သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NGOs တွေအတွက် ဥပဒေမူကြမ်း ကမ္ဘောဒီးယားလွှတ်တော် အတည်ပြု


ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ အငြင်းပွားစရာ NGOs ဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒပြသူတွေကို တားဆီးနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဇူလိုင် ၁၃၊ ၂၀၁၅)
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ အငြင်းပွားစရာ NGOs ဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ဆန္ဒပြသူတွေကို တားဆီးနေတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဇူလိုင် ၁၃၊ ၂၀၁၅)

Cambodia နိုင်ငံမှာ အငြင်းပွားဖွယ် ဥပဒေမူကြမ်းတခုကို အမျိုးသားလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ ဒီဥပဒေမူကြမ်းဟာ အစိုးရကို စိန်ခေါ်တဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကို အာဏာပိုင်တွေအနေနဲ့ နှိပ်ကွက်နိုင်တဲ့ အခွင့်အာဏာ အပြည့်အဝ ရသွားစေမယ်လို့ ဝေဖန်သူတွေက ပြောနေပါတယ်။

ဒီကိစ္စကို ကန့်ကွက်ဆန္ဒပြကြသူ ရာဂဏန်းကို တားထားဖို့ အဓိကရုဏ်းထိန်း ရဲတွေ အောက်လွှတ်တော် ပတ်ပတ်လည်မှာ အရံအတားတွေ ချထားပါတယ်။ အတိုက်အခံအမတ်တွေကတော့ ဒီလွှတ်တော်မဲခွဲမှုကို သပိတ်မှောက်ပြီး လုံးဝမပါဝင်ခဲ့ပါဘူး။

Cambodia နိုင်ငံရဲ့ အသင်းအပင်းနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများဆိုင်ရာဥပဒေက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းမှန်သမျှကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ အစိုးရက ရှုမြင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို လုံးဝနှိမ်နင်းနိုင်ဖို့ အစိုးရကို အခွင့်ပေးထားတာပါ။

ဒီဥပဒေမူကြမ်းရဲ့ အချောသတ်ကို အများပြည်သူကို မထုတ်ပြန်သေးလို့ ဒါကိုလည်း ဝေဖန်နေကြပါတယ်။ ဒါပေမယ့် ဥပဒေပြုအမတ်တွေရထားတဲ့ မူကြမ်း မိတ္တူအရတော့ ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ အစိုးရဆီမှာ မှတ်ပုံတင်ရမယ်၊ အဖွဲ့အစည်းတိုင်း နိုင်ငံရေးကင်းရှင်းရမယ်လို့ ပြောထားပါတယ်။

မှတ်ပုံတင်တဲ့အဖွဲ့တွေကိုလည်း အစိုးရက ထင်သလို မှတ်ပုံတင်ခွင့် မပြုတာလုပ်လို့ ရသလို နိုင်ငံတော်လုံခြုံရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အဖွဲ့ကို အချိန်မရွေး ဖျက်သိမ်းလို့လည်း ရပါတယ်။ ဒီဥပဒေဟာ Cambodia နိုင်ငံမှာ လူမှုလွတ်လပ်ရေးကို ထပ်ပြီးကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ ဖန်တီးထားတယ်လို့ ဝေဖန်ခံရတဲ့ ဥပဒေ ၄ ရပ်မှာ ပထမဆုံး ဥပဒေဖြစ်ပါတယ်ရှင်။

XS
SM
MD
LG