သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးနဲ့ဒုဝန်ကြီး ရာထူး အပြောင်းအလဲ အစိုးရကြေညာ


မြန်မာနိုင်ငံက ဝန်ကြီးကိုးဦးနဲ့ ဒုဝန်ကြီး (၁၅) ဦး နေရာတွေ ကို ပြောင်းလဲ ခန့်အပ်လိုက်တဲ့ အကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာလိုက်ပါတယ်။ သမ္မတရုံး တာဝန်ရှိသူ ကတော့ နိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တာလို့ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်းက စုံစမ်း တင်ပြပေး ထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့အမိန့်နဲ့ သြဂုတ်လ ၂၇ ရက်နေ့မှာ ဝန်ကြီးကိုးဦးနဲ့ ဒုဝန်ကြီး (၁၅) ဦးနေရာတွေ ကို ပြောင်းလဲ ခန့်အပ်ခဲ့တဲ့အကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး က အတည်ပြု ပြော ဆိုပါတယ်။ ဒီကနေ့ ကြေညာချက်ဟာ အစသာရှိသေးပြီး နောက်ပိုင်းမှာလည်း လစ်လပ်သွား တဲ့နေရာတွေအတွက် ထပ်မံကြေညာဖို့ရှိတယ်လို့ သူက အခုလို ပြောပြပါတယ်။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ဝန်ကြီးကိုးပါးတော့ ပြောင်းရွှေ့ခန့်အပ်တယ်ဗျ။ ဒု-ဝန်ကြီးကတော့ အများကြီးဗျ။ ကျနော်လည်း အသေးစိတ်တော့ မမှတ်မိတော့ဘူး။ သူ့ လုပ်ဆောင်ချက်က ဒီနေ့ ကြေညာတဲ့ အမိန့်တခုတည်းနဲ့ မပြီးသေးပါဘူး။ နောက်ပိုင်း Reconstruction ပေါ့နော်။ ဒါက အစပဲ ရှိပါသေးတယ်။ နောက်နေ့တွေလည်း လာဖို့ ရှိပါသေးတယ်။ ဒါက မပြီးသေးပါဘူး။ ဥပမာ ဦးတင့်ဆန်းဆိုရင် ဟိုတယ်လ်/ခရီးနဲ့ အားကစား နှစ်ခုပေးထားတယ်။ အခုတော့ အားကစား ကိုပဲ ပေးလိုက်တဲ့အတွက် ဦးတင့်ဆန်းရဲ့ ဟိုတယ်လ်/ခရီးနေရာမှာ တနေရာလွတ်နေတယ်။ အဲ ဒီတော့ ဘာလုပ်မှာလဲ။ အဲဒါကို စောင့်ကြည့်ဖို့ပဲ ရှိတာပေါ့။ ဥပမာ ကျနော်ပြောတာ။ ဦးအောင်ကြည်က အလုပ်သမားနဲ့ လူမှု/ကယ်ဆယ် နှစ်ခုကိုင်ထားတာလေ။ အခု ပြန်ကြားရေး ကို ရောက်သွားတယ်။ နောက်တော့လည်း နိုင်ငံတော် သမ္မတကြီး ဆက်လုပ်မှာပေါ့။”

တနင်္လာနေ့က ပြောင်းရွှေ့ခန့်အပ်ခဲ့တဲ့ အထဲမှာ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးလှထွန်းနဲ့ ဦးတင်နိုင် သိန်းတို့ လေးဦးကို သမ္မတရုံး ဝန်ကြီးဌာနမှာ ခန့်အပ်လိုက်ပြီး ဦးအောင်ကြည်ကိုတော့ ပြန်ကြားရေး ဝန်ကြီးဌာနမှာ ခန့်အပ်ကြောင်း၊ အရင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းကိုတော့ သမ ဝါယမ ဝန်ကြီးဌာနကို ပြောင်းရွှေ့ခဲ့ပြီး ဦးအုန်းမြင့်ကို မွေးမြူ ရေးနဲ့ ရေလုပ်ငန်းဦးစီးဌာန၊ နောက် ဦးအေးမြင့်ကိုတော့ စက်မှုဝန်ကြီးဌာနနဲ့ ဦးတင့်ဆန်းကတော့ အရင်က ဟော်တယ်နဲ့ အားကစား ဝန်ကြီးဌာနမှာ ပူးတွဲတာဝန်ယူနေရာကနေ အားကစားဝန်ကြီး ဌာနတခုတည်းကိုပဲ တာဝန် ယူစေတော့တာ ဖြစ်ပါတယ်။

ဒီလိုထုတ်ပြန်ချက်အရ သမ္မတရုံးမှာ အရင်က ဝန်ကြီးနှစ်ဦးပဲ ရှိနေရာကနေ လေးဦးအထိ တိုးချဲ့ ခန့်အပ်လာတာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရ အကြီးအကဲ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်း လဲရေး အစီအစဉ်ကို လိုလားသူတွေနဲ့ ဆန့် ကျင်သူတွေကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ အစိုးရအဖွဲ့ဝင်တွေ အပြောင်းအရွှေ့စာရင်း ထွက်ပေါ်လာတာပါ။ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေးကတော့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေ အားကောင်းစေဖို့ ရည်ရွယ်ဆောင်ရွက်တာလို့ အခုလို ပြောပါတယ်။

“တချို့ဟာတွေ သမ္မတကြီး- သူ လက်တွေ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ ဘယ်ထောင့်ကိုပိုပြီး ဘယ်လို လုပ်ရမလဲ၊ ဥပမာ ပေါင်းသင့်တာပေါင်း၊ အဲဒါမျိုးတွေ သူ လုပ်ပါလိမ့်မယ်။ ဒါကတော့ သမ္မတ ရဲ့ လုပ်ပိုင်ခွင့် မူဝါဒရယ်။ နောက် တချို့ဟာတွေက Constitution မှာ မပါဘူးဗျ။ ဝန်ကြီး ဌာနလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဝန်ကြီးအဆင့် ပေးပြီးတော့ လုပ်ရမယ့်ဟာတွေ ရှိတယ်။ အခုနောက်ပိုင်း economic reform ပေါ့နော်။ အဲဒီမှာ လုပ်ရမယ့်ဟာတွေက တချို့အဖွဲ့အစည်းတွေက ဝန်ကြီး အဆင့် ပေးရမယ့်ဟာတွေ ရှိတယ်။ အဲဒါတွေအတွက် သီးခြား ကိုင်တွယ်ပါလိမ့်မယ်။ ဒါက ပထမ စပြီးတော့ လျာလိုက်တာပါ။ ပြီးရင် လာအံံုံးမှာပါ။ အဲဒီအခါကျရင် ပိုပြီးတော့ ရှင်းသွားမှာပါ။”

သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး ဖြစ်ပါတယ်။ ဒုဝန်ကြီး (၁၅) ဦးနေရာတွေ စာရင်း မှာတော့ ပြည်ထဲရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု၊ ဘဏ္ဍာရေးနဲ့ အခွန်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော၊ ကျန်းမာရေး ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းစတဲ့ ဝန်ကြီးဌာနတွေ ပါဝင်ကြပါတယ်ရှင်။
XS
SM
MD
LG