သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မဲဆွယ်မှု မလုပ်ဟု မဘသ အဖွဲ့ ငြင်းဆို


ရွေးကောက်ပွဲ မဲဆွယ်မှု မလုပ်ဟု မဘသ အဖွဲ့ ငြင်းဆို။
ရွေးကောက်ပွဲ မဲဆွယ်မှု မလုပ်ဟု မဘသ အဖွဲ့ ငြင်းဆို။

သမ္မတဦးသိန်းစိန် လက်ထက် မျိုးစောင့်ဥပဒေ ပြဌာန်းနိုင်မှုအတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) အနေနဲ့ တစ်နိုင်ငံလုံးမှာ မျိုးစောင့် ဥပဒေအောင်ပွဲတွေ ကျင်းပနေပေမယ့်လည်း ၂၀၁၅ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ လှုံ့ဆော်ချက်တွေကတော့ မဘသ (ဗဟို)ရဲ့ မူဝါဒ မဟုတ်ဘူး လို့ မဘသအဖွဲ့က ငြင်းဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က တင်ပြထားပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)ရဲ့ မူဝါဒထဲမှာ ဘယ်ပါတီ အဖွဲ့အစည်းကို မဲပေးရမယ် ဆိုတဲ့ လှုံ့ဆော်မှုမျိုးမရှိဘဲ လက်ရှိ မဘသ အဖွဲ့ဝင်တွေအနေနဲ့ လွှတ်တော်ထဲမှာ မျိုးစောင့်ဥပဒေတွေ ကိုထောက်ခံ တဲ့ ပြည်ခိုင်ဖြိုး ပါတီ ကိုသာ မဲထည့်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမထည့်ဖို့ လက်ကမ်းစာစောင် ဖြန့် ဝေနေတာတွေဟာမဘသ အဖွဲ့ဝင် တစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်အရ လုပ်ဆောင်ချက်သာဖြစ်တယ်လို့ မဘသ ဗဟိုအလုပ်အမှုဆောင် ဦးပါမောက္ခက အခုလို ပြောပါတယ်။

“NLD ကို မဲမထည့်ဖို့ ကြံခိုင်ရေးကို မဲထည့်ပါဆိုတာ မဘသရဲ့ မူဝါဒမဟုတ်ဘူး။ ဘုန်းကြီးတို့ရဲ့ မူဝါဒထဲမှာတော့ ဘယ်ပါတီရဲ့ လက်ကိုင်တုတ်မှ မဟုတ်ဘူး။ ဒါပေမယ့် တချို့သော သယံတွေ ကတော့ ရှိကောင်းရှိချင်လည်းရှိမယ်။ ဒါကတော့ မဘသရဲ့ မူဝါဒ မဟုတ်ဘူးလို့ပြောချင်ပါတယ်။”

မဘသ အနေနဲ့ မြို့နယ် အချို့မှာ လုပ်ဆောင်နေတဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ချက်တွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင် ဦးသာဝင်းက ပြောပါတယ်။

“မဘသအဖွဲ့ကလာတယ်။လာပြီးတော့ သူတို့က ကား ၁၀ စီးလောက်ရှိတယ်။ သူတို့က မြို့ထဲကို လှည့်ချင်တာပေါ့နော်။ လှည့်ချင်တဲ့အခါကျတော့ သူတို့က ဆိုင်ထဲမှာဝင်နားပြီးတော့ သူတို့က ဆိုင်ထဲမှာ ရှိတဲ့ လူတွေကို ပန်းဖလက်တွေ ဝေတယ်။ ပန်းဖလက်တွေဝေပြီးတော့ သူတို့က မေးတယ်ပေါ့နော်။ သူတို့ ဒီလို့ လှည့်လို့ရှိရင် ဒီ ကျောက်ပတောင်းမြို့ပေါ်မှာ မဘသ ထောက်ခံတဲ့သူတွေ များရှိလားလို့မေးတာ။ သူတို့လှည့်ရင်ကော ဘယ်လိုဖြစ်လောက်လဲ လို့ မေးတာ။ မေးတဲ့အခါမှာ ပန်းဖလက်ရတဲ့သူတွေက သူတို့အရှေ့မှာ ပန်းဖလက်တွေကို ဖြဲလိုက်တယ်။ ဒီလိုမျိုး ခဏလို NLD ကိုမဲမပေးဖို့တွေမလုပ်တော့ပဲနဲ့ ညောင်ဦးကို သူတို့ ဒီအတိုင်းလေးထွက်သွားတယ်။ သူတို့က ဘာသာရေးကို ခုတုန်းလုပ်ပြီးတော့ နိုင်ငံရေးလှည့်ကွက်တခုလုပ်တယ်လို့ ကျနော်ယူဆတယ်။ ဒီအစိုးရကလည်း သူတို့နဲ့ ပက်သက်ပြီးတော့ အရေးတယူလုပ်ပေးထားတယ်ဆိုတာကလည်း ကျနော့်အနေနဲ့တော့ ဒါ နိုင်ငံရေးလှည့်ကွက်တခုပဲ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို မဲမပေးဖို့ မဘသက ဖြန့်ဝေနေတဲ့ လှုံ့ဆော်ချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားပေမယ့်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့ NLD ဗဟိုအလုပ်အမှုဆောင်တွေက စက်တင်ဘာ ၂၁ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

အခုလို ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်တဲ့ ကိစ္စတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတာမို့ ဥပဒေနဲ့ အညီဆောင်ရွက်သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော် ကျောက်ပတောင်းရယ်လို့တော့ မသိပါဘူး။ ကျနော်တို့ အဲဒီလိုဟာတွေ ကြားနေပါတယ်။ သတင်းလည်း စုဆောင်းနေပါတယ်။ ဒါတွေအားလုံးက ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တဲ့လုပ်ရပ်အဖြစ်ကို UEC ကို တင်ပြမှာပါ။ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တဲ့ အတွက် ပြည်သူ လူထုရော အစိုးရရော ဒီကိစ္စကို ဆန့်ကျင်သင့်တယ်လို့ ထင်ပါတယ်။ NLD ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးထက်ကို ၂၀၁၅ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို သရော်လှောင်ပြောင်သလို ဖြစ်နေတယ်လို့ ကျနော် အဲလိုပဲ ပြောချင်ပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရေး မလုပ်ရဘူးလို့ ပြဌာန်း ထား တာကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနှိုင်းပြီး အရေးယူဆောင်ရွက်သင့်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမယ့် စိုင်းရဲကျော်စွာမြင့်က ပြောပြပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကြား ဝင်ရောက်ဖြန်ဖြေတာတွေ အချိန်မီမလုပ်ရင် ရွေးကောက်ပွဲအကြိုကာလ မငြိမ်မသက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

“အခုလိုမျိုးကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခင် မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရယ် သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးဌာနတို့ပေါ့နော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်ခဲ့ပေ မယ့်လည်း တာဝန်ခံ ဖြေကြားမယ့်သူမရှိပါတယ်။

လာမယ့် နိုဝင်ဘာမှာ ကျင်းပမဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်နေချိန်မှာ ဘာသာရေးကို နည်းလမ်းတခု အနေနဲ့သုံးပြီး သွေးခွဲမှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ချေကို စိုးရိမ်ပူပန်တဲ့အကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး အပါအဝင် အနောက်နိုင်ငံ သံရုံး ၉ ရုံးကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ပူးတွဲထုတ်ပြန်ခဲ့ တာကို နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မခံဘဲပယ်ချခဲ့ပါတယ်။

XS
SM
MD
LG