ။ အာမခံငွေစုစာချုပ်တွေနဲ့ အစုရှယ်ယာလုပ်ငန်းအတွက် ဥပဒေတရပ်ကို ပြီးခဲ့တဲ့နှစ်ထဲ အတည်ပြုထားပေမဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေ အခြေမခိုင်သေးသလို၊ ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာလို အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ အပါအဝင် စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ရိုးမကုမ္ပဏီ အကြီးအကဲကတော့ စီးပွားရေး ဖွံ့ဖြိုးမှုတွေအတွက် အခရာကျတဲ့ ဘဏ္ဍာရေးကဏ္ဍမှာ အားကောင်းအောင် လုပ်နိုင်ဖို့ မြန်မာနိုင်ငံအတွက် အချိန်ယူ ကြိုးပမ်းရဦးမယ်လို့လည်း ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

ဒီလို စိန်ခေါ်မှုတွေ ရှိနေတုန်းပဲ ဆိုပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ကြုံတောင့်ကြုံခဲ အခွင့်အရေး ဖြစ်တဲ့အတွက်လည်း လက်မလွှတ်နိုင်ဘူးလို့ ဆိုပါတယ်။
“လောလောဆယ်မှာတော့ မြန်မာနိုင်ငံ ပြင်ပမှာ လုပ်ငန်းတွေလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ မြန်မာနိုင်ငံမှာပဲ အသေအချာ အာရုံစိုက်နေပါတယ်။ ဒါက တသက်မှာတခါ အခွင့်အရေးမျိုးပါ။ လတ်တလော တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ အပြည့်အ၀ ရင်းနှီးမြှုပ်နှံသွားဖို့လည်း ကျနော်တို့ ရည်ရွယ်ထားပါတယ်။ စီးပွားရေး အလားအလာကောင်းတွေ အတွက် ကျနော်တို့ အပြည့်အ၀ မြှုပ်နှံသွားမှာပါ။”

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ၇.၅% ရှိနေရာက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာတော့ ၇.၇၅% လောက်အထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဘဏ္ဍာရေး ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေကို စနစ်တကျ ဆောင်ရွက်တာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ အားကောင်း လာနိုင်တယ်လို့လည်း ပြောဆိုထားတာပါ။ ဒီနှစ်ကစပြီး မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ အာဆီယံအသင်းဝင် နိုင်ငံတွေကြား ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ စီးပွားရေးဝန်းကျင် တည်ဆောက်ရာ အကျိုးအမြတ်တွေ ခံစားရနိုင်တယ်လို့လည်း IMF ကခန့်မှန်းထားတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ဘဏ္ဍာရေးနဲ့ စီးပွားရေး အဖွဲ့အစည်းတွေကိုယ်တိုင် အပေါင်းလက္ခဏာဆောင်တဲ့ ခန့်မှန်းချက်တွေကြောင့်လည်း ရင်းနှီးမြှုပ်နှံမှုတွေဟာ အကျိုးမယုတ်နိုင်ဘူးလို့ ရိုးမကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးသိန်းေ၀ ခေါ် Surge Pun ကဆိုပါတယ်။
“လျှင်တဲ့လူတွေကတော့ ဒီမှာ ရောက်နေကြပြီ ထင်ပါတယ်။ ဒီမှာစပြီး အခြေစိုက်နေကြပါပြီ။ အမြင်ကျယ်ရာရောက်တဲ့ အတွက်လည်း ဒီလူတွေကို ကျနော်က ချီးကျူးပါတယ်။ ဒီတိုင်းပြည်က အလားအလာကောင်းတွေကိုလည်း ဒီလူတွေက မှန်မှန်ကန်ကန် မြင်တတ်ကြပါတယ်။ အလားအလာကောင်းတွေ တပုံကြီး ရှိနေသလို၊ လိုအပ်ချက်တွေကလည်း အများကြီးပါ။ ဒါကြောင့်လည်း ဒီမှာရောက်နေကြတဲ့ ကုမ္ပဏီတွေ အခြေကျအောင် ကြိုးစားနေကြတာပါ။ ဒါဟာလည်း အင်မတန်မှ အမျှော်အမြင်ရှိရာ ရောက်တာမို့ နောက်ထပ်လာကြဖို့လည်း ကျနော့်အနေနဲ့ အပြည့်အ၀ အားပေးသွားမှာပါ။”

ဝါရှင်တန် အခြေစိုက် Heritage Foundation နဲ့ Wall Street Journal တို့ပူးတွဲပြီး ဒီနှစ်ဆန်းပိုင်း ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် စီးပွားရေး လွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကထက် တိုးတက်မှုတွေ တွေ့ရတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး လုပ်ကိုင်ခွင့်နဲ့ အလုပ်သမား အခွင့်အရေးတွေ တိုးတက်လာတဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာ လွတ်လပ်ခွင့်အဆင့် ၁၇၂ မှာ ရှိနေရာက ၁၀ ဆင့်တက်ပြီး ၁၆၂ အဖြစ်နဲ့ တိုးမြှင့်သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့လည်း နှစ်ပေါင်း ၂၀ လောက် အထီးကျန်နေလာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကို စောင့်ကြည့် အကဲခတ်ရာမှာတော့ ကြီးကြီးမားမား တိုးတက်တဲ့ အဆင့်အထိတော့ မရောက်သေးဘူးလို့လည်း အစီရင်ခံစာက ဖော်ပြထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG