သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော် အမတ် အဖြစ်က ပယ်ဖျက်ခံရ


ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် Sam Rainsy ဟာ ဒီကနေ့ လွှတ်တော် အမတ်နေရာကနေ ဖယ်ရှားခံရပြီး လွှတ်တော်အမတ် တယောက်အဖြစ် တရားရံုံးကနေ အကာအကွယ်ရနေတဲ့ အခြေအနေလည်း ဆုံးရှုံးသွားတာကြောင့် သူ့အပေါ် စွပ်စွဲခံထားရတဲ့ အသရေဖျက်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရနိုင်မယ့် အခြေအနေ ရောက်သွားပါတယ်။ ဒီအမှုဟာ နိုင်ငံရေး ပယောဂတွေကြောင့် ဖြစ်တယ်လို့ အတိုက်အခံတွေကတော့ ပြောဆိုထားပါတယ်။

တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ Rainsy က - ဒီကနေ့ ညနေခင်း ကမ္ဘောဒီးယားကို ပြန်ဖို့စီစဉ်ထားတဲ့အတိုင်း ပြန်ဖြစ်မှာမဟုတ်ပေမဲ့ လာမယ့် ရက်အနည်းငယ်တွင်း ပြန်ဖို့စီစဉ်ထားတယ်လို့ သူ့ရဲ့ facebook လူမှုကွန်ရက် စာမျက်နှာမှာ ပြောထားပါတယ်။

အကြမ်းဖက်မှုတွေ မဖြစ်အောင် ရှောင်ရှားတဲ့သဘောနဲ့ သူ့ခရီးစဉ်ကို ရွှေ့ဆိုင်းရ တာဖြစ်တယ်လို့ Sam Rainsy ပါတီက တာဝန်ရှိသူတွေက ပြောပါတယ်။ အတိုက်အခံ ရှေ့နေတဦးဖြစ်တဲ့ Eng Chhay Eang က မစ္စတာ Rainsy ဟာ ဖမ်းဆီး ထိန်းသိမ်းခံရမှာစိုးလို့ ပြန် မလာတာမဟုတ်ဘဲ သူ့ကိုထောက်ခံသူတွေနဲ့ အာဏာပိုင်တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်မှာကို စိုးရိမ်တဲ့အတွက် မလာသေးတာဖြစ်တဲ့အကြောင်း ပြောပါတယ်။

Rainsy ကို ဖမ်းဆီးထိန်းသိမ်းနိုင်ဖွယ် ရှိနေတဲ့ အခြေအနေက နိုင်ငံရေးအခြေအနေ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ ကမ္ဘောဒီးယားမှာ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတာပါ။ အတိုက်အခံ ထောက်ခံသူတွေအပေါ် အာဏာပိုင်တွေက နှိမ်နင်းမှုတွေ ရှိခဲ့ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်မှုတွေ အတော်များများ ရှိခဲ့တာလည်း ဖြစ်ပါတယ်။

မစ္စတာ Rainsy ဟာ မကြာသေးခင်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် ကျင်းပနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား အနေနဲ့ အတုယူသင့်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မကြာခင်မှာပဲ ခုလို အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

XS
SM
MD
LG